ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ‘ဒီကဗျာကို ငါ့နှလုံးသွေးနဲ့ရေးခဲ့တယ်”

ဆောင်းယွန်းလ – ‘ဒီကဗျာကို ငါ့နှလုံးသွေးနဲ့ရေးခဲ့တယ်”
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၅

ဒီနေရာမှာ
လွန်ခဲ့တဲ့ ၂၇နှစ်တုန်းက
သွေးပင်လယ်စီးခဲ့တယ်
မသိလိုက်မသိဖာသာနေသူတွေက
၂၇နှစ်မှာ
ကမ္ဘာကို ၂၇ခါလောက်ပတ်ပြီး
သီချင်းတငြီးငြီးနဲ့ အဲဒီသွေးပင်လယ်ကြီးထဲ
အပျော်စီးသဘောင်္ကြီး ခေါက်တုန့်ခေါက်ပြန်စီးနေခဲ့ကြပေါ့…

ငါတို့ငံ့လင့်ခဲ့ကြတဲ့
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်က
ဘယ်ဘုရားလက်ထက်ကျမှ ပွင့်မှာလဲ…

ရွာတွေ
ဗုံးသေနတ်ဒဏ်ကြောင့်
မီးလောင်ပြာကျသွားတဲ့အခါ
ကိုယ့်ကြမ္မာနဲ့ ကိုယ်ပဲတဲ့
မြို့တွေ
အရှင်လတ်လတ်
ငလျင်စနက်ကြောင့်
ပြိုပျက် ကြေမွသွားကြတဲ့အခါ
ကိုယ့်ကြမ္မာနဲ့ ကိုယ်ပဲတဲ့
လယ်ယာကိုင်းကျွန်း သစ်တောတွေ
လေမုန်တိုင်းဒဏ်ကြောင့်
နလံမထူနိုင်ကြတော့တဲ့အခါ
ကိုယ့်ကြမ္မာနဲ့ ကိုယ်ပဲတဲ့
၂၀၀၈မှာ
အပျိုဖော်ဝင်စ ကလေးငယ်လူမမယ်တွေ
နာဂစ်ကြောင့် ဖာဖြစ်သွားကြတဲ့အခါ
ကိုယ့်ကြမ္မာနဲ့ ကိုယ်ပဲတဲ့…

ဒီနေရာမှာ
အခု ရေပင်လယ်ကြီးထဲ
ဘ၀ပေါင်းများစွာ အမြစ်ကကျွတ်ပြီးပါသွားတဲ့အခါ
ဘယ်ဘ၀ရဲ့ ၀ဋ်နာကံနာရယ်လို့
ခင်ဗျားတို့ ဆင်ခြေပေးကြဦးမှာလဲ
တရားနဲ့ဖြေရအောင်လည်း
တရားမရှိတဲ့ တိုင်းပြည်မှာ
ဖြေစရာ တရားမရှိဘူး…

၂၇နှစ် ခရီးရှည်မှာ
မတရားမှုကြောင့် ကျခဲ့တဲ့သွေးနဲ့မျက်ရည်
ပင်လယ်ဝေခဲ့ပြီ….

အဓိပ္ပာယ်ရှိရှိ ရှင်သန်းခြင်းအတွက်
သူတပါး ဓါးသွားထက်က ပျားရည်စက်ကို လျက်မှာလား
ကိုယ့်လက်ထဲက ဓါးနဲ့ မတရားမှုတွေကို နှုတ်မှာလား…

ဒီကဗျာကို ငါ့နှလုံးသွေးနဲ့ရေးခဲ့တယ်….။

(သြဂုတ် ၅ရက်၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts