သရော်စာ မောင်လူရေး

မောင်လူရေး – သိဗညုတ သီဟသူရကာချုပ်ကြီး

 

မောင်လူရေး – သိဗညုတ သီဟသူရကာချုပ်ကြီး

(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၅

အစကတော့ သမတနဲ့ပြောမလို့။ သေချာစဉ်းစားကြည့်တော့ ပြောလဲ ပြောပြောရှိမှာဘဲ။ တကယ့်တကယ်က တိုင်းပြည်က ကာချုပ်လက်ထဲမှာဆိုတော့ ဆုံးဖြတ်နိုင်သူနဲ့ပြောတာဘဲကောင်းပါတယ်လေဆိုပြီး။

ဗိုလ်ချုပ်တွေ ဗိုလ်ပြုတ်တွေ ခရိုနီတွေ ခရိုညိုတွေ နေကြထိုင်ကြတဲ့တိုက်တွေ တိုက်တွေဆိုတာ နန်းတော်ကြီးတမျှဆိုတာထက်ကို ပိုပါတယ်။ တနေ့လုံး တသက်လုံး ကုန်းရုံးနေကြရတဲ့ပြည်သူတွေခမျာမှာ မိုးလုံလေလုံအိမ်လေးတွေနဲ့နေဖူးသွားဖို့ကို မဖြစ်နိုင်တာ ဒီရေဘေးမြင်ကွင်းတွေမှာ တွေ့ရပါတယ်။

မြန်မာတွေ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ပျောက်ဖို့ လုံခြုံစိတ်ချရတဲ့ လူနေမှုဘဝအဆင့်လိုပါတယ်။ သိမ်ငယ်စိတ်တွေနဲ့ မြန်မာမကွနိုင်ပါဘူး။

ခုချိန်ကစပြီး ပြန်လည်ထူထောင်ရေးနဲ့အတူ လူမှုဘဝ လုံခြုံစနစ်ကျတဲ့အစီအမံများသာ ဦးစားပေးလုပ်သင့်ပါပြီ။

ငြိမ်းချမ်းရေးယူပြီး ရေကြောင့်ဖြစ်တဲ့ရွံ့တွေ နွံတွေကို ရေနဲ့ဘဲဆေးရဆိုသလို တပ်ကြောင့်ဖြစ်တဲ့ဆင်းရဲနိမ့်ပါး ဝဲစားမှုမျိုးစုံကို တပ်ကဘဲ ချမ်းသာအောင်လုပ်ပေးမှရမှာပါ။

ကာချုပ်ကြီးခင်များ စစ်အသုံးစရိတ်တွေလျော့ပြီး ခြေဥထဲမှာ ပေါက်လွတ်ပဲစားရေးထားတဲ့ စစ်စရိတ် အစစ်အဆေးမရှိ အကန့်အသတ်မဲ့သုံးခွင့်ကို ဒီတခေါက်လွှတ်တော်ခေါ်ရင် ဖျက်သင့်ကြောင်း အဆိုလေး တင်မပေးချင်ဘူးလားခင်ဗျာ။

ခင်ဗျားကြီး ပြည်သူကို တကယ်တန်ဖိုးထားရင်ပေါ့လေ။ ခင်ဗျားကိုယ်တိုင် လှည့်ပတ်ကြည့်နေတာဆိုတော့ ဘယ်ကလောက်ဆင်းရဲနုံချာ စုတ်ပြတ်တာတွေကို မျက်ဝါးထင်ထင် မြင်နေရပြီဘဲလေ။

ဒါနဲ့ ဟို၂၅ကျပ်သားကိုရော ရေပြင်လေ့လာရေးလေး ဘာလေး လွှတ်ပေးပါအုံးလား။ ဘာမှန်းညာမှားမသိဘဲ ရမ်းရမ်းကန့်ကွက်နေလွန်းလို့ လူတွေကလဲ ရွံရှာစက်ဆုတ်လှပြီလေ။

အော် ဒါနဲ့ စကားမစပ်။ သစ်တောတွေကုန်လို့ ရေလွှမ်းခံရတယ်သာဆိုတယ်။ လွှမ်းခံရတဲ့လူတွေရဲ့အိမ်တွေကြတော့လဲ သစ်ကောင်းဝါးကောင်းနဲ့ဆောက်ထားတာကို မတွေ့ရဘူး။ သစ်တွေအကုန်လုံးတရုပ်ပြည်ရောက်သွားလားမသိဘူး။ အဲဒီကိစ္စလဲ လွှတ်တော်မှာ မေးပေးမလားမသိဘူး။ နောက်တခုက စစ်တပ်က အသက်ပေးဖမ်းထားတဲ့သစ်သူခိုးတရုတ်တွေကို သမတကြီးရဲ့မဟာဂရုဏာနဲ့လွတ်လိုက်တဲ့ကိစ္စအပေါ် တပ်မတော်ရဲ့သဘောထားကို အမတ်တယောက်ယောက်ကများ လွှတ်တော်ထဲမေးခိုင်းရင် ဘယ်လိုဖြေမလဲဆိုတာလဲ ကြားချင်ပါရဲ့ဗျာ။

ကာချုပ်ကြီးခများ တပ်မတော်ရဲ့မုဒိမ်းမှုတွေအကြောင်း ဆက်ပြီး ပြောရအောင်လား။

ကမ္ဘာမှာ မြန်မာ့တပ်မတော် နာမည်ကြီးတာ စွမ်းစွမ်းတမံကိုကျင့်တဲ့ ဒီမုဒိမ်းမှုတွေကလဲ ထိပ်ဆုံးက ပါတယ်ဆိုတော့လေ။

အခုပြောချင်တာက ရှေ့တန်းစစ်မြေပြင် လူသူလက်လှမ်းမမီရာမှာကျင့်တဲ့ မုဒိမ်းမှုတွေအကြောင်းမဟုတ်ပါဘူး။ နောက်တန်းမှာ ကာချုပ်ကြီးတွေရော ကာချုပ်မကြီးတွေရော ကာမချုပ်တချုပ်တွေရော ချုပ်လုနီးနီးတွေရော လူရှေ့သူရှေ့ ကမ္ဘာရှေ့ အသားကုန်ဝိုင်းကျင့်ကြတဲ့ မုဒိမ်းမှုတွေအကြောင်းပြောချင်တာပါ။

အဲဒါကတော့ ဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာကျွမ်းကျင်သူလုပ်သက်ရင့်တွေကို ဖယ်ထုတ်ပြီး ဝန်ကြီးလုပ်ကြ ဝန်ကလေးလုပ်ကြ ညွှန်ချုပ်လုပ်ကြ ညွှန်မှုးလုပ်ကြ ဥက္ကဋ္ဌလုပ်ကြ အတွင်းရေးမှုးလုပ်ကြတဲ့ မုဒိမ်းပါ။ တကယ်တော့ ဒီမုဒိမ်းဟာ နိုင်ငံတော်ရော ပြည်သူရောကို ရာသီသုံးပါးကျင့်တဲ့မုဒိမ်းပါ။ ယုတ်စွအဆုံး ဘုရားဂေါပကတောင် အကျင့်ခံရတဲ့မုဒိမ်းပေါ့။

ကာချုပ်ရယ် လောကမှာ မုဒိမ်းမှုလောက် ကျက်သရေယုတ်တာရှိနိုင်သေးလား။

စစ်ဗိုလ်တွေက ရဲလုပ်တယ်၊ သင်တုန်းကတိုက်နည်းခိုက်နည်း။ ပစ်နည်းခတ်နည်း သတ်နည်းဖြတ်နည်း။ တကယ်ရဲလေးတွေခမျာ ဘာတက်လမ်းမှမရှိ။ ခမျာများ ထောက်လှမ်းရေးတွေပြုတ်တုန်းကဆို အိုးစည်ဗုံမောင်းနဲ့ မကရုံတမယ်။

မီးသတ်လဲတပ်ကပါ။ ဟိုက ရေနဲ့ မီးသတ်ရတာ။ ဒီက သေနတ်နဲ့ လူသတ်ရတာ၊ ဘာ ဘာ ဘာမှမဆိုင်လေ။ ပညာရေးလဲတပ်က ဝင်ပြန်ရော။ ဘီအီးဒီဆင်းလဲ တယောက်မှမပါ။ ကမောက်ကမရဲ့ ဆရာ့ဆရာတွေပါလား ကာချုပ်ရယ်။

စီးပွားကူးသန်းလဲ – တပ် ဆောက်လုပ်ရေးလဲ – တပ် စိုက်ပျိုးရေးလဲ – တပ် လျှပ်စစ်လဲ – တပ် သတ္ထုတူးလဲ – တပ် သစ်တောလဲ – တပ် နိုင်ငံခြားရေးလဲတပ် အရက်ချက်လဲ – တပ် မတပ်တာ ဘာမှကို မရှိတော့တဲ့တပ်ဘဲနော် ကာချုပ်ကြီး။ ကာချုပ်တို့စစ်ဗိုလ်တွေက ကမ္ဘာ့ပညာချုပ်ကြီးတွေလို့များ ပြောရမလားမသိဘူး။

တသက်လုံးစိုက်လာပျိုးလာတဲ့တောင်သူတွေ စိုက်ပျိုးရေးဆင်းတွေမှ အားမနာ ကြံ့စိုက်ပျိုးရေးတပ် ဝါစိုက်ပျိုးရေးတပ်တဲ့။ ကောင်းကြသေးရဲ့လားကာချုပ်ရယ်။ လူသတ်လယ်သိမ်း မြေမုဒိမ်းလဲ ကျင့်နေရပါရောလား။

ဟော ခု နိုင်ငံရေးတပ်ဖွဲ့ပြန်ပြီ။ တိုင်းဒေသကြီးလွှတ်တော် ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော်တွေမှာ တပ်စွဲထားပြီလေ။ အမတ်မုဒိမ်းပေါ့။ နိုင်ငံရေးမုဒိမ်းကျင့်တာတော့ ကြာပါပြီ။ အရင်တုန်းကတော့ တိုက်ပုံလေး ပုဆိုးလေးဝတ်ပြီး ပိုးသေးပန်းသေးတယ်ဆိုရမလား။

ဟော နောက်ထပ် ကျန်းမာရေးဌာနကို စစ်တပ်ကလူတွေ ပို့ပြန်ပြီ။ စက်မှုကို တပ်ကကိုင်လိုက်လို့ မြွေဆိပ်ဖြေဆေးတောင် အလျင်မီအောင် မထုတ်နိုင်တော့လို့ လယ်သမား ကိုင်းသမားတွေ သေပေးနေရတာ မနဲလှတော့ဘူးနော်။

အောက်ခြေဗိုလ်တွေတောင် ဘယ်ဌာနမဆိုလုပ်နိုင်နေမှဖြင့် မဟာပညာကျော် ဗိုလ်အတော်တွေရဲ့အချုပ် ကာချုပ်ကြီးကိုယ်တိုင်ဆိုရင်တော့ ဘာမဆို့ဘာမဆိုသိ အထက်သိအောက်သိ အတိုသိ အရှည်သိ အကြီးသိအသေးသိ အပျော့သိအမာသိ အတွင်းသိအပြင်သိ အင်း သိပြီးရင်းသိနေမှာဘဲနော်။

 

သိဗညုတဉာဏ်ရကာချုပ်ကြီးလို့ ဆိုရမှာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts