ကဗျာ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) မြို့လွိုင်လင်ကို….. သက်သေတည်

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) မြို့လွိုင်လင်ကို….. သက်သေတည်
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၅

ရှမ်းရိုးမ တောင်တန်းပေါ်ကနေ   မနှေး မမြန် စုန်ဆင်း လာတဲ့ ကားတစီးထဲက
ရုတ်တရက် သီချင်း တပုဒ် ကြားလိုက်တော့    ကားမောင်းနေတဲ့ဦးထွန်းသိန်းကြီးက
ဖြတ်ကနဲ လှည့်ကြည့်လိုက်တာကို    အပြုံး တခုနဲ့ဘဲ  ပြန်တုံ့ ပြန်လိုက်ပါတယ်……၊၊

“ …….+ + + ဧရာဝတီ မြစ်ကြီးတခုထဲကို   မှီခီုကာလေ…လုပ်စားကြတဲ့ဘဝ………
အညာနဲ့ အကြေ နဲ့မခွဲနဲ့……အတူတူပါ…
မြေပြန့်  တောင်ပေါ် အစွဲမကြီးနဲ့…..ညီအကိုပါ…..+ + + …”
ဗိုလ်ထီးရဲ့ သီချင်း ကိုမှ  တရှိုက်မက်မက်  စွဲလန်း ခံစားတတ်တဲ့…….
တခါတခါ  ကွယ်ရာတနေရာမှာ     တမ်းတမ်းတတ ဆိုညည်းတတ်တဲ့….
မေတ္တာခြုံလွှာ နာရေး လူမူအသင်းက  ကိုသိန်းထွန်းကြီး က ကျေ နပ်ပီတိ အပြုံး နဲ့
“ ကိုယ့်   ညီကတော့  လုပ်ပြီ ကွာ…” တဲ့လေ…..၊
အော်  တွဲလာခဲ့တာလဲ  ရက်တွေလ များ  နှစ်ကြာရှည်ခဲ့တော့လဲ
တယောက် အကြောင်း တယောက်  အတွင်းသိ  အစင်းသိ……..
ရည်ရွှယ်တဲ့စုံမှတ်တခု အရောက်    မရပ်မနား  ဂရုတစိုက် မောင်း နေတဲ့သူတယောက်ကို
တခဏတာလေး ကြည်နူးခံစားစေချင်မိတဲ့ ဆန္ဒနဲ့ ဖွင့် လိုက်မိတဲ့  သီချင်း လေးကိုက
တကယ့်  အဖြစ်နဲ့  တိုက်ဆိုင်နေတာကိုတော့….
ကံကြမ္မာကိုဘဲ ရိုးဖွဲ့  ကျေးဇူး တင်ရတော့မယ်ထင်……….၊၊

ဖွင့် ထားတဲ့သီချင်းစာသားလေးနဲ့ ထပ်တူ
တောင်ပေါ် မြေ ပြန့်  မခွဲ ခြားဘဲ     လူမျိုးဒေသ အစွဲမကြီးဘဲ
အရေးတကြီး  အစာရေစာပြတ်လပ် အကူအညီလိုအပ်နေတဲ့ သူတွေဆီ
အပြေးအလွှား  အမောတကော  သွားနေတဲ့အဖြစ်ရဲ့   အစက
ဇူလိုင်လကုန်နေ့ တနေ့က   စခဲ့တဲ့ဇာတ်လမ်း လေး တပုဒ်ပါဘဲ…….၊၊

အစပထမနိဒါန်းလေးက    ဖြစ်ရိုး ဖြစ်စဉ်   ရာသီအချိန် အခါ အလိုက်ပါဘဲရယ်လို့ 
ဖော့ ဖော့ တွေး     ပေါ့ ပေါ့ သဘောထားနေရာကနေ
အချိန်နဲ့အမျှ  တက်တက်လာတဲ့  သတင်း အဖြတ်အစအနတွေ…ဓါတ်ပုံတွေက
အတိတ်တလန့်     မမြင်ဝံ့  မကြည့် ရက်နိုင်တော့…
ပကတိမျက်မြင် အခြေအနေတွေကို    လက်မခံရင် မဖြစ်တော့တဲ့ အခြေအနေဆိုးကြီး
ဖြစ်စေခဲ့တဲ့ အခြေခံ အကြောင်း တရားတွေကိုတော့
မသုံးသပ်ချင် တော့  …မဆန်းစစ်ချင်တော့………၊
အချိန်ကာလ အတော်ကြာကြာ   ကောလဟာလ ကြားက နှစ်မြှပ်နေရတဲ့သူတွေ အဖို့ 
ဒါဟာ   ကောလဟာလ မဟုတ်  …အီမ်မက်တခု မဟုတ်ဘူးရယ်လို့ 
လက်ခံ လာတာနဲ့တပြိုင်နက်      သူသူဌာဌာ ကိုယ်စီ   ရင်ထဲ  အသဲနှလုံးထဲ
အမြစ်တွယ်နေတဲ့ မသိစိတ်ကလေးက   လူးလွန့် ထကြွ  နိုးကြား လာခဲ့တယ်……
“ ဒါဟာ   မြန်မာပြည်  ……… …သူတို့ တွေက   မြန်မာပြည်သား………..
ဒါဟာ တို့ ပြည်သူသားချင်း………သူတို့ တွေက တို့ သွေးချင်း ညီအကိုတွေ…….”၊၊

“ တခုခု လုပ်ရတော့မယ်…..လုပ်ကို လုပ်ရမယ်…ဆိုတဲ့ အတွေးတွေ….
ဘာလုပ်ရင်    ကောင်း မလဲ ?  …..ဘယ်လို စလုပ်ရမလဲ ?…..ဘယ်သူစလုပ်မလဲ ?..”
ဆိုတဲ့ အမေးတွေ  မေးရင်း  မေးရင်း….အချိန်ကြာလာတာနဲ့
ကိုယ့် လိပ်ပြာကို ကိုယ်    မလုံတော့………..
အားမလို အားမရနဲ့  မချင့် မရဲ  လွိုင်လင်လွမ်းသူများ အသင်း စာမျက်နှာပေါ်
တီးတိုး  တီးတိုး တိုင်ပင်ရင်းနဲ့   ဇုလိုင်လကုန်    မှတ်မှတ်ရရ  ၃၁ ၇က်နေ့မှာတော့
ပြတ်ပြတ် သားသား ရဲ ရဲ ဝံ့ ဝံ့  ဆုံးဖြတ်ချက်တခု ချပြ အသိပေးလိုက်ခဲ့တာက
ဒီင်္ခရီးစဉ်ရဲ့   တိုက်ပွဲ အစ ပေါ့  ဗျာ………..၊

“လွိုင်လင်မြို့ နေ  ပြည်သူတွေကလဲ     ရေဘေးသင့်  တပြည်ထဲနေ သွေးချင်း တို့ ကို
နိုင်သလောက်  ဖေးမကူညီကြမယ်..” ဆိုတဲ့သတင်း စကား  တောမီးသဖွယ်ပြန့် သွားတဲ့နောက်
အစုံစုံသော လူမူ အသင်း အဖွဲ့ တွေ   ဘာသာမတူ လူမျိုး ကွဲ အသင်း အဖွဲ့ တွေက
အပြေး အလွှား   တက်တက်ကြွကြွ  လာဝိုင်းရံကြတော့မှ…မရဲတရဲစိတ်နဲ့ဖြစ်မှ ဖြစ်ပါ့ မလား..
စိုးရီမ် အားငယ်စိတ်တွေ   နေလာ နှင်း ပျောက်  သလို  လွင့် စဉ် ပပျောက်သွားခဲ့တာတော့
တအံ့တသြမဖြစ်ခဲ့………နေခြည် အသစ် …ရည်ရွှယ်ပန်းတိုင်အသစ် နဲ့ထပ်တူ
စိတ်သစ် ကိုယ်သစ်  အားမာန် အသစ်နဲ့  တမြို့ လုံး  လှုပ်လှုပ်ရွှရွှ…..
ဈေးထဲ ၊ ကျောင်း ထဲ ၊ ရုံးထဲ ၊  အရပ်ထဲ   နေရာပေါင်းစုံ က ချီးကြူး အားပေးကြ
အားတက်သရော လာအကူအညီပေးခဲ့တာတွေ    မယုံကြည် နိုင်လောက်အောင်
များပြားခဲ့လို့   အိမ်မက်ရယ်လားလို့  တယောက်နဲ့တယောက်  လက်တို့ ပြီးမေးနေရတဲ့
အဖြစ်က   မြို့ လွိုင်လင် သမိုင်းမှာ   ချန်လှပ်  ဖျောက်ဖျက်လို့  မရနိုင်တော့……..၊၊

ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလဲ..နှုတ်၏စောင်မခြင်း ကိုယ်၏စောင့် ရှောက်ခြင်းတွေနဲ့အတူ
လူမူအသင်း အဖွဲ့ တွေကလဲ    တပြေးညီ  တစိတ်ထဲ တဝမ်းထဲ……..၊
အနောက်က အရိပ်လို  လိုက်ပါမြဲ အရပ်သူ/ သားတွေကလဲ   စေတနာရေစီးကမ်းပြို…
လက်ခံခဲ့သမျှ    ကယ်ဆယ်ရေးပစ္စည်း အစုံစုံကို ထုပ်ပိုး  ပြင်ဆင် ချုပ်လုပ်
အစီအစဉ်အတိုင်း တက်တက်ကြွကြွပါဝင်လုပ်အားပေနေတဲ့လူငယ်တွေက မနည်းမနှော…..
မြို့ တမြို့ လုံးသာမက   ပတ်ဝန်းကျင်က  ပင်လုံ ..လဲချားမြို့ တွေကလဲ
အလျှူငွေ ကောက်ခံပေး  လိုအပ်တဲ့အသုံး အဆောင်တွေ လှမ်းပို့ ပေးတာကို
လက်မလည်လက်ခံနေရတဲ့ကြားက     အဝေးရောက် လွိုင်လင်သားတွေကလဲ
ထိုင်မနေ  ငေးမောမနေနိုင်   ကိုယ့် ချွေးနဲစာထဲကနေ  သူ့ထက်ငါ ဦးအောင်
အပြေးအလွှား   အလျှူငွေ လွဲပေးကြ…  အားပေးစကား ဆိုကြနဲ့
သတ်မှတ်ရက်သတ္တပတ်လုံး နေ့မအား ညမအား ၊မိုးလင်းမိုးချုပ်၊ လူနဲ့စိတ် မကပ်ချင်တော့..
သြော်   သူတို့ တတွေက   မြန်မာပြည်ကို ချစ်တယ်…လွိုင်လင်ကိုလဲ ချစ်တယ်လေ……၊၊

အရာရာအားလုံး အတွက်    မမျှော်လင့် တဲ့ မဖြစ်နိုင်တဲ့အရာတွေ အားလုံး
ကံကြမ္မာ အလှည့်ပေး  မျက်နှာသာပေးလာမှတော့  ရှေ့ ကို တက်ရပြီပေါ့ လေ…..
သတ်မှတ်ရက် (ဒီဒေး )နေ့   မနက် ၆နာရီကျော် ကျော်…..
စုရပ်ကနေ မထွက်ခင် အချိန်ကလေး…ရင်ခုန်သံတွေက  ထိမ်းမရ သိမ်းမရ  တဒိန်းဒိန်း..
နှလုံးသားထဲက လှည့်ပတ်နေတဲ့သွေးကြောလေးတွေက   စည်းချက်မမှန် တဖျပ်ဖျပ်…
နံဘေးက အားပေး နှိမ့် သိမ့် နေသူစကား တွေကို ကြားတချက် မကြားတချက် ……
ဆို့တက်လာတဲ့ ဝေဒနာဆိုးတခုကို  တယောက်ထဲ ကြိတ်မှိတ်ခံစားနေရင်း….
ရုတ်တရက်  ကားစက်နိုးသံ ကြားမိလိုက်တဲ့အချိန်
ခန္တာကိုယ်တခုလုံး   ဆပ်ကနဲ တုန်ခါ သွားခဲ့တဲ့အဖြစ်ကို  သတိထားမိသူကတော့
ချစ်ရလွန်းတဲ့  အမြဲ အရိပ်တကြည့်ကြည့် နဲ့ စောင့်ရှောက်နေတဲ့
မွေးမေမေ ကျေးဇူးရှင်တယောက်ပါဘဲ…….၊၊
အသာအယာ  အလိုက်တသိ ကမ်းပေးနေတဲ့ မျက်နှာသုတ်ပုဝါကို
လက်ခံဖို့  ငြင်းဆန်ရင်း နဲ့……………….

“ ကျနော့်  ထက် ပိုပြီး ဒုက္ခရောက်နေသူရဲ့ လက်ကို  သွားချိတ်ဆက်မဲ့ 
ကျနော့် ကို  လွတ်လွတ်လပ်လပ် ငိုကြွေးခွင့်   ပေးပါလား..မေမေရယ်……”

မောင်မောင်လတ် ( ရွှေအင်း လေး စာပေ )

(စာကြွင်း -၁) — ကားမတော်တဆ ထိခိုက်မှု နဲ့ ကိုယ်ကိုယ်တိုင်  မသန်မစွမ်း
ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေသွားလာနေရတဲ့
လွိုင်လင် မေတ္တာခြုံလွှာနာရေးလူမူအသင်းက  Sai BeeBee ရဲ့ 
ရေဘေးသင့် ပြည်သူတွေအပေါ် သွားကူညီပေးနေတဲ့ခ၇ီးစဉ်
မှတ်တမ်းဓါတ်ပုံတွေကို  ကြည့်ရင်း..သူ့ ရင်တွင်းဖြစ်ခံစားချက်ကို
တို့ ထိထားခြင်း ဖြစ်ပါသည်..၊၊

( စာကြွင်း- ၂)–ဒီခရီးစဉ် တခုလုံး အတွက်  အဖက်ဖက်ကနေ ဝိုင်းဝန်းပံပိုးပေးခဲ့သော
ရပ်မိရပ်ဖများ…သက်ဆိုင်ရာဌာန တာဝန်ရှိသူများ..အကြံညဏ်.လုပ်အား
စတာတွေကို  မငြီးမညူ တက်တက်ကြွကြွ ပါဝင် လုပ်အားပေးခဲ့သော
ချစ်တဲ့လွိုင်လင်မြို့ သူ / သား အားလုံးကို  ဤ ဆောင်းပါးဖြင့် 
ဂုဏ်ပြု မှတ်တမ်း တင်လိုက်ပါသည်.၊၊

( စာကြွင်း-၃)– ဆရာကြီး ဒေါက်တာစိုင်းခမ်းလိတ်ရဲ့  သီချင်း စာသားတချို့ ကို
ခွင့် မတောင်း ဖြစ်ဘဲ  ယူသုံးစွဲခဲ့ခြင်း အပေါ်  လေးစားစွာ
တောင်းပန်အပ်ပါသည်ခင်ဗျား..၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts