သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ဖဲကြိုးဝါ နှင့် ဖဲကြိုးနက်

 

မောင်မောင်စိုး – ဖဲကြိုးဝါ နှင့် ဖဲကြိုးနက်

(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၅

ဖဲကြိုးဝါ Yellow ribbon

လွန်ခဲ့သော အနှစ် ၄၀ ကျော်က နံမည်ကြီးသီချင်းတပုဒ် ရှိသည်။ Tie a yellow ribbon round the old oak tree ဟု ခေါ်ပါသည်။ ဝက်သစ်ချပင်အိုကြီးမှာ ဖဲကြိုးဝါလေးတပင် ချည်နှောင်ထားပေးပါ ဟုအဓိပ္ပါယ်ရပါသည်။ သီဆိုသူက Dawn ဟု ထင်ပါသည်။ မြန်မာလို copy ကိုတော့ မင်းမင်းလတ်က ယုဇနပင်နှင့်ဖဲကြိုးဝါ ဟုပြန်ဆိုဘူးပါသည်။

ဒီသီချင်းမှာ ဇတ်လမ်းလေးတခုရှိသည်။ တခါက ခရီးဝေး bus ကားကြီးတခုပေါ်မှာပါ။ လိုက်ပါလာသူအများစုက လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားအများစု ပါပါသည်။ ခရီးထွက် လာတဲ့ ကျောင်းသားတွေဟာ ပျော်ပျော်ပါးပါးနှင့် တကားလုံး ဆူညံနေကြပါသည်။ ထိုသို့ ပျော်ရွှင်မြူးတူးနေကြစဉ် ကျောင်းသားတဦးသည် ကားပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ခေါင်းငိုက်စိုက်ကျနေသော ခရီးသည်တဦးကို သတိထားမိသွားပါသည်။ ထိုကျောင်းသားငယ်က မေးမြန်းကြည့်သောအခါ ထိုခရီးသည်က သူဟာ အချိန်များစွာအကျဉ်းကျရာက ပြန်လာသူ တဦးဖြစ်ကြောင်း သူယခုအိမ်အပြန်မှာ သူရဲ့မိန်းကလေးထံသို့ သူကိုပြန်လည် လက်ခံရင် အိမ်ရှေ့က ဝက်သစ်ချပင်အိုမှာ ဖဲကြိုးဝါလေးတပင် ဖဲကြိုးဝါတပင် ချည်နှောင်ထားပေးဖို့ စာရေးသားထားကြောင်း ယခု အိမ်ရောက်ခါနီးမှာ သူမအနေနှင့် သူကိုလက်ခံကြိုဆိုသော ဖဲကြိုးဝါလေး ချည်နှေင်ထားပါ့မလားဟု စိတ်ပူပန်နေကြောင်း ကြည့်ရန်ပင် မဝံ့ရဲကြောင်း ဆိုခဲ့ပါသည်။

ထိုအကြောင်း ကားပေါ်ပါသူအားလုံးသိပြီးတော့ တကားလုံး တိတ်ဆိတ်သွားပါသည်။ ဝက်သစ်ချပင်အိုမှာ ဖဲကြိုးဝါလေး ချည်နှေင်ထားမထား အားလုံးစိတ်ဝင်စားစွာ ရှေ့ကိုမျှော်ကြည့် လာခဲ့ကြပါသည်။ ဝက်သစ်ချပင်နားရောက်တော့ တပင်လုံးဖဲကြိုးဝါတွေချည်နှောင်ထားပြီး ကြိုဆိုထားသောကြောင့် တကားလုံး ဝမ်းသာပျော်မြူးကြပါတော့သည်။

ယမန်နေ့ 10/8/2015 မှာ လက်ပတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရသည်မှာ ၅ လတင်းတင်းပြည့်ပါသည်။ယနေ့ 11/8/2015 မှာတော့ သာယာဝတီးတရားရုံးမှာ အဖမ်းဆီးခံ ကျောင်းသားများ၏ ၁၂ ကြိမ်မြောက်ရုံးချိန်းရှိသည်။ ရန်ကုန် မြင်းခြံတို့တွင်လည်း အဖမ်းဆီးခံကျောင်းသားများ ရှိနေသေးသည်။ တစ်ရာကျော်အဖမ်းခံရသည့်အထဲမှ စာမေးပွဲဖြေဖို့ ပြန်လွှတ်သူ အာမခံရသူ နှုတ်လျင် သာယာဝတီထောင်တွင် ကျောင်းသား ၅၄ ဦးကျန်နေသေးသည်။ အလားတူ မြင်းခြံထောင် အင်းစိန်ထောင်တို့တွင်လည်း အဖမ်းခံကျောင်းသားများနှင့် ဝိုင်းရံပြည်သူများ ရှိနေသေးသည်။

သူတို့သည် မြန်မာ့သယံဇာတများ ခိုးထုတ်သူများ မဟုတ်ကြပါ။ သူတို့သည် ရာဇဝတ်သားများမဟုတ်ကြပါ။သူတို့သည် ဒီမိုကရေစီပညာရေးအတွက် ကီလိုမိုင် ၆၅၀ ကျော်လမ်းလျောက်၍ သူတို့၏ ဆန္ဒကို ဖေါ်ပြသပိတ်မှောက်သူများသာဖြစ်သည်။

အဘယ်ကြောင့် သူတို့ကိုပြန်မလွှတ်ပါသနည်း။

၂၀၁၅ သြဂုတ်လ ၈ ရက်နေ့ကကျင်းပသော ၈၈၈၈ အရေးတော်ပုံ ၂၇ နှစ်မြောက်နေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများက အဖမ်းဆီးခံနေရသော ကျောင်းသားအားလုံး ၂၀၁၅ ရွေးကောက်ပွဲ မတိုက်မှီ အားလုံးပြန်လွှတ်ရန် တောင်းဆိုခဲ့သည်။ ထိုနေ့တွင်ပင် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မြန်မာသံရုံးရှေ့တွင် အင်္ဂလန်နှင့် အက်စတာဒမ်မှ ကျောင်းသားအများစုပါသော ဥရောပကျောင်းသားများက မြန်မာကျောင်းသားတို့၏ ဒီမိုကရေစီပညာရေးတောင်းဆိုမှုများအား ထောက်ခံကြောင်း မြန်မာကျောင်းသားများနှင့် သွေးစည်းညီညွတ်စွာရှိကြောင်း ပြသသည့်အနေနှင့် ဆန္ဒပြကာ အဖမ်းခံကျောင်းသားများ ပြန်လွှတ်ရေးတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလည် မစ္စ ရန်ဟီးလီက သာယာဝတီထောင်တွင် အဖမ်ခံနေရသော ကျောင်းသားများနှင့်ပတ်သက်၍ ” ကျမအမြင်မှာ ဒီလူတွေဟာ စိတ်ကူးပေါက်သလို ထင်တိုင်းကြဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုပြီး ဒီလက်ပတန်းအရေးနဲ့ပတ်သက်ဆက်နွယ်လို့  ထိန်းသိမ်းခံရသူတွေအပေါ် စွဲဆိုထားတဲ့စွဲချက်တွေအားလုံးကိုလည်း ပယ်ဖျက်ပေးဖို့ တိုက်တွန်းပါတယ် ” ဟုပြောဆိုခဲ့ပါတယ်။

ထို့အတူ ပြည်အားလုံးကလည်း အဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ရေး လိုလားကြသည်။သူတို့ပြန်အလွတ်ကို လက်ကမ်း ကြိုဆိုဖို့ အသင့်ုဖြစ်နေသည်။ သူတို့ပြန်အလွတ်ကို ဖဲကြိုးဝါတွေ မြို့လုံးပြည့် တိုင်းလုံးပြည့် ကျောင်းလုံးပြည့် ချည်နှေင်၍ ကြိုဆိုကြမည်သာဖြစ်သည်။

ဖဲကြိုးဝါ၏ သင်္ကေတသည် ကြိုဆိုခြင်း လက်ခံခြင်း လိုလားခြင်းတို့ကို ဖေါ်ပြပါသည်။

ဖဲကြိုးနက် Black ribbon

ကျန်းမာရေးဝန်ကြီးဌာန ဆေးလောက်ထဲကို သာမန်ဘွဲ့ရ DSA ဆင်း စစ်တပ်က မိုးကျရွှေကိုယ်များက လာရောက်အုပ်ချုပ်မည်ဆို၍ ဆေးလောကသားတို့ တခဲနက် ကန့်ကွက်ကြသည်။ အနက်ရောင်ဖဲကြိုးများ ချိတ်ဆွဲ၍ လှုပ်ရှားမှုတခုပြုလုပ်၍ ဆန့်ကျင်ကြသည်။ တကယ်တော့ အရပ်ဖက်ဝန်ကြီးဌာနအားလုံးလိုလို စစ်တပ်က မိုးကျရွှေကိုယ်တွေ ဝင်ရောက်ချုပ်ကိုင်သည်မှာ ကြာမြင့်ပြီ။ အားလုံးက မကြေနပ်ကြသော်လည်း တုန့်ပြန်ဆန့်ကျင်မှုမပြုနိုင်ခဲ့ကြပေ။

