Han Thit Naing သတင်းပဒေသာ

ရှစ်လေးလုံးကာလတွင် ကူညီခဲ့သောစာကူးစက်ကြီးကို ရှစ်လေးလုံးပြတိုက်သို့ ဦးကိုကိုကြီးလှူဒါန်း

ရှစ်လေးလုံးကာလတွင် ကူညီခဲ့သောစာကူးစက်ကြီးကို ရှစ်လေးလုံးပြတိုက်သို့ ဦးကိုကိုကြီးလှူဒါန်း

 ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၁၀ရက်၊ ၂၀၁၅ခုနှစ်

  ၂၇နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်နေ့တွင် ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးတွင် ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)အား သြဂုတ်လ ၈ရက်၊ ၂၀၁၅ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုနေ့တွင် ရှစ်လေးလုံးအရေးခင်းတွင် သက်ရှိတစ်ယောက်လိုကူညီပံ့ပိုးပေးခဲ့သော စာကူစက်ကြီး၏ သမိုင်းအကြောင်းကို ဦးကိုကိုကြီးမှပြောပြပြီး ထိုစာကူးစက်ကြီးကိုလည်း  ရှစ်လေးလုံးပြတိုက်သို့ လှူဒါန်းခဲ့သည်။
           ရှစ်လေးလုံးအရေးအခင်းတွင် ပါဝင်ကူညီခဲ့သော စာကူးစက်ကြီးအကြောင်းကို ဦးကိုကိုကြီး မှ ပြောပြရာ ၁၉၈၈ခုနှစ်  မတ်လ ကျောင်းတွင်းလှုပ်ရှားမှုများတွင် ကျောင်းသားကျောင်းသူများ၏တောင်း ဆိုချက် များကို ပြည်သူများသိစေရန် မိမိတို့၏ဗလာစာအုပ်များမှ စာရွက်များနှင့် ဘောပင်များကို
အသုံးပြုခဲ့ရကြောင်း၊ ဖယောင်းစက္ကူနှင့်နှစ်ပေမီးချောင်းများကိုအသုံးပြု၍လည်း စာရွက်စာတမ်း များထုတ်လုပ်ခဲ့ကြောင်း၊ ထို့နောက် စာကူးစက်တစ်လုံးရရှိသွားသည့်အတွက် သွားလေရာတွင် ဂုန်နီအိတ်နှင့်ထုတ်ကာခက်ခဲစွာအသုံးပြုခဲ့ကြောင်း၊ လူထုကိုနှိုးဆောင်ခဲ့သော ၄င်းစာကူးစက်ကြီးသည် ဗကသအဖွဲ့ချုပ်၏ ကြေညာချက်များ၊ ကမ်းဝေစာဆောင်များ၊ သမဂ္ဂသတင်းစာများ၊ စာရွက်စာတမ်းပေါင်း များစွာကို ရိုက်နှိပ်ထုတ်ဝေပေးခဲ့ခြင်း၊ ၄င်းတို့ထောင်ကျနေစဉ်အတောအတွင်းထိုစာကူးစက်ကြီးကို လုံခြုံသောနေရာများတွင် ကာကွယ်ထိန်းသိမ်းပေး ခဲ့သော ရဲဘောရဲဘက် နှင့် မိဘပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းများ ပြောပြခဲ့သည်။
          ဆက်လက်ပြီး “၈၈တုန်းက ကျနော်တို့မီဒီယာကို ဘယ်လောက်ခဲရာခက်ဆစ်ဆောင်ရွက်ခဲ့ရတယ် ဆိုတာ ဒီစက်ကြီးကိုကြည့်ပြီး ပြန်ပြီးမြင်ယောင်နိုင်ပါတယ်၊ ဒီစက်ကြီးဟာ ကျနော်တို့ရဲ့ တကယ့် ကို သေဖော်သေဘက် ရှင်ဖော်ရှင်ဘက်၊ ကျနော်တို့အဖမ်းခံရရင်တောင် ဒီစက်ကြီးအဖမ်းမခံရအောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ဒီဟာကြီးကိုထိန်းသိမ်းခဲ့ရတယ်၊ ၈၈မှာ အစိုးရသတင်းစာ၊ရေဒီယို၊ ရုပ်မြင်သံကြားပဲ ရှိတယ်၊ ကျနော်တို့ဘက်မီဒီယာလုံးဝမရှိတဲ့ခေတ်မှာ ဒီစက်ကြီးဟာ မီဒီယာတာဝန်ကို ရွံ့ရွံ့ချွန်ချွန် ထမ်းဆောင်ခဲ့ပါတယ်၊ ရှစ်လေးလုံးသမိုင်းမှာ တကယ့်ကို  သက်ရှိတစ်ယောက်လိုတန်ဖိုးထားခဲ့တဲ့ အဲဒီစက်ကြီးကို ရှစ်လေးလုံး ၂၇နှစ်ပြည့်တွင် လှူဒါန်းရတဲ့အတွက် ဂုဏ်လည်းဂုဏ်ယူတယ် နောင် လာနောင်သားများလေ့လာနိုင် အောင်ပါ”ဟုပြောပြခဲ့သည်။
        
ရှစ်လေးလုံးအရေးအခင်းသည် ကြီးမားကျယ်ပြန့်သည့်လှုပ်ရှားမှုကြီးဖြစ်သည့်အတွက် ပြတိုက်တွင် ထားရှိထားသောရှစ်လေးလုံးအရေးခင်း၏မှတ်တမ်းမှတ်ရာများသည်မပြည့်စုံသေးကြောင်း
ဦးကိုကိုကြီးမှ ဆက်လက်ပြောပြသည်။
           “ရှစ်လေးလုံးအရေးခင်းတွင် အရွယ်ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအားလုံးပါတယ်၊ ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကြီးကို ဒီရုံးခန်းနဲ့မပြနိုင်ဘူး၊ ကျနော်တို့နဲ့အတူနေတဲ့ မှတ်တမ်းမှတ်ရာ ဒိုင်ယာရီ၊ ဓါတ်ပုံတွေ အကုန်လုံးဖျက်ဆီးသိမ်းဆည်းခံရတယ်၊ တချို့ဟာတွေဆို ကိုယ့်ရဲဘော်တွေဖမ်းဆီးခံရမှာစိုးလို့
ရင်နာနာနဲ့ဖျက်ဆီးလိုက်ရတာတွေရှိတယ်၊ အချက်အလက်တွေစပြီးအစပျိုးတဲ့အချိန်နဲ့ အခုဟာစုဆောင်းဖို့ အခက်ခဲတွေအများကြီးရှိတယ်၊ ဒါကြောင့် ရှစ်လေးလုံးသမိုင်းကိုပြုစုဖို့ဆိုတာ လွယ်လွယ်ကူကူလေးလုပ်နိုင်တဲ့ကိစ္စမဟုတ်ဖူးဆိုတာ
ကို လေးလေးနက်နက်နဲ့နားလည်စေချင်တယ်” ဟုပြောခဲ့သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts