ခင်လွန်း စာစုတို

ခင်လွန်း – ရေဘေးနဲ့ ၈ လေးလုံး စိတ်ဓာတ်

ခင်လွန်း – ရေဘေးနဲ့ ၈ လေးလုံး စိတ်ဓာတ်
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၅

ဒီနေ့ အမေရိကားရောက် ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်ညီအကိုတွေ ပါဝင်တဲ့ Burmese Community of Colorado က သူတို့တွေကြီးမှူးပြီး ကျင်းပမယ့် ရှစ်လေးလုံးနှစ်ပတ်လည်ပွဲ အခမ်းအနားကို ဖျက်သိမ်းလိုက်ကြောင်း….တဲ့။

ဒါကို ပထမဖတ်ဖတ်ချင်း မျက်ခုံးနှစ်ဖက်ပင့်တင်မိလျက်သားဖြစ်သွားတယ်။ ဒါ ဘာလဲပေါ့။ ကိုယ့်ဘေးမှာ အနားမှာ အပါးမှာ ဒီလို ဘာလဲ ဘာလဲတွေက အများသားလား။ ပြီးတော့မှ သူတို့ရှင်းပြတာက …

“ဘာကြောင့်လဲဆိုရင်တဲ့..  အဲဒီပွဲမှာ ကုန်ကျမယ့်ငွေကြေးကို လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ပြည်သူများကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ကြတာကြောင့်ပါ” …တဲ့ဗျား။

ဖတ်လဲပြီးရော ဟဲခနဲချက်ချင်းဖြစ်သွားရင်းရုပ်ကြမ်းကြီးနဲ့တပြုံးပြုံးတဖြီးဖြီး ဖြစ်နေတာပေါ့ဗျာ။ သဘောကျလွန်းလို့။ ပြီး တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ကိုယ်တွေရဲ့ ၈-လေးလုံးပွဲကိုလဲ နဲနဲနဲ့ကျဉ်းကျဉ်းဖြစ်အောင် အိမ်လေးတအိမ်မှာ စိတ်ချင်း တူတွေသူချင်း အမှတ်တရဆုံကြ ပြောကြဆိုကြ။ သည်၍ သည်မျှလောက်ဆို တော်ပြီပေါ့ ….စသဖြင့် တိုင်ပင်ခဲ့သေးတယ် မဟုတ်လား။

အရင့်အရင်က အခမ်းအနားဖြစ်ဖို့ကုန်နေကျ ငွေတွေအစားဒီနှစ်မှာ ဖြစ်မြောက်ရေးအတွက် ထည့်ဝင်ကြမယ့်ငွေတွေရယ်၊
မနှစ်က လက်ကျန်သိမ်းထားတဲ့ငွေတွေရယ်ပေါင်းပြီး ကိုယ့်တိုင်းပြည်မှာ သေရေးရှင်ရေးဖြစ်နေတဲ့ရေဘေးဒုက္ခသည်တွေကို လှူမယ်ပေါ့။ ဒါက စိတ်ထဲတည်ထားရုံ။ အများသဘောက မသိရသေး။

ဘာပဲပြောပြော ကိုယ်ရှေ့ကနေ ဒီလိုလက်တွေ့ကျကျ ဆုံးဖြတ်လုပ်ကိုင်သွားမယ့် Colorado က ရဲဘော်ညီအကိုများကိုတော့ အလေးပြုမိတယ်ဗျ။ ၈-လေးလုံးစိတ်ဓာတ်ဆိုတာ ဒါပါပဲ။  ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဝန်းကျင်မှာရှိနေတဲ့ အများပြည်သူတွေဟာ
အကြောင်းတရားတခုခုကြောင့် အခက်အခဲပြဿနာကြီးများ ရှိလာကြုံလာကြရရင် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း ပေးဆပ်ခြင်း၊ လိုအပ်ရင် အသက်တောင်မှ စွန့်လွှတ်လှူဒါန်းဖို့ဝန်မလေးခြင်း စတဲ့ လူဘုံလူ့လောကအတွက် လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ တာဝန်တခုကို ခံယူကျင့်သုံးခြင်းတွေဟာ ၈ လေးလုံးစိတ်ဓာတ်ပဲမဟုတ်လားခင်ဗျာ။

ဆိုတော့ မင်းဆိုးမင်းညစ်ဘေးကျရောက်ခဲ့လို့ ၈-လေးလုံးအရေးတော်ပုံနဲ့တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရက်တွေဟာ အခု လတ်တ လော ကျရောက်ရင်ဆိုင်နေရတဲ့ ရေဘေးဒုက္ခဆိုးကြီးကို ကြားရသိရပြန်တော့လဲ အဝေးကနေ မနေသာပဲ လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ တာဝန်တရပ်ကို လက်ခံကျင့်သုံးသွားကြတယ်ဗျာ။ လှတယ်။

၈-လေးလုံးစိတ်ဓာတ်ဆိုတာ အခမ်းအနားတွေလုပ်ရိုးရိုး၊ ဘုရားမှာဆုတောင်းရိုးရိုး။ သင်္ကန်းလှူရိုးရိုးနဲ့ ကျဆုံးလေသူတွေကို ကောင်းရာမွန်ရာရောက်ဖို့ စိတ်အာရုံပြုရိုးရိုးတွေလောက်ပဲဆိုရင် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့သာ သက်ဝင်ထင် ရှားနိမိတ်နဲ့ ပြောခွင့်များရရင် ကိုယ်တွေကို စိတ်လာတော့မယ်တောင်မထင်ဘူး။

တုံးလွန်း ထူလွန်းလို့ဆိုပြီး တမလွန်မှာ ဟားတိုက်တောင် ရယ်သွမ်းသွေးနေတော့မယ်ထင်မိတာပဲဗျာ။ ဘာပဲပြောပြော ၈-လေးလုံးစိတ်ဓာတ်အဓွန့်ရှည်ဖို့ဆိုရင် သမိုင်းမပျောက်အောင် အခမ်းအနားတွေလဲ လုပ်ကြပါ။ ဆုမွန်တွေလဲတောင်းကြပါ။ အလှူအတန်းတွေလဲ လုပ်ကြပါ။

ပြီးတော့ သဘာဝလက်တွေ့ကျတဲ့ အရှုအမြင်အတွေးအခေါ်လေးတွေလဲ ကျင့်သုံးကြပါလို့ ပြောလိုရင်းပါပဲခင်ဗျာ။
….

(Burmese Community of Colorado က ရဲဘော်ညီအကိုများကို ဂုဏ်ပြုရေးပါတယ်)
…..

ခင်လွန်း
၂. ၈.၂၀၁၅ (တနင်္ဂနွေ)
ည ၁၀း ၂၀ နာရီ

ဓာတ်ပုံ ကိုမောင်မောင်ဦး (သူ၏ လူမှုကွန်ယွန်ရက်စာမျက်နှာမှ ရယူပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts