ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ရွေးကောက်ပွဲ နဲ့ ဆန္ဒမဲ တစ်ပြား

Cartoon Saw Ngo – 2011

ဇင်လင်း – ရွေးကောက်ပွဲ နဲ့ ဆန္ဒမဲ တစ်ပြား
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၅

ဒီ ဆောင်းပါးကို စတင်ရေးသားချိန်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ (၁၀၀) ရက်ပဲလိုပါတော့တယ်။ ဇူလိုင် ၂၁ ရက်နေ့ က ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ပေါင်းစုံမှ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံစဉ် မဲစာရင်းမှားယွင်းမှုတွေကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲစာရင်းအမှားပြင်ဖို့ ရွေးကောက်ပွဲကို နောက်ဆုတ်ပေးသင့်ကြောင်း တင်ပြပေမယ့် ကော်မရှင်ဥက္ကဌ ဦးတင်အေး က သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့ မှာ မဖြစ်မနေကျင်းပသွားမှာဖြစ်တယ် လို့ပြန်ကြားသွားပါတယ်။

အဲဒီရက် အတောအတွင်း သတိပြုမိတာက မြန်မာပြည်အထက်ပိုင်းမှာ ဇူလိုင် ဒုတိယအပတ် နောက်ပိုင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းရေမြုပ်ခဲ့ရပြီး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆိုးဆိုးရွားရွားရေဘေးသင့်ခဲ့ပုံ ကို မီဒီယာ သတင်းတွေမှာ တွေ့ရပါတယ်။ ဒီအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာလည်း ရေကြီးရေလျှံပြီး လမ်းတံတားတွေ ပျက်စီး၊ ဆည်ကျိုးပေါက်မှာ စိုးရိမ်နေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အခြေအနေက သွားရေးလာရေး အလွန်ခက်ခဲအောင် ရေဘေးသင့် တာကြောင့် ပြည်သူတွေ အစားအစာ၊ သောက်ရေ ပြတ်လပ်မှုကြုံနေကြရတယ်လို့ဆိုပါတယ်။  မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း (၇) ဦးသေဆုံးခဲ့ပြီး၊ ဒေသခံတွေ  သောင်းချီတဲ့ ရေဘေးသင့်ခဲ့ ကြပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဇူလိုင် ၂၄ ရက်၊၂၅ ရက်က မိုးသည်းထန်မှုကြောင့် မိုးကုတ်မြို့နယ်မှာ တောင်ပြိုမှု၊ မြေပြိုမှုတွေ ဖြစ်တဲ့အတွက် အသေအပျောက်တွေ ရှိခဲ့ကြောင်း မီဒီယာသတင်းတွေက ဖေါ်ပြကြပါတယ်။ ရှမ်းပြည်နယ် သီပေါမြို့မှာ လည်း ဇူလိုင် ၂၅ ရက်က မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးပြီး နန့်ပေါ့ချောင်းတံတား ကျိုးကျခဲ့ပြီး၊  လူ ၁၀ ဦးထက်မနည်း တံတားနဲ့အတူ မျောပါသွားတယ်လို့ ဆိုပါတယ်။

အခုလို လူသေဆုံးမှု အပါအ၀င် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေဘေးသင့် ဒေသတွေထဲက အချို့ဒေသ ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သွားရောက်ခဲ့ကြကြောင်း သတင်းတွေလည်း တွေ့ပါတယ်။

ဒီ ရေကြီးရေလျှံမှုဖြစ်ရပ်က အပေါ်ယံကြည့်ရင်တော့ ရာသီဥတုကိုပဲ အပြစ်တင်ရမလိုလိုပါ။ တကယ်တော့ ဒီဖြစ်ရပ်က ဘာကို သက်သေ ပြနေသလဲ ဆိုရင် သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုရဲ့ ရလဒ်တွေကို လက်တွေ့ကျကျပြသနေခြင်း ဖြစ်ပါတယ်။ သစ်တောတွေ ဘယ်ရောက်ကုန်သလဲ ဆိုတဲ့ကိစ္စကိုတော့ မြန်မာလူထု အတော်များများ သိနေကြပြီးဖြစ်ပါတယ်။ ရွှေ နဲ့ သယံဇာတအမျိုးမျိုး တူးကြ ဖေါ်ကြလို့ တောင်ကုန်းအတော်များများ ပျောက်ဆုံးသွားတာကို တော့ သိသူနည်းပါတယ်။ လက်ပန် တောင်းက ကြေးစင်တောင်နဲ့ စပယ်တောင်တွေ ကွယ်ပျောက်ခဲ့ရတဲ့ ဥပမာကိုတော့ သိသူတွေ ရှိပါတယ်။ ပြန်ပြီး အစကောက်ရရင် အခုလို ရာသီဥတုဖေါက်ပြန် မိုးကြီး ရေကြီး ပြည်သူလူထု ဒုက္ခဘေးမျိုးစုံကြုံရတာဟာ ဘယ်သူတွေမှာ တာဝန်ရှိပါ သလဲ။ ရှေးက မြန်မာကြီးတွေ ဆိုထုံးအတိုင်း ဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ မင်းကျင့်တရားနဲ့အညီ ကျင့်ကြံမှုမရှိဘဲ ဖေါက်လွဲ ဖေါက်ပြန်သစ္စာပျက်ကြရင် မိုးလေ၀သ ဖေါက်ပြန်ပြီး တိုင်းပြည် ဘေးဥပါဒ်ကြုံတတ်တယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ အခုလည်း မှန်နေဆဲပဲလို့ ပြောနိုင်ပါတယ်။

အရင် နှစ်ပေါင်း ၅၀ စစ်အစိုးရတွေရဲ့ မင်းကျင့်တရားပျက်ပြားမှုတွေကြောင့် မြန်မာပြည်ဟာ ဒေသအတွင်း အဆင်းရဲဆုံးနဲ့ Least Developed Country ဘ၀ကို ရောက်ခဲ့ရတာတော့ ကမ္ဘာသိ ဖြစ်ခဲ့ပါတယ်။ လက်ရှိ အစိုးရကလည်း အရင်အစိုးရတွေ လက်ထက်က အကျင့်ပျက်ပြား နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားခဲ့သူတွေကို ဖေါ်ထုတ်ပေးခြင်း၊ တရားဥပဒေနဲ့အညီ အရေးယူခြင်းတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါထက်ဆိုးတာက လက်ရှိ အစိုးရထဲမှာလည်း အလားတူ ပြဿနာမျိုးတွေ ဆက်ဖြစ်နေပေမယ့် အရေးမယူတဲ့ ကိစ္စပါပဲ။ သစ်တောတွေ ကို ဆယ်စုနှစ်နဲ့ ချီပြီး တဖက်နိုင်ငံကို ခိုးထုတ်ရာမှာ (အောက်ခြေ၀န်ထမ်းတွေကို အရေးယူပြပေမယ်) အဓိကတာဝန်ရှိသူတွေကို အရေးမယူခြင်းဟာ၊ အစိုးရအဖွဲ့ကို သန့်ရှင်းရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ ဓါတ်ငွေ့အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ တွေကို မတန်တဆဈေးနဲ့ တခြားနိုင်ငံကို ရောင်းစားနေတာကလည်း အစိုးရအဖွဲ့ကို ကောင်းမွန်တဲ့ အစိုးရလို့ပြောဖို့ ခက်နေပါတယ်။ အောက်ကျနောက်ကျဖြစ်နေတဲ့ တိုင်းပြည်ကို ခေတ်မှီစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ လျှပ်စစ်နဲ့ဓါတ်သတ္ထုအမျိုးမျိုးကို ပြည်တွင်းမှာ မသုံးစွဲပဲ တခြားနိုင်ငံကို ရောင်းစားနေခြင်းဟာ အစိုးရအတွင်းမှာ ကိုယ်ကျိုးရှာသူတွေ ရှိနေသလားလို့ မေးခွန်းထုတ်စရာ လည်း ဖြစ်ပါတယ်။ ပိုပြီး အရုပ်ဆိုးအကြည့်တန်တာက တိုင်းပြည်ရဲ့ သယံဇာတတွေကို ကာကွယ်ဖို့ တောင်းဆိုသူတွေကို ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်တွေကို လေးလေးနက်နက်သုံးသပ်ကြည့်မိတာက အခုလာမယ့် နိုဝင်ဘာ (၈)ရက်နေ့ ရွေးကောက်ပွဲနဲ့လည်း သက်ဆိုင်နေလို့ ဖြစ်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့အတွင်းမှာ အဓိကတာဝန်ရှိသူတွေ အများစုက၊ နောက်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ ပြန်ပါ နိုင်ဖို့ ပြင်ဆင်နေကြတာကိုတွေ့နေရပါတယ်။ တကယ်တော့ လက်ရှိအစိုးရ ၅-နှစ်သက်တမ်းအတွင်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ဘာတွေ တိုင်းပြည်အကျိုးပြုကိစ္စတွေ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ ၂၀၁၄ နိုင်ငံတကာ အစီရင်ခံချက်တွေအရတော့ မြန်မာနိုင်ငံသား တစ်ဦးချင်းမှာ အကြွေး ၄၆၄ ဒေါ်လာစီ တင်ရှိနေတယ်လို့ ဆိုပါတယ်။ တိုင်းပြည်အပေါ် လက်ရှိအစိုးရတက်စမှာ ဒေါ်လာ ၁၁ ဘီလျံ အကြွေးတင်နေခဲ့ပြီး၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေး ခဲ့တာကြောင့် နိုင်ငံတကာကြွေးမြီတွေ လျှော့ချပေးခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ နိုင်ငံတကာအကြွေး ဒေါ်လာ ၅ ဘီလျံကျော် တင်နေ သေးတယ်။

အခု ဦးသိန်းစိန် အစိုးရ စီမံခန့်ခွဲတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း ဘတ်ဂျက် စာရင်းအင်းအရ သမ္မတဦးသိန်းစိန်ရဲ့ ၄ နှစ်တာ အုပ်ချုပ်မှုကာလအတွင်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ တစ်သောင်းကျော်အထိ မြင့်တက်လာ ခြင်းပါပဲ။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ သူ့သက်တမ်း ၄-နှစ် ၅-နှစ်ကာလ အတွင်း တိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်ခဲ့ သလား။ ဒါမှမဟုတ် ဆုတ်ယုတ်စေလိုတဲ့ စေတနာဖြင့် မဟုတ်သည့်တိုင် အစိုးရစီမံခန့်ခွဲမှု ချွတ်ချော်မှုတွေကြောင့် အခုလို ဘတ်ဂျက် လိုငွေတွေ ကြောက်ခမန်းလိလိ မြင့်တက်ခဲ့တာလား။ မေးစရာမေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ ချုပ်လိုက်ရင် ဦးသိန်းစိန်နဲ့တကွ သူ့အစိုးရ အဖွဲ့ဝင်အားလုံး တာဝန်ယူမှု တာဝန်ခံမှုအရ နောင်လာမယ့် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးမခံသင့်တော့ပါဘူး။ ဦးသိန်းစိန်အနေနဲ့ နအဖ အစိုးရခေတ်မှာလည်း ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့သူဖြစ်တာကို ပြည်သူက မမေ့လောက် သေးပါ။ ဒါကြောင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၄ ကနေ တွက်ကြည့် ရင် တိုင်းပြည်ကို သူ စီမံကွပ်ကဲခဲ့တာ စုစုပေါင်း (၈)ကျော် ဖြစ်ပါတယ်။ ဒီလောက် လုပ်ဆောင်ပြီးခဲ့သော်လည်း တိုးတက်မှုရလဒ် အနေနဲ့ အောင်မှတ် မပြည့်တာသေချာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရတစ်ဖွဲ့လုံး မိမိတို့ အသိစိတ်နဲ့ မိမိတို့တာဝန်ယူပြီး၊ မြန်မာပြည် နိုင်ငံရေးမှ အနားယူကြဖို့သင့်တယ်လို့ မြင်ပါတယ်။

ဒါကြောင့် လာမယ် နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ တိုင်းပြည်ကို ဆင်းရဲတွင်းထဲက ဆွဲထုတ်ကယ် မပေးနိုင်တဲ့ သမ္မတနဲ့ အစိုးရကို ပြည်သူလူထုအနေနဲ့ ထပ်ပြီး ရွေးချယ်ကြမယ်လို့ မထင်ပါ။ ဒါတင်မက၊ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုလည်း အစိုးရသက်တမ်း(၅)နှစ်အတွင်း အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ သူတွေကို ပြည်သူက အာဏာဆက်လက်အပ်နှင်းမယ် မထင်ပါ။

ဒီနေရာမှ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အရင်းခံကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ပြန်ကြည့်ကြဖို့လိုပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေကို လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး ဇွတ် အတည်ပြုခဲ့ကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပြည်တွင်းပြည်ပ ဆန့်ကျင်နေတဲ့ကြားက အမျိုးသားညီလာခံကို (၁၄)နှစ်ကြာ ပြုလုပ်ခဲ့တယ်။ လူထု မနှစ်သက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းဆိုတာကို အဲဒီညီလာခံက ဇွတ်ချပေးခဲ့ တယ်။ ၂၀၀၈ မေလဆန်းမှာ နာဂစ်မုန်တိုင်းကြောင့် နိုင်သူနိုင်ငံသားတွေ သိန်းနဲ့ချီ သေကျေပျက်စီးကြလို့ သောကမီးတောက်လောင် နေချိန်မှာ လူထုဆန္ဒခံယူပွဲ အတုကျင်းပပြီး၊ ပြည်သူသဘောမတူတဲ့ ဖွဲ့စည်းပုံကို အတည်ပြုခဲ့ကြတာတယ်။

အဲဒီဖွဲစည်းပုံကို ရေးဆွဲပြီး၊ ဇွတ် အတည်ပြုခဲ့တဲ့ အစိုးရမှာ ၀န်ကြီးချုပ် တာဝန်ယူခဲ့သူဟာ လက်ရှိ သမ္မတဦးသိန်းစိန်ပါပဲ။ ၂၀၁၅ခုနှစ် ဇွန် ၂၅ ရက် နေ့က  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံး ဖြတ်ပါတယ်။ လုံလောက်တဲ့ ထောက်ခံမဲ မရရှိခဲ့ပါ။ လူထုလိုလားတဲ့ အဆို ရှုံးနိမ့်ပါတယ်။ ဘာကြောင့်လဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ရွေးကောက်ခံတွေ မဟုတ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံမှာ ၇၅% က ရွေးကောက်ခံရ သူတွေ ဖြစ်တယ်။ ၂၅% က စစ်ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခံရသူတွေ ဖြစ်တယ်။ ဒီ တပ်ကိုယ်စားလှယ်တွေက အထက်အမိန့်ကို နာခံ မဲထည့်ရသူတွေ ဖြစ်တယ်။ တကယ်တော့ အဲဒီ မဲ ၂၅% က စစ်ဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ အလိုကျ မဲတွေလည်း ဖြစ်နေတယ်။ ဒါကြောင့် လူထုဘက်က အဆိုတွေတင်တိုင်း ရှုံးနိမ့်ရခြင်းပါပဲ။ ဒီ အစဉ်အလာကို ဖျက်သိမ်းနိုင်ရေးအတွက် လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံသားတစ်ဦးချင်း အနေနဲ့ မိမိတို့ရဲ့ မဲတစ်ပြားကို မလွဲမမှား အသုံးချကြဖို့ပါပဲ။

ဒီတော့ ၂၀၁၅ အလွန် လွှတ်တော်မှာ လူထုလိုချင်တဲ့ ဒီမိုကရေစီပုံစံကို ဖေါ်ဆောင်ဖို့ဆိုရင် လူထုကိုယ်စားလှယ် အစစ်အမှန်တွေကို လူထုကိုယ်တိုင် ရွေးကောက်တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ယခုတစ်ကြိမ် ရွေးကောက်ပွဲမှာ လူရွေးမမှာဖို့၊ မဲထည့်မမှားဖို့ အလွန်အရေးကြီးပါတယ်။ အသည်းကြားက မဲတစ်ပြားနဲ့ ဒီမိုကရေစီအရွေ့ တစ်ခုကို ပြိုင်တူ တွန်းကြရာ မှာ၊ ရခဲလှတဲ့ အခွင့်အရေးကို တိကျမှန်စွာ အသုံးချရေး တာဝန်ဟာ  မဲဆန္ဒရှင်ပြည်သူတို့ ပုခုံးပေါ်ကျရောက်လာပါပြီ။  ပြည်သူတို့ တာဝန် ကျေပွန်မြဲ ကျေပွန်ကြလိမ့်မယ် လို့ ယုံကြည် စိတ်ချလျှက် ရှိကြောင်းပါ။ ။။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts