ဓာတ်ပုံသတင်း ကျော်ဟုန်း
၂၇ နှစ်မြောက် ၈၈၈၈ အခမ်းအနား ဗန်ကူးဗားဘီစီတွင် ကျင်းပ
၂၇ နှစ်မြောက် ၈၈၈၈ အခမ်းအနား ဗန်ကူးဗားဘီစီတွင် ကျင်းပ
ကျော်ဟုန်း ။  မိုးမခ။ သြဂတ်စ်၊ ၁၁၊ ၂၀၁၅ ။
မြန်မာနိုင်ငံရဲ့ သမိုင်းဝင် လူထုလှုပ်ရှားမှု အရေးတော်ပုံ ရှစ်လေးလုံးနေ့ ဟာ ၈ ၊ ၈၊ ၂၀၁၅ နေ့ မှာ ၂၇ နှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီ။ ထိုနေ့ မှာပဲ ကနေဒါ ဗန်ကူးဗားရောက် ကျောင်းသားတပ်မတော်မှ ရဲဘော်၊ ရဲမေဟောင်းများ၊ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့  ရဟန်း၊ ပြည်သူများကစုပေါင်းပြီး Knight street and 37 Ave မှာတည်ရှိတဲ့ Kensington Community Center မှာ နံနက်  ၁၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ကြပါတယ်။
ပထမဦးစွာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲမေများကို ရည်စူးပြီး  ဗုဒ္ဓရံသီကျောင်းမှ ဦးဃောသက၊ ဦးဥတ္တမတို့ အား နေ့ လယ်ဆွမ်းကပ်ကာ တရားနာ အမျှအတမ်းဝေကြပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်းမူရင်းကို မတ်တပ်ရပ်သီဆိုကာ အရိုအသေပြုဖွင့်လှစ်ခဲ့ပါတယ်။ တဆက်တည်းမှာ သမိုင်းဝင်ခွပ်ဒေါင်းအလံအား အလေးပြုခြင်း၊ ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများကို အလေးပြုခြင်း၊ လွတ်လပ်ရေးနှင့်ဒီမိုကရေစီတိုက်ပွဲများတလျှောက် ကျဆုံးခဲ့ရတဲ့အာဇာနည်သူရဲကောင်းအပေါင်းတို့ အား ဂုဏ်ပြုကာ တမိနစ်ငြိမ်သက် ဂါရဝပြုခြင်းဖြင့် အလေးပြုခြင်း ၃ ရပ်ကို ပြုလုပ်ကြပါတယ်။
ဒိနောက်မှာ  ၈၈ မျိုးဆက်များနှင့် ဒီမိုကရက်တစ်များအင်အားစု(ကနေဒါ)မှ ၂၇ နှစ်မြောက် ရှစ်လေးလုံးလူထုတိုက်ပွဲ နှစ်ပတ်လည်နေ့  သဘောထားထုတ်ပြန်ချက်ကို ရဲဘော် ကိုတင်နွယ်မှဖတ်ကြားပါတယ်။ ဗမာနိုင်ငံလုံးဆုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်မှပေးပို့ သဝဏ်လွှာကို ဧည့်သည်တဦးမှလည်းကောင်း၊ ကနေဒါ – မြန်မာတိုင်းရင်းသားလူမျိုးများအဖွဲ့ ၊ CBENO ကိုစိုင်းအောင် မှ အသင်းဆောင်ရွက်ချက်များ ရှင်းလင်းပြခြင်း၊ သဘောထားကြေညာချက်ကို ဖတ်ကြားပေးခြင်း၊ ကိုဟန်ဆန်မွန်မှ ဖယ်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီရသည်အထိ တိုက်ပွဲဝင်ရေးတို့ ကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
တော်လှန်ရေးကဗျာများကို ဖတ်ကြားရာမှာ ယခု လက်ရှိ ပညာရေးစနစ်ကို တိုက်ပွဲဝင်ရင်း အမှုဆိုင်  အကျဉ်းကျနေကြတဲ့ သာယာဝတီအကျဉ်းထောင်မှ ကျောင်းသားလူငယ်တို့ ပေးပို့ လာတဲ့ကဗျာများကိုဖတ်ကြားဂုဏ်ပြုကြပါတယ်။ ဗကသများ အဖွဲ့ ချုပ်မှ ဟန်နီဦး (ငါတို့ ကျောင်းသား) ၊ မောင်မေတ္တာ(ထောင်ချောက်)၊ မင်းသွေးသစ် ( ၂၇ နှစ်တိုင် ရွာတဲ့မိုး)၊ မောင်ြ မင့်ဟန်(ကျက်သရေမဲ့)၊ သီဟဝင်းတင်(ဒီမိုကရေစီပန်း)၊ အောင်မြင့်ဟန်(မာန် သို့ မဟုတ် အလွမ်း)၊ ရွှေကြယ်မိုး(အမှောင်ထဲက ကြွေးကြော်သံဆန်တဲ့ ကဗျာ)၊  အေးအေးခိုင်( ၈၊ ၈၊ ၈၈ ဥဒါန်း)၊ ကျော်ဟုန်း(အက်စစ်ပြင်းထဲက ရွှေ) စတဲ့ကဗျာများ ကို  ရဲဘော် ကိုထွန်းထွန်း၊ ကိုဌေး အောင်၊ ကိုတင်နွယ်၊ ကိုကျော်ဇေယျ၊ ကျော်ဟုန်း – မိုးမခတို့ မှ ဂုဏ်ပြု ရွတ်ဆိုခဲ့ကြ  ပါ တယ်။
နောက်ပိုင်းအစီအစဉ်မှာတော့ ကျောင်းသားရဲဘော်၊ ရဲမေတို့ ရဲ့ မမေ့ အပ်တဲ့ ၈၈၈၈ ကို ဂုဏ်ပြု သတိရ အမြဲဖြစ်စေဖို့  တော်လှန်တေးများဖြစ်ကြတဲ့ ဘဝတက္ကသိုလ်၊ သွေးမုန်တိုင်း၊ အမှောင်လွှမ်းတဲ့ကမ္ဘာ၊ သမိုင်းရေးတဲ့လက်များ၊ ငြိမ်းချမ်း ရေးတိုက်ပွဲ၊ ဒေါင်းတမန် အစရှိတဲ့တေးများကို စုပေါင်းသီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။  ။
(သာယာဝတီအကျဉ်းထောင်တွင် အမှုရင်ဆိုင်နေဆဲ ဗကသအဖွဲ့ ချုပ်မှ ကျောင်းသားရဲဘော်များ၊ ဝန်ရံပြည်သူများ၏ ကဗျာများကို မိုးမခ ပရိတ်သတ်အတွက် သီးခြား ဖော်ပြပေးပါမည်။)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts