သတင်းဆောင်းပါး သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဂျိုလီသယ်လာတဲ့ သတင်းစကားများ

ငြိမ်းချမ်းအေး – ဂျိုလီသယ်လာတဲ့ သတင်းစကားများ
(သည်လေဒီးစ်နယူးစ် / မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅

ဟောလီးဝုဒ် အကျော်အမော် ညှို့မင်းသမီး မစ္စအင်ဂျလီနာဂျိုလီပစ်တယောက် မြန်မာပြည်ကို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့  အထူးကိုယ်စားလှယ်အဖြစ် အဖွဲ့နဲ့အတူ ၄ ရက်ကြာခရီး ရောက်လာတယ်။  အစိုးရအဖွဲ့၊ လွှတ် တော်က တာဝန်ရှိသူတွေ၊ လူထုအခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့တယ်။  ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည် စခန်းခရီးစဉ်တွေလည်း ပါတယ်။

အစိုးရထုတ် ဇူလိုင် ၃၀ ရက်နေ့ ကြေးမုံ သတင်းစာမှာတော့ မဲပေးခြင်းဆိုင်ရာ အသိပညာများနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်လာကြောင်း မျက်နှာဖုံး သတင်းခေါင်းကြီးတင်ထားပါတယ်။  သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဆုံရာမှာ အမျိုးသမီးများ လိင်အကြမ်းဖက်မှုပပျောက်ရေး ဥပဒေများရေးဆွဲမှု၊ ကလေးသူငယ်များ အတန်းပညာနဲ့ အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးတွေ ဆွေးနွေးခဲ့ကြတယ် ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ဝေလွင်နဲ့ တွေ့ဆုံရာမှာလည်း အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တပ်တွင်းက ကလေးစစ်သား များအရေးလည်း ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ၂၀၁၅ ခုနှစ်ဇူလိုင် ၃၀ ရက်နေ့ထုတ် အစိုးရသတင်းစာ ကြေးမုံ မျက်နှာဖုံး

တကယ်တော့ ဂျိုလီဟာ ကုလကိုယ်စားလှယ် တယောက်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ရောက် ကျွန်တော်တို့တိုင်းပြည်က စစ်ဘေး၊ စစ်ဒဏ် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာထွက်ပြေးခဲ့ရသူ တိုင်းရင်းသား လူမျိုးစု ဒုက္ခသည်စခန်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက ရောက်ရှိခဲ့ဖူးပြီး မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ အစဉ်တစိုက် တက်ကြွလှုပ်ရှားကူညီပေးနေသူတဦးပါ။  သူဟာ ကမ္ဘာတဝှမ်း ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်များက ကလေးငယ်များ အရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်သူ ကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ လူသားနဲ့ ကမ္ဘာမြေအကျိုးပြု လုပ်ငန်းအစုံစုံ အတွက်လည်း သူ့ရဲ့ ရုပ်ရှင်အနုပညာနာမည် ကျော်ကြားမှုနဲ့ အလှဂုဏ်ရည်ကို အသုံးချ အသံစူး၊ အသံကျယ် အသံထွက်နေသူပါ။  လူသားအခွင့်အရေးတွေ ပြည့်မီစံရရှိရေး၊ မြေကမ္ဘာ ငြိမ်းချမ်းသာယာရေး အတွက် တနိုင် တိုက်ပွဲဝင်နေသူတဦးလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ အီသီယိုးပီးယားနဲ့ ဗီယက်နမ်က စွန့်ပစ်ခံက လေးငယ်သုံးဦးကိုလည်း သားသမီးအရင်း သုံးဦးနဲ့အတူ တရားဝင်မွေးစား ပြုစုပျိုးထောင်နေသူ မြင့်မြတ် လူပီသတဲ့ မိခင် ကောင်းတယောက်လည်း ဖြစ်ပါတယ်။

ဂျိုလီဟာ ကမ္ဘာနဲ့အဝှမ်း နာမည်လျှမ်းလျှမ်းတောက်ကျော်ကြားသူမို့ သူသွားတဲ့နေရာ၊ သူလုပ်နေတဲ့ လူမှုရေးအလုပ်တွေဟာ နိုင်ငံတကာ စာနယ်ဇင်း မီဒီယာတွေမှာ ထိပ်တန်း သတင်းဖြစ်ပါတယ်။  ဒါကြောင့် သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် အရေးပါပါတယ်။  ရာစုဝက်ကျော်ကြာ လူမျိုးစုအချင်းချင်း သတ်ဖြတ်နေရတဲ့ စစ်ပွဲ ပဋိပက္ခ အတွင်းက စစ်ဘေးရှောင် မငြိမ်းချမ်နိုင်တဲ့ ဒုက္ခသည်တွေအရေး၊ စစ်ရဲ့သားကောင်အဖြစ် ပျော်ရွှင်ချမ်းမြေ့ဖွယ် လူမှု၊ ပညာ အခွင့် အရေးတွေ စံစားခွင့်မဲ့နေတဲ့ တိုင်းရင်းသား လူမျိုးစု ကလေးငယ်များ အရေး၊ နိုင်ငံရေး စနစ်ဆိုးအောက်က ကျန်းမာ၊ စီးပွား၊ ပညာ အရာရာချို့တဲ့နေတဲ့ တိုင်းပြည်တခုလုံးက မြန်မာအပါအဝင် လူမျိုး၊ ဘာသာစုံ နိုင်ငံသားအများစုရဲ့ ခွေးတိုး ဝက်ဝင် လူတမ်းမစေ့ လူစဉ်မမီတဲ့ ဘဝတွေ၊ ဒါတွေအားလုံးဟာ ဂျိုလီရဲ့ခရီးစဉ်နဲ့အတူ ကမ္ဘာမှာ ပိုမိုအသားပေး Highlight လုပ် လူအသိအမှတ်ပြုခံရမှုရလာမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ဇူလိုင် ၃၀ ရက်နေ့ထုတ် ပြည်တွင်း သတင်းစာမျက်နှာဖုံးများ
စုစည်းသူ – ဦးမြင့်ကျော် (Myanmar Journalist Network)

ဒါ့အပြင် တိုင်းပြည်က လူအများစုကြားမှာ ဆတ်ဆတ်ထိမခံ Sensitive ဖြစ်တဲ့ အနောက်နယ်ခြားက ပြဿနာတွေ၊ လူမျိုး နာမည်၊ နိုင်ငံသား ဖြစ်ခွင့် အငြင်းပွားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေကို ဂျိုလီက လူ့အခွင့်အရေး ရှုထောင့်ကနေ ရှေ့တန်းတင် ပြောမှာ ဆိုမှာပါ။ ဒါကို အမျိုးသားရေး အစွန်းရောက်သူတွေ၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေက နင်ပဲငဆ ရင့်ရင့် သီးသီး ဆဲဆိုကြိမ်းမောင်း ‘–သည်’ ချင်း မိုးမွှန် တုံ့ပြန်ချင်လို့ မရပါ။  နိုင်ငံတကာမှာ အရှက်ကွဲခဲ့ရတာ သိပ်မကြာသေးပါဘူး။  ဒီဖြစ်စဉ် တခုလုံးကိုနဲ့ ဒီကိစ္စ ဆက်စပ်ထောက်ပြကြတဲ့ နိုင်ငံတကာ ကုလကိုယ်စားလှယ်တွေကို လူသားဂုဏ်သိက္ခာရှိ၊ ယဉ်ကျေး လူပီသ၊ အကျိုးအကြောင်းညီ လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေ၊ စကားတွေနဲ့ ပြန်လည် ချေပတတ်၊ ချေပနိုင်ရမှာ ဖြစ်သလို နိုင်ငံတကာတန်းဝင် တာဝန်ယူ၊ တာဝန်ကျေတဲ့ အလုပ်တွေနဲ့လည်း လူသားအခွင့်အရေး တရားမျှတ ဆောင်ရွက် နေကြောင်း အစိုးရနဲ့ လူမှုနိုင်ငံရေးအဖွဲ့အစည်းအားလုံးက သက်သေပြသနိုင်ရပါမယ်။

မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာအစုံဟာ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား၊ နိုင်ငံသား အခွင့်အရေး စတဲ့ လူသားအခြေခံ အခွင့်အရေးတွေ အချိုးဖောက်ခံခဲ့ရ၊ ခံနေရတယ်ဆိုတာကို တိုင်းပြည်မှာ ဦးဆောင်တာဝန်ယူ၊ အာဏာယူထားသူတွေ လက်ခံ အမှန်မြင် ပြင်နိုင်ဖို့လည်းလိုနေပါတယ်။  လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသံကြားရင် အာဏာပလ္လင်လှုပ်ရာ၊ နိုင်ငံ ရေး နေရာ ရာထူး ထိပါးရာ၊ ကိုယ်ကျိုးစီးပွားလုပ်ပိုင်ခွင့် ပျက်စီးရာလို့ ခေတ်အဆက်ဆက် ထင်မြင်ခဲ့သူ၊ ဖိနှိပ်မှု အာဏာနဲ့သာ ရန်သူလို အငြိုးတကြီး လက်ယဉ် တုံ့ပြန်တတ်သူ စစ်ဗိုလ်ချုပ် အဟောင်း၊ အသစ်များဟာ ဂျိုလီရဲ့ ပျော့ပျောင်း လှပ ကျော့ရှင်းမှုနဲ့ သယ်ဆောင်လာတဲ့ ခါးသီးတဲ့ အမှန်တရား၊ စနစ်ဆိုး တည်တံ့ စွဲမြဲနေတဲ့ တိုင်းပြည်ရဲ့ မတရားမှု အစုစုကို စစ်သားပီပီ သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်းရဲရမှာ ဖြစ်ပါတယ်။  ဒီပြဿနာအစုစုကို ရွေးကောက်ပွဲအမီ ခါတော်မီ ဟန်ပြ စကားအရာ Lip Service ပေး လက်တွေ့အလုပ်မပါခြင်းမျိုးမဟုတ်ဘဲ အလုံးစုံ ဖြေရှင်းလိုတဲ့ စိတ်ရင်းမှန်နဲ့ စေတနာထား လက်တွေ့ ပြီးမြောက် လုပ်ကိုင် ဆောင်ရွက်ရာမှာလည်း ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဆက်စပ်နဲ့ ပြည်တွင်းစစ်မီးကိုလည်း နိုင်ငံရေးအာဏာ ရွေးကောက်ပွဲ၊ အာဏာဆုပ်ကိုင်ထားရေးအလို့ငှာလည်း မိုက်မိုက်မဲမဲ အသုံးချ မှုတွေ အောင်ခြေမှာအစ အမှန်တကယ် ရပ်တန့်ဖို့ လိုနေပါတယ်။

ဆိုချင်တာက လူ့အခွင့်အရေး ကိုယ်စားလှယ်တိုင်းကို ကလော်ဆဲရေးတိုင်းထွာ၊ ရန်ဖြစ်၊ ရန်ထောင် ကန့်ကွက်ကာ တိုင်း ပြည်မှာ ပကတိဖြစ်ပျက်နေသမျှ လူသားအရေး အားလုံးဆက်စပ် ပြဿနာအားလုံးကို လုံးဝ အသိအမှတ်မပြု ဥပေက္ခာ ပြုချင်လို့ မရပါ၊ ပစ်ပစ်ခါခါ ပြန်လည် ဝေဖန်၊ မဟုတ်ဘူးဆိုကာ အတွင်တွင် ‘ဘူး’ ခံငြင်းချင်လို့ချည်းလည်း မဖြစ်ပါ ဆိုတဲ့ အချက်ပါ။  ဒီအပြုအမူ၊ သဘောထားတွေဟာ ခေတ်အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးလာခဲ့ပြီး ဘာတခုမှ အကျိုးရလဒ် မရှိ၊ ကမ္ဘာကလည်း မယုံ၊ ပြည်တွင်း ပြဿနာလည်း အမှန်တကယ် မရှင်းနိုင်ခဲ့တာ သမိုင်းသက်သေ ရှိပါတယ်။  အစွဲကင်းတဲ့ ရင်ဘတ် နှလုံးသား စိတ်၊ ကျယ်ပြန့်တဲ့ အမြင်သဘောထား၊ မှန်ကန်တဲ့  အလုပ်တွေနဲ့ ကိုင်တွယ် ဖြေရှင်းမှသာ တိုင်းပြည် အမြစ်တွယ် နေတဲ့ လူမျိုးစုရေးရာ ပြဿနာတွေ လုံးဝဥဿုံ အောင်မြင် ဖြေရှင်းနိုင်ပါမယ်။

အစိုးရနဲ့ သြဇာအာဏာယူထားသူ တပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်နဲ့ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့များနဲ့ သာမန် ပြည်သူလူထုမကျန် အားလုံးဟာ အခု ဂျိုလီရဲ့ ခရီးစဉ်ကို ဆိုခဲ့သမျှ တိုင်း ပြည်ရဲ့  အောက်ခြေ ရင်းမြစ် ပြဿနာများရဲ့ တပ်လှန့် နှိုးဆော်လိုက်တဲ့ ခေါင်းလောင်းသံ အဖြစ် ရှုမြင် သုံးသပ် အကောင်း အပြောင်း ဘက်ကို ဦးတည် ရှေးရှုနိုင်ရပါမယ်။  ဒါမှသာ ဒီမိုကရေစီ ပြည့်ဝ၊  နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ပေမီ ဒေါက်မီ၊ လူသားချင်း စာနာထောက်ထားစိတ် ပြည့်လျှံနေတဲ့ စိတ္တ၊ ကာယ၊ ရုပ်၊ နာမ် နှလုံး စီးပွား ဥစ္စာ အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက် တိုးတက်မှုရှိတဲ့၊ တိုင်းသစ်ပြည်သစ်ကို အနာဂတ်မှာ အမှန်တကယ် တည်ဆောက်နိုင်ဖို့ မျှော်ရည် နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုတိုင်းပြည်ရဲ့ နိုင်ငံအရေးအရာ ကိစ္စကြီးတွေကို ဒီဂျိုလီခရီးစဉ်က ထင်ဟပ်ဖော်ပြမှာဖြစ်သလို ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ အရိုးစွဲနေတဲ့ ကျားဗဟိုပြု ယောက်ျားများသာ အရာရာ ဗိုလ်ကျ နေရာယူ လွှမ်းမိုးနေတဲ့ မဟာဖိုဝါဒ အကျင့်အကြံ၊ အလုပ်၊ အပြောအဆို၊ အမြင်အယူ အပုပ်အသိုးအဆွေးအမြည့်တွေ စွှန့်လွှတ်သင့်ပြီဖြစ်ကြောင်း လှုပ်နှိုးလိုက်တဲ့ လှုမှု အတွေးအခေါ်တော်လှန်ရေးခရီးစဉ် အဖြစ်လည်း မှတ်ရှုနိုင်ရပါမယ်။

အမျိုးသမီးဆိုရင် ရင်ဘတ်အရွယ်အစားထက် ဦးနှောက်အရွယ်အစားကို တန်ဖိုးထားတတ်ဖို့ ဂျိုလီရဲ့ ရင်သား နှစ်မွှာထက် ပိုလှတဲ့ ဉာဏ်အသိ၊ ဉာဏ်အလုပ် နှလုံးရည်တွေက ပြောနေတယ်။  ရင်သားအလှထက် နှလုံးသား အလှက အဖိုးအနမတဂ္ဂ ထိုက်ကြောင်း ပြနေပါတယ်။  အမျိုးသမီးတယောက်ရဲ့ တင်ပါးအလှ အကြီး အသေးထက် လူပီသမှု အကြီးအသေးက ပိုလို့ အရေးပါကြောင်း ဂျိုလီရဲ့ လူသားပီသတဲ့ အလုပ်တွေက ညွှန်းဆိုနေပါတယ်။  အမျိုးသမီးဆိုတာ လိင်ဆွဲဆောင်မှုသက်သက်၊ ယောက်ျားများ လိင်အာသာဖြေရာ Sex Object တခုသက်သက်သာ မဟုတ်ကြောင်းကို ဂျိုလီရဲ့ လုပ်ရည်ကိုင်ရည်ရှိရှိ ထက်မြက်မှု၊ ဦးဆောင်မှု စွမ်းရည်တွေက ထင်ထင်ရှားရှား လှစ်ဟ အသံထွက် ထောက်ပြနေပါတယ်။  ဒါတွေအားလုံးကိုလည်း ကျွန်တော်တို့နိုင်ငံက မဟာပုရိသများနဲ့ လူမှုရေး စံနှုန်း အတားအဆီး ပုံစံခွက်တွေ အောက်မှာ အသားကျနေတဲ့ ရှေးရိုးစွဲ အမျိုးသမီးများ အမှန်မြင်၊ အမြင်မှန် ရဖို့လိုနေပါတယ်။

ပြန်ချုပ်ရရင် မြန်မာပြည်အတွက် ဂျိုလီသယ်လာတဲ့ သတင်းစကားများက လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဉာဏ်ပညာ၊ ချစ် ခြင်းမေတ္တာ၊ လူမှု တရားမျှတမှုနဲ့ လူသားချင်းစာနာထောက်ထားမှု လူသားဆန်မှုများ ဖြစ်ပါတယ်။  အနာဂတ် တိုင်းပြည် ရုပ်နာမ် ဖွံ့ဖြိုးတိုးတက်ရေး ရှေးရှု ဒီသတင်းစကားတွေအားလုံးကို ကျွန်တော်တို့ အပြုသဘောဆောင် အကောင်းမြင် လက်ခံကျင့်သုံးတတ်ဖို့လိုကြောင်း တိုက်တွန်းလိုက်ရကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
ဇူလိုင် ၃၀၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၇၂)၊ (၂၀၁၅) ခုနှစ် ဇူလိုင် (၃၁ ရက်၊ သောကြာနေ့ထုတ်၌ မူရင်းပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက် ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ဂျိုလီသယ်လာတဲ့ သတင်းစကားများ
  1. မြန်မာလူငယ်များ အတွက် စံနမူနာအဖြစ် လက်ခံတဲ့ ရေးသားဖော်ပြတဲ့ ဆရာ ငြိမ်းချမ်းအေး နဲ့ အာလုံးကို ကျေးဇူတင်ပါတယ်။

    ////
    တခါက နိုဘယ်ငြိမ်းချမ်ရေးဆုရ အဲလဘတ်ရှိုက်ဇာ ဆိုတဲ့လူ အင်မတန် စန္နယားထူးချွန်သူ တက္ကသိုလ်ပါမောက္ခအသက်၂၈နှစ်လောက်မှာ ဆင်းရဲသားများကူညီဖို့ ဆေးပညာ ၇နှစ်သင်ပြီး ဆရာဝန်အဖြစ် အာဖရိကနိုင်ငံမှာ သူ့ဘဝကို ပေးဆပ်ပါတယ်။

    အာဖရိကနိုင်မှာကျောင်းဆောက်လုပ်ရေးမှာ ထမ်းပိုးနေစဉ် လူငယ်တဦးဖြတ်ရှောက်သွားတော့ ကူညီဖို့ ခေါ်ပါတယ်။ အဲဒီလူငယ်က ကျနော် ဥရောပမှာပညာသင် ဘွဲ့ရလာခဲ့တာ ဒါမျိုးအလုပ် မလုပ်နိုင်ပါ, လို့ ငြင်းဆန်ပါတယ်။

    ဆရာကြီးက အေးကွာ ငါလဲ ငယ်စဉ်က မင်းလိုပညာတတ်မျိုး ဖြစ်ဖို့ ကျိုးစားခဲ့တာ မအောင်မြင်ခဲ့ပါဘူး လို့ ပြန်ပြောခဲ့ပါတယ်။
    ////

    အခုလဲ ချမ်းသာကြွယ်ဝ ပညာတတ် ဟောလိဝု မင်းသမီးလဲ ဂျိုလီ ဆိုသူလဲ ဒီလိုပါပဲ။ သူတို့လို လောကအလင်းများစွာ မြန်မာပြည်မှာ ရှိနေပါတယ်။ နေရာရလာမယ် မျော်လင့်ပါတယ်။

Comments are closed.