ယခုတော့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆရာဝန်ကြီးများမှ အစပြု၍ ဆေးလောကသားများ ဆန့်ကျင်ပြသသည်မှာ ပထမဦးဆုံးဟုဆိုရမည်။ အမှန်တရားအတွက် ခေါင်းငုံ့မခံသူများဖြစ်သည်။

ထိုကြားထဲ စစ်/ဆေး (စစ်ဖက်ဆိုင်ရာဆေးတက္ကသိုလ်) ကဆရာဝန်များကလည်းပါသေးသည်။ စစ်/ဆေးက ဆရာဝန်စစ်ဗိုလ်များကို အရပ်ဖက်ဆရာဝန်များထက် အခွင့်အရေးများစွာ ပိုပေးထားသည်။ အရပ်ဖက်ဆရာဝန်က ဆေးကျောင်းတက်ဖို့ မြင့်မားသောအမှတ်စာရင်းလိုသည်။ စစ်/ဆေး ကမလို။ အရပ်ဖက်ဆရာဝန်က ဘွဲ့ရပြီး အလုပ်ရဖို့ ၂ နှစ် ၃ နှစ်စောင့်ရသည်။ စစ်/ဆေး ဆရာဝန်က တန်း၍ အလုပ်ဝင်ရသည်။ အရပ်ဖက်ဆရာဝန်က လုပ်သက် ၂ နှစ် ၃ နှစ်ရမှ ဆေးပညာ မဟာဘွဲ့လွန် တက်၍ရသည်။ စစ်/ဆေး

ကဆရာဝန်က ဘွဲ့ရပြီးသည့်နှင့်တန်းတက်၍ ရသည်။ အရပ်ဖက်ဆရာဝန်က နိုင်ငံခြားဘွဲ့လွန်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး စာမေးမးပွဲဖြေရသည်။ စစ်ဖက်ဆရာဝန်ဆရာဝန်က တိုက်ရိုက်တန်းပို့သည်။

ဤသို့ပြုမူခြင်းသည် စစ်တပ်၏ လိုအပ်ချက်ကြောင့်ဟုဆိုက မည်သို့မှ မဆိုပါ။ အရပ်ဖက်ဆေးကျောင်းနှင့် စစ်ဆေးဆိုသည်မှာ  ခွဲခြားပြီး၍ ကိုယ်နယ်နှင့်ကိုယ်နေလျင် ဘာမှပြသနာမရှိပါ။ ယခုလို အရပ်ဖက်ဆရာဝန်တွေထက် စစ်/ဆေးကဆရာဝန်တွေ ကပိုတတ်၍ လာလုပ်ရသည် အချိုးဆိုလျင် အရပ်ဖက်ဆရာဝန်များ လက်ခံနိုင်မည်မဟုတ်ချေ။

 ဆေးပညာလောကကို နားမလည်သော ရိုးရိုးဘွဲ့ရ စစ်ဗိုလ်များကို၎င်း အခွင့်များစွာပိုယူထားသော စစ်ဆေးမှ ဆရာဝန်များက အရပ်ဖက်ဆေးလောကကို ချုပ်ကိုင်ဖို့လုပ် လာသည်၎င်း အရပ်ဖက်ဆရာဝန်များနှင့် ဆေးဝန်ထမ်းများ လက်မခံကြောင်းတုန့်ပြန်သည် လှုပ်ရှားမှုသည် မှန်ကန်သော လှုပ်ရှားမှု ဖြစ်သည်။ အရပ်ဖက်ဝန်ထမ်းလောကအတွက် စံနမူနာ ကောင်းလည်းဖြစ်သည်။

အရပ်ဖက်ဝန်ထမ်းများက လက်မခံ မလိုလားကြောင်းပြသနေသည့်အချိန်တွင် အဆိုပါမိုးကျရွှေကိုယ် စစ်ဗိုလ်များ မည်သို့ သော မျက်နှာပေးနှင့်ဆေးလောကထဲ ဝင်ထိုင်ကြမည်နည်း။ ရှက်ဖွယ်သာဖြစ်လိမ့်မည်။

 

ဖဲကြိုးနက်၏ သင်္ကေတသည် မကြိုဆိုခြင်း လက်မခံခြင်း မလိုလားခြင်းကို ဖေါ်ညွှန်းပါသည်။

ဆရာဝန်တွေ လှုပ်ရှားမှုကို ကြည့်ချင်ရင်  – https://www.facebook.com/BlackRibbonMM


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts