တူမောင်ညို သူတို့အာဘော်

တူမောင်ညို – နံပတ်ဝမ်း၊ ကာချုပ်နဲ့ အခြေခံဥပဒေ


 
တူမောင်ညို – နံပတ်ဝမ်း၊ ကာချုပ်နဲ့ အခြေခံဥပဒေ 
(မိုးမခ) ဇူလိုင်လ ၂၉ ၊ ၂၀၁၅
 
ကာချုပ် ဗိုလ်မင်းအောင်လှိုင် အနားယူရင် ဘယ်သူကာချုပ်ဖြစ်လာမလဲ စိတ်ဝင်စားကြပါတယ်။ စိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စားစရာပါ။ ကာချုပ်ဆိုတာပြောနေတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့အထက်မှာရှိတယ်။ 
 
အုပ်ချုပ်ရေးဘက်မှာဆိုရင်လည်း ကာချုပ်ကဝင်စွက်ဖက်နိုင်တယ်။ သမ္မတထက်လုပ်ပိုင်ခွင့်တွေပိုရှိတယ်။ စစ်တပ်ကိစ္စမှန် သမျှ သမ္မတက လုံးဝဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိပေမယ့်၊  ကာချုပ်စေလွှတ်သူတွေကိုသာ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေအဖြစ် သမ္မတက ခန့်ရရှာတယ်။ 
ဥပဒေပြုရေးဘက်မှာလည်း ကာချုပ်က စစ်ဗိုလ် ၁၆၆ ယောက်ကို စိတ်ကြိုက်ရွေးချယ်စေလွှတ်နိုင်တယ်၊ စေလွှတ်ထားသူ တွေကို အချိန်မရွေးပြန်ခေါ်နိုင်တယ်၊ လူစားလဲလှယ်နိုင်တယ်။ လွှတ်တော်ထဲက ကိစ္စတိုင်းမှာ ဒီ စစ်ဗိုလ် ၁၆၆ ယောက်ကနေတဆင့် သူ့ စိတ်ကြိုက် (ထောက်ခံ/ကန့်ကွက်) မဲပေးနိုင်တယ်။ ကာချုပ်ရဲ့ အာဏာပါဝင်လုပ်ပိုင်ခွင့်က ဘယ်လောက်ထိကြီးမားသလဲဆိုတော့ သက်ဆိုင်ရာမဲဆန္ဒနယ်များကတဆင့်ပြည်သူလူထု ဆန္ဒမဲနဲ့ ရွေးချယ်လိုက်တဲ့ ရွေးချယ်ခံကိုယ်စားလှယ် ၇၅% ရဲ့ တူညီတဲ့ဆုံးဖြတ် ချက်ကို သူ့တစ်ဦးတည်းဆန္ဒနဲ့ပယ်ချနိုင်တဲ့လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော်ထဲမှာ သူဟာ ၂၅% ဆိုတဲ့ ဂျိုကာဖဲကို ကိုင်ထားနိုင်သူဖြစ် တယ်။ လိုအပ်ရင် လိုအပ်သလို  “အခြေခံဥပဒေနဲ့အညီ” အာဏာသိမ်းနိုင်သေးတယ်။ ကိုင်း ကာချုပ်မလုပ်နိုင်တာ ဘာကျန်သေးသလဲ။ တရိပ်ရိပ်မြင့်တက်မြဲမြင့်တက်နေတဲ့ သောင်းကျန်းသူ “ကုန်ဈေးနှုန်း” ပဲရှိလိမ့်မယ်ထင်တယ်။ 
 
ကာချုပ်ရဲ့ အဲဒီလို အခွင့်အာဏာတွေကို “၂၀၀၈ အခြေခံဥပဒေ”ထဲမှာ ပြဋ္ဌာန်းပေးအပ်ထားတာပါ။ ဒီလိုအခြေခံဥပဒေကိုမှ စစ်အုပ်စုနဲစစ်အာဏာရှင်စနစ်ရဲ့ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်တိုးချဲ့ထားတဲ့ အခြေခံဥပဒေဖြစ် ပါတယ်လို့ မပြောရင်ဘယ်အခြေခံဥပဒေကို ပြောကြမလဲ။ ဒါကြောင့် “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာ အများစု ပြည်သူတွေအဖို့ စည်းကမ်းတွေနဲ့ပြည့်ဝ ပိပြားနေအောင် အကြမ်းဖက်ဖိနှိပ်ထားတာဖြစ်ပြီး၊ စစ်အုပ်စုလက်တစ်ဆုပ်စာ အတွက်တော့ ထင်တိုင်းကြဲနိုင်တဲ့ ဒီမိုကရေစီပဲဖြစ်ပါတယ်။ 
 
ဒီလိုအချက်တွေကြောင့် “၂၀၀၈ အခြေခံဥပဒေ” ကို အသက်ပေးကာကွယ်မယ်၊ စံနမူနာပြလိုက်နာထိန်းသိမ်းသွားမယ်ဆိုတဲ့ စကားတွေကို လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင် ပြောနေတာပဲဖြစ်ပါတယ်။
 
 “ကာချုပ်” ဆိုတာ စစ်တပ်ထဲက စစ်ဗိုလ်တိုင်း မက်မောလောက်တဲ့ အခွင့်အာဏာနဲ့ အဆင့်နေရာတစ်ခုပဲ။ စစ်အတတ် ပညာထူးချွန်တိုင်း၊ စစ်တိုက်ကောင်းတိုင်းလည်း ကာချုပ် မဖြစ်ဘူး။ ကာချုပ်ကို စစ်ရာထူးခန့်ချုပ်က ခန့်အပ်တာမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၃၄၂  ပြဋ္ဌာန်းချက်ဟာ တံဆိပ်တုံး ထုပေးဖို့ ဟန်ပြအဖြစ်ဖော်ပြထားတာဖြစ်တယ်။ လက်ရှိစစ်တပ်သမိုင်းမှာ ကာချုပ် တွေကို စစ်အုပ်စုထိပ်သီးကပဲခန့်အပ်ခဲ့တာပါ။ ဒီလို  “နံပတ်ဝမ်း”က စိတ်ကြိုက်ခန့်တာ/ဖြုတ်တာလုပ်တဲ့အစဉ်အလာကို ဗိုလ်နေဝင်း က ချမှတ်ပေးသွားတာဖြစ်တယ်။ ဒါကြောင့်  ကာချုပ်ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းက တစ်ခုပဲ။ အဲဒါက  စစ်အုပ်စု ထိပ်သီး “နံပတ်ဝမ်း” အပေါ်သစ္စာခံတဲ့ ကျိုးနွံနာခံတဲ့ ကျွန်ယုံဖြစ်ဖို့ပဲလိုတယ်။ အဲဒီရွေးချယ်မှုနဲ့ ဗိုလ်နေဝင်းက ကာချုပ်တွေခန့်သွားတာ ဗိုလ်သန်းရွှေ အထိ ဖြစ်တယ်။ ထုတ်ပယ်ခံရတဲ့ ကာချုပ် ဆိုတာ နှစ်ဦးပဲရှိတယ်။ အဲဒါ အခု ဒီချုပ်နာယကကြီး ဦးတင်ဦးနဲ့ ဗိုလ်စောမောင်တို့ပဲ။
 
ဒီနေရာမှာ အလျဉ်းသင့်လို့ အာဏာဘယ်လိုသိမ်းကြသလဲ နဲ့ ကာချုပ်တစ်ယောက်ကို ဘယ်လိုဖြုတ်ချသလဲဆိုတာမှာ “နံပတ်ဝမ်း” (ဗိုလ်နေဝင်း)ရဲ့ လှုပ်ရှားပြုမူပုံကို  ကောက်နုတ်ဖော်ပြပါရစေ။ 
 
၁၉၈၈ စစ်တပ်အာဏာသိမ်းခြင်း 
  • ကျွန်တော်၏ ရှင်းလင်းတင်ပြချက်ပြီးသည့်အခါ ဥက္ကဋ္ဌကြီးက “ကဲ မင်းတို့တိုင်းပြည်ကို ထိန်းနိုင်မလားတဲ့၊ မင်းတို့ အုပ်ချုပ်ရေးယန္တရားလဲ ပျက်ယွင်းနေပြီ”ဟု ပြောလိုက်ရာ ဒီတော့ လူကြီးများက “ကျွန်တော်တို့ မထိန်းနိုင်တော့ပါဘူး၊ ဥက္ကဋ္ဌကြီး စီမံတဲ့အတိုင်းလိုက်နာပါ့မည်” ဟူ၍ တင်ပြကြသည်။ ကဲ ဒါဆိုရင် ငါပြောတဲ့အတိုင်း လိုက်နာကြပါဟု ပြောပြီး ဗိုလ်စောမောင် မင်းတို့စစ်တပ်ကပဲ တိုင်းပြည်ကို ထိန်းသိမ်းပေးပါ၊ တပ်မတော်ကပဲ ဥပဒေစည်းမျဉ်းစည်းကမ်း တွေနဲ့အညီတာဝန်ယူဆောင်ရွက်ကြပါလို့ ပြောလိုက်တယ်၊ ဒီလိုအခြေအနေမျိုးမှာတိုင်းပြည်ကို ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ဘူး၊ မင်းတို့ စစ်တပ်ကသာလျှင် ထိန်းနိုင်မှာ၊ ထိန်းဖို့လည်း တာဝန်ရှိပါတယ်” ဟုပြောပါသည်။ 
  • အဲဒီမှာ ဗိုလ်ချုပ်ကြီးစောမောင်က “ကျွန်တော်ဘာလုပ်ရမှာလဲ၊ ကျွန်တော်လည်း ဘာမှမလုပ်တတ်ပါဘူး”ဟု တင်ပြ လိုက်ရာ – 
  • “အေး ဗိုလ်စောမောင် မင်းတို့ ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်အောင် ဒေါက်တာမောင်မောင်ရှိတယ်၊ သူက ဥပဒေနဲ့ အညီ လုပ်ဆောင်ဖွယ်ရာရှိသည်များကို လမ်းညွန်ပြပါလိမ့်မယ်၊ ကဲမင်းတို့ သွားကြတော့၊ မောင်မောင် မင်းက ဥပဒေ အကြောင်းနှင့် ညီညွတ်အောင်လုပ်ရမယ့် လုပ်ငန်းတွေကို ရှင်းပြပြီး စနစ်တကျဖြစ်အောင်၊ ဥပဒေနှင့်အညီဖြစ်အောင် လုပ်ပေးလိုက်ပါ ”လို့ပြောပြီး သူ့အိမ်ကို ပြန်ထွက်သွားပါတော့သည်။ (နှာ ၆၅ – ၆၆) 
“နံပတ်ဝမ်း” ဘာလဲ ဆိုတဲ့ အချက်မရှင်းဘူးလား။
 
 “မင်းတို့ ထိန်းနိုင်သလားမေးတယ်၊ ဘယ်သူထိန်းလို့ ပြောတယ်။ ဘယ်လိုလုပ်ရမယ်လို့ ညွန်ကြားတယ်” ဒီလိုစကားတွေ ပြောနိုင်သူဟာ “နံပတ်ဝမ်း” ဖြစ်တယ်။ 
 
ဒါ့အပြင် တရားဥပဒေနဲ့ တရားဥပဒေပညာရှင်(ဒေါက်တာမောင်မောင်) ရဲ့အခန်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရ မှာပါ။ “မောင်မောင်- မင်းက ဥပဒေကြောင်းနဲ့ ညီအောင်လုပ်ပေးလိုက်” တဲ့။ တရားဥပဒေအထက်မှာဥပဒေပညာရှင်အထက်မှာ “နံပတ်ဝမ်း” ရှိနေတာရှင်းနေပြီပဲ။ (နဝတ)စစ်အစိုးရလက်ထက် ထွက်ပေါ်လာတဲ့ “အမိန့်ကြေညာချက်တွေ”ဟာ ဒေါက်တာမောင်မောင် နှုတ်တိုက်ချပေးတာကို အာဏာသိမ်းစစ်ဗိုလ်များလက်နဲ့ကူးရေး – လက်နှိပ်စက်ရိုက်ကာ ထုတ်ဝေရတဲ့ “ဥပဒေတွေ” ဖြစ်ပါတယ်။ 
 
ဗိုလ်စောမောင်ကို ဖယ်ရှားခြင်း 
 
“နံပတ်ဝမ်း” ခန့်အပ်ထားတဲ့ ကာချုပ် ကို “နံပတ်ဝမ်း” ကပဲဖယ်ရှားနိုင်ပါတယ်။
 
 ဒီအချက်နဲ့ပတ်သက်ပြီး   (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောင်မောင် ကို ဖယ်ရှားတဲ့ ကိစ္စနဲ့သာဓကပြပါ့မယ်။
  • ကျွန်တော်နှင့်ကျွန်တော့်သား ဒေါက်တာရဲနိုင်ဝင်းက ကျွန်တော့်အိမ်က ကားနှင့်ထွက်ခဲ့ကြကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုဝင်ခေါ်ရပါသည်။ ကျွန်တော့်ကားနှင့်ပင်သုံးယောက်စီးသွားကြပါသည်။ ကျွန်တော့်သားက ကားမောင်းပါသည်။ အခြားယာဉ်မောင်း မပါစေပါဘူး။ အေဒီလမ်းအိမ်ရောက်တော့ ဥက္ကဋ္ဌကြီးဦးနေဝင်း(ငြိမ်း)ကို အခြေအနေအရပ်ရပ် ရှင်းပြ လိုက်တော့ “ဒါဆို ဒီကိစ္စက တိုင်းပြည်၏ မကောင်းကျိုးကို ဖြစ်နိုင်သလဲ၊ တပ်မတော်အတွက်လည်း အခြေအနေ ကောင်းဖြစ်မလာဘူး၊ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်းတာဝန်ယူဆောင်ရွက်စရာရှိတာ ဆောင်ရွက်လိုက်ပါ၊ ဗိုလ်ချုပ်ခင်ညွန့်က ကူညီဆောင်ရွက်ပေးပါ၊ ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်ပါ” ဟု အကြံဉာဏ်ပေးပါသည်။ (စာမျက်နှာ ၁၉၁) 
ဒီဖြစ်ရပ်ဟာ ၁၉၉၂ ပတ်ဝန်းကျင်ကဖြစ်ရပ်ဆိုတဲ့အချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုအာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျား ပြန်မယ်ဆိုတဲ့ ဗိုလ်စောမောင်ပြောကြားချက်နဲ့ ဆက်စပ်ကြည့်ရမှာဖြစ်ပါတယ်။ ဗိုလ်စောမောင်ကိုဖယ်ရှားတဲ့ အကြောင်းရင်းဟာဒီအချက်ပါပဲ။ ကျန်းမာရေးအကြောင်းပြန်ချက်က စစ်အုပ်စုနဲ့ထောက်လှမ်းရေးက လုပ်ကြံလီဆယ်ထားတဲ့ အကြောင်း ပြချက်မျှသာဖြစ်ပါတယ်။ 
ချုပ်လိုက်ရင် စစ်အုပ်စု “ နံပတ်ဝမ်း” ဆိုတာ အငြိမ်းစားယူထားလည်း “နံပတ်ဝမ်း”ဟာ “နံပတ်ဝမ်း”ပဲဖြစ်တယ်ဆိုတဲ့ အချက် ပါပဲ။ ဘာပဲလုပ်လုပ် “နံပတ်ဝမ်း”ထံ တင်ပြပြီးသဘောထားနဲ့ ညွန်ကြားချက်တောင်းခံကြရစမြဲပါပဲ။ ဒါဟာ စစ်အုပ်စုရဲ့ “နံပတ်ဝမ်း” အစဉ်အလာဖြစ်ပါတယ်။
 
ဒီအစဉ်အလာကို လက်ရှိကာချုပ်ကလည်း လိုက်နာနေဆဲပဲဆိုတဲ့အချက်ကို (The Mainichi) သတင်းဌာနနဲ့ အင်တာဗျူးရာ မှာ ကာချုပ်မင်းအောင်လှိုင်ပြောခဲ့တဲ့အချက်တွေကို မှတ်မိနေကြဦးမယ်လို့ထင်ပါတယ်။ 
အဲဒီအင်တာဗျူးထဲက လိုအပ်သလောက်ပဲ ကောက်နုတ်ဖော်ပြပါ့မယ်။ 
 
“သူနဲ့တော့ သူက တပ်မတော်ရဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့အနေနဲ့လည်း ကွန်တော်တို့ရဲ့ တပ်မတော်ရဲ့ မိဘတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း အခါကြီးရက်ကြီးတွေ ဥပမာအဖြစ် သီတင်းကျွတ် ကန်တော့တာကတော့ ရိုးရာ ထုံးတမ်းဖြစ်ပါတယ်၊ မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက်နေ့မှာ ကန်တော့တာရှိတယ်၊ ရံဖန်ရံခါမှာတွေ့ဆုံမှုတွေရှိတယ်။ ရှိတဲ့အခါ ကျတော့လည်း သူ့အနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာလိုအပ်တဲ့ ဆိုဆုံးမမှုတွေရှိပါတယ်။ ဒါကတော့ အသက်ကြီးတဲ့သူက ငယ်တဲ့ သူကိုမိဘက သားသမီးကိုဆိုဆုံးမမှုပြုတဲ့သဘောပဲရှိပါတယ်။ အဓိကကတော့တိုင်းပြည်ကောင်းဖို့၊ ပုဂ္ဂိုလ်ရေးအရကောင်းဖို့၊ တပ်မတော် ကောင်းဖို့ ပြောတာပဲရှိပါတယ်။”  
 
ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလိုပဲ ကာချုပ်အကြာကြီးလုပ်သွားသူဖြစ်ပါတယ်။ နှစ်ပေါင်း နှစ်ဆယ်နီးပါး ကာချုပ် လုပ်သွား တာပါ။ ဗိုလ်နေဝင်းနဲ့မတူတဲ့အချက်က  ဗိုလ်နေဝင်းလို စိတ်ကြိုက်ကာချုပ်တွေ အများကြီးတင်မသွားနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကတော့ ဗိုလ်သန်းရွှေ စိတ်ကြိုက်တင်ထားတဲ့ကာချုပ်ဖြစ်ပါတယ်။
 
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင် သက်ပြည့်ပင်စင်သွားမလား၊ စစ်တပ်ဥပဒေတစ်ခုနဲ့ ခြွင်းချက်ပြုပြီး ကာချုပ်သက်တမ်း ကာလ ကို ဆွဲဆန့်လေမလား။ သို့တည်းမဟုတ် ကာချုပ်သစ်တင်မလားဆိုတာ “နံပတ်ဝမ်း” ဗိုလ်သန်းရွှေက ပဲအဆုံးအဖြတ်ပေးမှာပါ။ နံပတ်ဝမ်းရဲ့ အဲဒီအဆုံးအဖြတ်ကို ပုဒ်မ ၃၄၂ နဲ့အညီဖြစ်အောင်လုပ်ကြမှာသာဖြစ်ပါတယ်။ 
 
ဒါ့အပြင် ကာချုပ် အလားအလာရှိသူတွေကလည်း ဒုကာချုပ်၊ (ညှိကွပ်) တို့အပါအဝင်  ကက(ကြည်း) ရုံးမှာ တပုံကြီး ရှိနေကြ တာပါ။ ကြိတ်ပြိုင်တာတွေ ကြိတ်ပြီးသစ္စာခံထားကြတာတွေလည်း အများကြီးဖြစ်နေမှာပါ။ ဒီတော့ “နံပတ်ဝမ်း” ဗိုလ်သန်းရွှေအတွက် ကြိုက်ကောင်ရွေးစရာ အခွင့်အလန်းတွေ သိပ်ကိုများပြားနေပါလိမ့်မယ်။ ဒီတော့ ကာချုပ်လောင်းလျာဟာ “နံပတ်ဝမ်း” အပေါ်အလွန် သစ္စာအရှိဆုံးသူ မှတပါး အခြားဖြစ်စရာ မရှိပါဘူး။ 
 
ကာချုပ်ဖြစ်ပြီဆိုရင်လည်း တချိန်က ဗိုလ်စောမောင် ပြောခဲ့သလို “ကျွန်တော် ဘာလုပ်ရမှာလဲ၊ ကျွန်တော်လည်း ဘာမှ မလုပ်တတ်ပါဘူး” ဆိုတာမျိုး မဖြစ်ရအောင်၊ “မောင်မောင်- မင်းက ဥပဒေကြောင်းနဲ့ ညီအောင်လုပ်ပေးလိုက်” ဆိုတဲ့ ညွန်ကြားချက်မျိုး မပေးရလေအောင် “၂၀၀၈ အခြေခံဥပဒေ” ထဲမှာ အပြည့်အစုံရေးဆွဲပေးထားပြီးဖြစ်ပါတယ်။ 
 
ဒါကြောင့် ကာချုပ်သစ်ဆိုတာ “နံပတ်ဝမ်း” အပေါ်သစ္စာရှိပြီး၊ “၂၀၀၈ အခြေခံဥပဒေ” ကို အသက်ပေးကာကွယ်မယ့် သူပဲဖြစ် ပါလိမ့်မယ်။ 
ညွန်း – 
  • ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ – မှော်ဝန်းသားဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) – တတိယအကြိမ် ၂၀၁၅ ဧပြီ
  • ၁၂ -၆-၂၀၁၅ မြဝတီသတင်းစာ – The MAINICHI သတင်းဌာနနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်တာဗျူး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – နံပတ်ဝမ်း၊ ကာချုပ်နဲ့ အခြေခံဥပဒေ
  1. ဟုတ်ပါတယ်ဗျာ ပုံသေနည်းအရတော့ နိုင်ငံတော်အာဏာ စစ်တပ်လက်က မလွတ်နိုင်။

    ဒါပေမဲ့ ၂၀၁၆ လွှတ်တော် ဂရုန်းသုံးကားဖြစ်ပြီး စစ်တပ်က ဂင်ထိန်းတဲ့ ထိုင်းနိုင်ငံ ပုံစံဖြစ်။ အကောင်းမြင်ဝါဒအရ ညွန်ပေါင်းအစိုးရဖွဲ့ပေးဘဘ ဦးသန်းရွှေ လုပ်ပေးနိုင်ပါသလား? 🙂 🙂

Comments are closed.