သတင်းပဒေသာ

အစိုးရ၏ စာပေမူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ထုတ်ဝေသူများဆီက e-book အချောများ တောင်းဆိုမှု ရှင်းလင်းမည်ဟု ဆို

 

အစိုးရ၏ စာပေမူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ထုတ်ဝေသူများဆီက e-book အချောများ တောင်းဆိုမှု ရှင်းလင်းမည်ဟု ဆို

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅

၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ကြံ့ဖွံ့အစိုးရက စာပေစိစစ်ရေးဌာနကို စာပေမူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် စာနယ်ဇင်းစည်းမျည်းများ တိုးချဲ့လာရာမှာ စာအုပ်ထုတ်ဝေသူတွေထံက မိမိတို့စာအုပ်ကို ပုံနှိပ်ဗားရှင်းအပြင် အီးလက်ထရောနစ်စာအုပ်အဖြစ်ပါ ကော်ပီများ တောင်းခံနေတာ လအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ထုတ်ဝေသူအချို့က ၎င်းတို့ စာအုပ်များကို အီးဘုတ်အဖြစ် အင်တာနက်မှာ အလွဲသုံးစားဖြန့်ချိလာကြမှာကို စိုးရိမ်ကြတဲ့အတွက် ကန့်ကွက်နေကြသော်လည်း အစိုးရရဲ့ စာပေမူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ထုတ်ဝေသူတွေကို ဖိအားပေးတောင်းဆိုနေဆဲ ဖြစ်ပါတယ်။ အခုတပတ် ဇူလိုင် ၃၀မှာတော့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး ခန်းမမှာ အဆိုပါကိစ္စ ရှင်းလင်းပွဲလုပ်ပေးမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ထုတ်ဝေသူများ ပုံနှိပ်သူများဆိုတာ မိမိတို့ ပုံနှိပ်စာအုပ်ကို ထုတ်ဝေဖြန့်ချိ ရောင်းချတဲ့ လုပ်ငန်းရှင်များသာ ဖြစ်ပါတယ်။  အီးဘုတ်အဖြစ် ပုံစံတမျိုးနဲ့ အစိုးရစာပေဌာနကို ယေဘူယျအားဖြင့် ပေးအပ်လိုခြင်း မရှိပါဘူး။ မူပိုင်ခွင့်အရလည်း ထုတ်ဝေသူများနဲ့ ပုံနှိပ်သူများဟာ ၎င်းတို့ စာရေးသူများထံက ပုံနှိပ်ဗားရှင်းကိုသာ မူပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဒါကိုပဲ အစိုးရဌာနကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ အီးဘုတ်ကိုသာ ထုတ်လုပ်ပြီး အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းတွေကို အပ်နှံရတယ် ဆိုရင် စာရေးသူများနဲ့ ချုပ်ဆိုထားတဲ့ ပုံနှိပ်စာအုပ်ထုတ်ဝေခွင့် မူပိုင်ခွင့်ဘောင်ကို ကျော်လွန်တယ်လို့ မှတ်ယူရမှာဖြစ်လို့ စာရေးသူများကိုယ်တိုင်က ကန့်ကွက်နိုင်တယ်လို့ မိုးမခမီဒီယာကတော့ ယူဆကြောင်းပါ။

 

မိုးမခကတော့ မြန်မာအစိုးရရဲ့ စာပေမူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနကို ပုံနှိပ်စာအုပ်များ ကော်ပီပေးအပ်ဖို့ကို သဘောတူပါတယ်။ ပုံနှိပ်စာအုပ်တအုပ်ကို အီးဘုတ်အဖြစ် ကော်ပီပုံစံပြောင်းပြီး အစိုးရဌာနကို ပေးအပ်ဖို့တော့ မလိုအပ်ဘူးလို့ သဘောထားပါတယ်။ ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေက အီးဘုတ်ထုတ်တာမို့လို့ အီးဘုတ်ကော်ပီ ပေးအပ်ရတယ်ဆိုရင် သီးခြားစည်းမျဉ်းအဖြစ် စဉ်းစားရမှာဖြစ်ပါတယ်။ ပုံနှိပ်စာအုပ်ကို အီးဘုတ်ပြောင်းပြီး အစိုးရကို ပေးအပ်စရာ မလိုဘူးလို့ တင်ပြလိုပါတယ်။ မိမိတို့ မိုးမခလစဉ်မဂ္ဂဇင်းကို ပြည်တွင်းမှာ ပုံနှိပ်အဖြစ်ပဲ ထုတ်ပါတယ်။ အီးဘုတ်လည်း မထုတ်ပါ။ ထုတ်ဖို့လည်း စိတ်မကူးပါ။ အီးဘုတ်ပြောင်းပြီးလည်း မည်သူ့ကိုမှ ပေးစရာမလိုပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts