မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – တိုင်းစည်းတယောက်ရဲ့  ထူးခြားတဲ့လုပ်ကွက်

၁၉၉၀ ရန်ကုန် ဂန္ဓီခန်းမ ညီလာခံက စုံညီခဲ့တဲ့ NLD အမတ်များ

အုန်းနိုင် – တိုင်းစည်းတယောက်ရဲ့  ထူးခြားတဲ့လုပ်ကွက်
၁၉၉၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း (၁၂)
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၅

နောက်တနေ့ မနက်ရှစ်နာရီလောက်ကျတော့ ဦးမြလေး၊ဦးပိုက်ခြုံနဲ့ ဗိုလ်မှူးဟောင်း မောင်အေးတို့ သုံးဦးဟာ အင်းမမှာနေတဲ့ သဲကုန်းမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးနဲ့အတူ ကျနော့်အိမ်ရောက် လာပြန်တယ်..။ မနေ့က ဦးမြလေး ၊ဦးပိုက်ခြုံတို့နဲ့အတူ ဗိုလ်မှူးဟောင်း မောင်အေးလည်း ပါတယ်..။ သူက သူ့ ဇာတိရွာ ဘိုကုန်းကိုဆက်သွားတယ်တဲ့..။ ဦးမြလေးတို့နှစ်ယောက်ကတော့ ကျနော့်အိမ်က လက်မခံတော့ အင်းမဦးအေးအိမ်မှာ သွားပြီး ညအိပ်ကြတယ်..။ ဒီမနက်မှ ဦးအေး ကိုပါ…ပေါင်းတည်ခေါ်ပြီး လာခဲ့ကြတာ..ပါ။

အင်းမဦးအေးက မနေ့က ဘယ်လိုဖြစ်ကြတာလဲ မေးတော့..

“ကျနော့်ကို ပြစ်တင်ရှုံ့ ချ စွဲချက်တင်မဲ့  သူတွေကို ကျနော့်အိမ်မှာဧည့်ဝတ်ကျေအောင် ဧည့်ခံနိုင်မှာ မဟုတ်တဲ့အပြင် လူ့သဘာဝအရ နောက်နေ့ မနက်(၁၀)နာရီအထိ အိပ်ချိန်မှအပ တချိန်လုံးငြင်းခုန်နေကြရမှာ..။ ထပ်ပြီး ပြသနာတွေဖြစ်မှာစိုးလို့ တကြောင်းဗျာ..။နောက်တကြောင်းကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ခံ ပါမောက္ခယိုကိုယိုဇိုတာ ရောက်လာတဲ့ အချိန်မှာ အဖွဲ့ချုပ်ရဲ့  အလုပ်အမှုဆောင်ကိုးဦးမှာပါတဲ့ ဦးမြလေးလို လူမျိုးက ရန်ကုန်မှာ ရှိနေသင့်ပါလျှက်နဲ့ နယ်ထွက်လာတာဟာ ရှောင်လာတယ် ထင်လို့ဗျ…။ နောင်..ယိုကိုယိုဇိုတာကြောင့် တခုခုဖြစ်လာရင် အဲဒီတုန်းက ကျနော်ရန်ကုန်မှာမရှိပါဘူးလို့ အလီဘိုင်ပြဖို့ ထွက်လာတယ် ထင်လို့လည်း တကြောင်းဗျာ..”

လို့ နဲနဲပြောပြီး.. ကျန်တာကတော့ နောက်မှခင်ဗျားကို အေးအေးဆေးဆေး ပြောပြမယ်..။အခုတော့ ပြည်ကောလိပ်မှာတက်နေတဲ့ သမီးဆီကို ဘိုင်ဆိုင်ကယ်သွားပို့ရဦးမယ်လို့ ပြောပြီး. အိမ်က ထွက်မယ်အလုပ်မှာ စစ်ထောက်လှမ်းရေးနဲ့ သတင်းတပ်ဖွဲ့က လူနှစ်ယောက် ရောက်လာပြန်တယ်..။

“ဒီနေ့ ဒီမှာ နှစ်မြို့ နယ်အစည်းအဝေးလုပ်မယ်ဆိုတာ ဟုတ်သလား” လို့ မေးတော့

“ဟုတ်တယ်..။တာဝန်ယူလုပ်မဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ တိုင်းစည်းရုံးရေးမှူးများ..အဲဒီမှာပါ..။သူတို့ကို မေးပါ..” လို့ ပြောပြီး ဘိုင်ဆိုင်ကယ်ဆွဲပြီး ထွက်ခဲ့ပါတယ်..။ အိမ်မှာ သမီးငယ်များ ကျန်ခဲ့ပါတယ်..။

ဗိုလ်မှူး ဟောင်း မောင်အေးက ဦးအုန်းနိုင် အကျိုးအကြောင်းရှင်းပါဦး..လို့ပြောတယ်..။

“ဦးမြလေးသာ..မေးပါတော့။ အစည်းအဝေးလည်း ရုံးမှာ (၁၀)နာရီ ဖိတ်ပေးထားတယ်..။ကျနော်တော့ ခွင့်တင်ခဲ့တယ်..။ မတက်တော့ဘူး..။ ပြည်ကို ရထားနဲ့သွားရမှာ ..။ရထားမမီမှာစိုးလို့ ခွင့်ပြုပါ..”လို့ ပြောပြီး ဘူတာကို ထွက်ခဲ့တယ်..။

ဘူတာရောက်တော့ ပြည်ဘက်သွားမဲ့ ရထားက မဆိုက်သေးဘူး..။ပြည်ဘက်က စာပို့ရထားဝင်လာပြီး သဲကုန်းက လူများ ဆင်းလာပါတယ်..။သူတို့လည်း ကော်မတီဝင်အားလုံး မပါပါ..။ ကျနော့်ကိုတွေ့ တော့ အခြေအနေကို မေးကြတယ်..။ အကျိုးအကြောင်းသိတော့ သူတို့လည်း မတက်တော့ဘူးဆိုပြီး ပြည်ဘက် ထွက်မဲ့ လော်ကယ်ရထားကို စောင့်ကြတယ်..။ ရထားဆိုက်တော့ ရထားပေါ်တက်ပြီး ..သူတို့ကသဲကုန်းမှာ ဆင်း..။ ကျနော်က ပြည်ကောလိပ်တက်နေတဲ့ သမီးဆီဆက်သွားခဲ့ပါတယ်..။

နောက်တနေ့ကျတော့မှ ရုံးမှာ မြို့ နယ်စည်းရုံးရေးကော်မတီဝင်များနဲ့ တွေ့ ပြီး သူတို့ဆီက အစည်းအဝေးအကြောင်း ပြန်ကြားရပါတယ်..။

ဦးမြလေးက ဗဟိုမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းပြပြီး ..။ ဦးအုန်းနိုင် ရုံးချုပ်ကို ရောက်လာတဲ့ အကြောင်း..။ ဗဟိုအလုပ်အမှုဆောင်တွေဟာ ဒီမိုကရေစီအဖွဲ့ ချုပ်ဆိုပြီး ကိုယ့် အခွင့်အရေးတောင် ကိုယ်မကာကွယ်နိုင်ကြောင်း..၊ ဗဟိုကော်မရှင်က ဖွဲ့ စည်းရေးနဲ့ ပတ်သက်တဲ့ ညွှန် ကြားချက်ကို ပြန်လှန်မေးခွန်းတောင်မထုတ်ပဲ ဒီအတိုင်းလက်ခံပြီး အောက်ကိုဆက်ညွှန်ကြားတာ မသင့်တော်ဘူးလို့ လာရောက်ပြောဆိုခဲ့ကြောင်း..။ ဒါကို ဥက္ကဌကြီးဦးအောင်ရွှေကို ပြောပြတော့ ဒီကိစ္စကို ပေါင်းတည်က မကျေနပ်ဘူး..။ သွားရှင်းပြချေဆို ၍ လာခဲ့ရကြောင်း..။ ဒီရက်များအတွင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ မှာ နယ်အရပ်ရပ်က ပြသနာမျိုးစုံနဲ့ တဖက်အာဏာပိုင်အဖွဲ့အစည်းရဲ့  ညွှန်ကြားချက် ပြသနာမျိုးစုံ..၊ ရင်ဆိုင်ဖြေရှင်းနေရသည်ကို မြို့ နယ်များမှ နားလည်မှုရှိသင့်ကြောင်း ရှင်းပြတယ်လို့ဆိုပါတယ်..။

ဒီတော့ ပေါင်းတည်မြို့ နယ် စည်းရုံးရေးကော်မတီ ဒုတိယဥက္ကဌ ဦးမြင့်သိန်းက ..

“ဒါဟာ..ဥက္ကဌ ဦးအုန်းနိုင် တဦးတည်းရဲ့  သဘောထားမဟုတ်ဘဲ..၊ မြို့ နယ်မှာ ဆွေးနွေးထားပြီးဖြစ်ကြောင်း.၊ ဗဟိုကို စာနဲ့ပေနဲ့ တင်ပြရင်လည်း အကြောင်းထူးမှာမဟုတ်တဲ့အပြင် ဗဟိုက အန္တရာယ်တောင်ပြန်ပေးချင် ပေးနိုင်တယ်လို့ ယူဆဆုံးဖြတ်ထားကြောင်း..။ ရွေးကောက်ပွဲကော်မရှင်က လာတဲ့ ညွှန်ကြားလွှာကို တိုက်ရိုက် မိတ္တူကူးပြီး အောက်ခြေကို ဆက်ညွှန်ကြားတာကို မကြိုက်တာအပြင်..အဲဒီ့အထဲမှာ ရက်စွဲတွေရှေ့ နောက် မမှန်ဖြစ်နေတာကို ဗဟိုက ဘာတခုမှ ညွှန်းဆိုချက်မပြုပဲ အောက်ခြေကို လိုက်နာခိုင်းတာမို့..ဗဟိုကို မကျေနပ်ကြောင်း..။ ဒါဟာ တဦးတယောက်တည်းရဲ့  သဘောထားမဟုတ်ပဲ မြို့ နယ်စည်းကော်မတီတခုလုံးရဲ့  သဘောထားဖြစ်ကြောင်း..ပြန်လည်ပြောပြလိုက်တဲ့အပြင်  …

ကော်မတီဝင်စိုင်းနေညွန့်က “ဗဟိုအလုပ်အမှုဆောင် အဖွဲ့  ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချန်ထားခဲ့တာဟာ..ဒီနှစ်ဦးကို အမှုဆောင်အဖွဲ့ မှ ထုတ်ပယ်လိုက်တာလား..။ ထုတ်ပြန်ချက်(၁/၉၁)မှာ ရှင်းလင်းထားတယ်ဆိုပေမဲ့  ဒီကိစ္စ မပါကြောင်း..။ ဒါကြောင့် အခု ဗဟိုအလုပ်အမှုဆောင် ဦးမြလေးမှ ရှင်းပြစေလိုကြောင်း တင်ပြပါတယ်..။

ဦးမြလေးက ဒါကို (၁/၉၁)မှာ အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ရှင်းလင်းပြီးဖြစ်လို့ သူ့တဦးတည်းသဘောထား နဲ့ ထပ်မရှင်းလိုဘူးလို့ ဖြေပါတယ်တဲ့..။

ဗိုလ်မှူးဟောင်းမောင်အေးက ဒီမြို့ နယ်မှာ ဆရာကြီးကို ပုဂ္ဂိုလ်ရေးအရ လေးစားလို့ ဖရီးဟန်း (Free hand) ပေးထားကြောင်း..၊ ဒါပေမဲ့ ဆရာကြီးက တက္ကသိုလ်ကျောင်းသားကတည်းက တပ်ဦးဖြစ်လို့ တပ်ဦးအယူအဆအရ လက်ဝဲဆန်ကြောင်း…။ တတ်သိပညာရှင်များ အုပ်စုနဲ့သာ ဆက်ဆံကြောင်း..။ အဖွဲ့ချုပ် ရုံးကို လာရင်လည်း လက်ရှိတိုင်းစည်းရုံးရေးကော်မတီမှ ပုဂိုလ်များထက် သူ့ကျောင်းနေဘက်၊ တပ်ဦးဟောင်း ဒေါ်မြင့်မြင့်ခင်တို့ ၊ ဦးခင်မောင်ဆွေတို့ ၊ ဦးတင်ရွှေတို့ ၊ ဦးစိုးသိမ်း တို့နဲ့သာ တရင်းတနှီး ပေါင်းသင်းဆက်ဆံ ကြောင်း..၊ အခုဆိုရင် ဆရာကြီးရဲ့  အယူအဆဟာ ပိုမိုပြင်းထန်ပြီး အစွန်းကျလာတယ်လို့ ပြောလို့ရကြောင်း မြို့ နယ်ကိုလည်း သူတဦးတည်း ချုပ်ကိုင်ထားကြောင်း..။ ရွေးကောက်ပွဲကာလတုန်းကလည်း ဦးအုန်းနိုင်က ဗဟိုကို ဆန့်ကျင်ခဲ့ကြောင်း..။ ဗဟိုကသာ ဦးအုန်းနိုင်ကို လိုက်လျောရကြောင်း..၊ စတာတွေ ပြောပါတယ်တဲ့..။

ဒီတော့ မြို့ နယ်စည်းရုံးရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးမြမောင်က “ဗိုလ်မှူးမောင်အေးပြောတဲ့. ဖရီးဟန်းပေးထားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ..။ ဒီလို ပေးထားလို့ရော ဦးအုန်းနိုင်က ဘာတွေအလွန်အကျွံ လုပ်နေလဲ..။ အခု ခင်ဗျားတို့ တင်ပြတဲ့ သူ့ရဲ့ အယူအဆတွေဆိုတာ ကျနော်တို့မြို့ နယ်ကလည်း လက်ခံ သဘောတူထားတာတွေပဲ ဖြစ်တယ်..။ ဦးအုန်းနိုင်က မြို့ နယ်ကို ချုပ်ကိုင်ထားတယ်လို့  ဗိုလ်မှူးမောင်အေး ပြောတာဟာ ကျန်တဲ့စည်းရုံးရေးကော်မတီဝင်တွေကို စော်ကားသလို သဘောသက်ရောက်နေတယ်..။ ရွေးကောက်ပွဲကာလ ကိစ္စတွေကို ပြန်ပြောရရင် ဗိုလ်မှူးမောင်အေးရဲ့  လုပ်ဆောင်ချက်အမှားတွေကို ထောက်ပြစရာ အများကြီးရှိတယ်..။ ဒါတွေကို မပြောတော့ပါဘူး..။ အဲဒီကိစ္စတွေအားလုံး ဦးအုန်းနိုင်တဦးတည်းရဲ့  သဘောထားမဟုတ်ဘူး..။ ဒီမြို့ နယ်ရဲ့  သဘောထားဖြစ်တယ်” လို့ ပြန်ပြောပါသတဲ့..။

အဲဒီအချိန်မှာပဲ မြို့ နယ်စည်းရုံးရေးကော်မတီဝင်မဟုတ်တဲ့ ရွာက အဖွဲ့ ဝင်နှစ်ယောက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံကြောင်း..။ ဒေါ်အောင်ဆန်းစုကြည့်ကြောင့် ရွေးကောက်ပွဲ အနိုင်ရတာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးမစွပ်သင့်ကြောင်းတွေ ၀င်ဆွေးနွေးပါသတဲ့..။ သူတို့က တိုင်းစည်းရုံးရေးမှူးတွေကို ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်သူတွေလို့ ထင်ပြီး ၀င်ပြောသွားပုံရကြောင်း..ပြောပြကြပါတယ်..။

ဒီလိုနဲ့ပဲ အစည်းအဝေးပြီးသွားပါတယ်..။ ထူးခြားတာက တိုင်းစည်းရုံးရေးကော်မတီတဦးဖြစ်တဲ့ ဗိုလ်မှူးမောင်အေးက အစည်းအဝေးတက်ရောက်သူများ လက်မှတ်ထိုးစာရင်းနဲ့ အစည်းအဝေးမှတ်တမ်းများ ကို မဆီမဆိုင် သိမ်းယူသွားပါတယ်..။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts