သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – စစ်တံတိုင်းကြီးထူတယ်ဆို အားနဲ့တွန်းရင် ခံနိုင်ရိုးလားနှင့် မောင်မိုးသူ

မောင်မိုးသူ – စစ်တံတိုင်းကြီးထူတယ်ဆို အားနဲ့တွန်းရင် ခံနိုင်ရိုးလားနှင့် မောင်မိုးသူ
(မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ၏ ဆောင်းပါး)
၂၄ ဇူလိုင်လ ၂၀၁၅

စစ်တံတိုင်းကြီးကတော့ ထူတာအမှန်ပါပဲ။

ထူဆို စစ်တံတိုင်းကြီးကိုတည်ဆောက်ခဲ့တာကလည်း နှစ်ပေါင်း ၅၀ကျော် ကြာမြင့်ခဲ့ပြီကိုး။

မြန်မာနိုင်ငံရဲ့ စစ်တံတိုင်းအစကတော့ ဝန်ကြီးချုပ်ဦးနုက အိမ်စောင့်ဆိုပြီး စစ်တပ်ကို အာဏာအပ်ပေးခဲ့တာက စရမယ်ထင် ပါတယ်။ ၅၈ ကပေါ့။အာဏာအရသာကို သိပြီးတဲ့နောက်တော့ ၆၂ ခုမှာ စစ်တပ်က တကယ်ပဲ အာဏာသိမ်းယူလိုက်တော့တာပဲ။ဆိုတော့ မြန်မာ့သမိုင်းမှာ စစ်တပ်အုပ်စိုးမှုသမိုင်းဟာ ၆၂ မှာ တိတိကျကျစတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ယခု ၂၀၁၅ ဆိုတော့ ၅၃ နှစ်ရှိပြီပေါ့။စစ်အုပ်ချုပ်ရေးသမိုင်းအစ စစ်အာဏာရှင်ဟာ ဗိုလ်ချုပ်နေဝင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်နေ ဝင်းစစ်အစိုးရဟာ စစ်အုပ်ချုပ်ရေး မှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်ပြီး  ပထမ စစ်အစိုးရအမည်ပြောင်း မဆလအစိုးရပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ အဲသည် စစ်အစိုးရဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံအဖြစ် ကနေ အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် စတင်ဆောင်ရွက်လိုက်ခြင်းပါပဲ။ ပြည်သူပိုင်သိမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်ခုရဲ့ အဓိကဖွံ့ဖြိုးတိုးတက်မှုဆိုတာ စီမံခန့်ခွဲမှုဘက်မှာ မူတည်ပါတယ်။ စနစ်တကျ လိမ္မာကျွမ်းကျင်စွာ စီမံအုပ်ချုပ် နေရတဲ့နေရာတွေကို အမိန့်တစ်ခုသာ နာခံတတ်တဲ့သူတွေကို စီမံခန့်ခွဲမှုလုပ်ခိုင်းလေတော့ ဌာနဆိုင်ရာတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ တရားရေးဌာနတွေ၊ ပညာရေးကဏ္ဍတွေ အားလုံး ချွတ်ခြုံကျ ပျက်စီးခဲ့ရပါတယ်။ သည်ကြားထဲမှာ တံခါးပိတ် ဝါဒကျင့်သုံး နိုင်ငံတကာနဲ့ အဆက်အသွယ်ဖြတ်လိုက်လေတော့ စီးပွားရေး အနိမ့်ကျဆုံး၊ ပညာရေးအနိမ့်ကျဆုံး၊ အကျင့်စာ ရိတ္တ အပျက်စီးဆုံးနိုင်ငံ ဖြစ်လာပါတော့တယ်။

သည်မှာတင် မကျေနပ်မှုတွေ ပြင်းထန်စွာပေါက်ကွဲပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မဆလအစိုးရကို ဖယ်ချနိုင်ခဲ့ပေမဲ့ အရေးတော်ပုံကြီးကို ဖြိုခွဲနှိမ်နင်းခဲ့တဲ့ နောက်ထပ် စစ်အစိုးရတစ်ခုပဲ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးစီးတဲ့ စစ်အစိုးရဟာ ဈေးကွက်စီးပွားရေးဆိုတာလုပ်လိုက်ပြီး စစ်အစိုးရထိပ်ပိုင်းက လူတွေနဲ့ သူတို့ရဲ့ အပေါင်းပါ ခရိုနီတွေပဲ မကြုံစဖူး ချမ်းသာမှုတွေရခဲ့ပြီး ပြည်သူလူထုကတော့ ဆင်းရဲတွင်းနက်သည်ထက် နက်ခဲ့ပါတယ်။မြန်မာ့သယံဇာတများကိုလည်း အဲသည် စစ်အစိုးရရဲ့ ဦးပိုင်နဲ့ သူတို့ရဲ့ ကျေးဇူးရှင် တရုတ်စီးပွားရေးကုမ္ပဏီ များကို  လုပ်ကိုင်ခွင့်ပေးခဲ့အတွက် ပြည်သူရဲ့ သယံဇာတတွေ အားလုံးကုန်ခန်း၊ သစ်တောတွေကုန်၊ အရှင်းလင်းဆုံး ကိစ္စနှစ်ခုကတော့ ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ယနေ့ထက်ထိ ပြဿနာပေါ်မဆုံးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခု အထင်ရှားဆုံးပြဿနာတစ်ခုက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာမြေ တွေကို စစ်တပ်က သိမ်း၊ စစ်တပ်ရဲ့ အပေါင်းပါ ခရိုနီတွေကို သိမ်းယူစေတော့ မြန်မာနိုင်ငံက လယ်မဲ့ ယာမဲ့ အလုပ်အကိုင် မဲ့သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်ရော တရားမဝင်ပါ ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်နေရတာ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ ကိုးသန်းအထိ ရှိနေတာ တွေ့ရပါတယ်။

အဲသည် ဒုတိယစစ်အစိုးရဟာနာဂစ်အလွန် သူတို့လိုရာရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတာကြီးကို ၂၀၀၈ မှာ အတည်ပြုပြီး ၂၀၁၀ မှာ အဲသည် အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲလုပ်၊စစ်တပ်က အရွေးခံစရာမလိုဘဲ ၂၅ ရာခိုင်နှုန်းပါတဲ့ လွှတ်တော်အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

အဲသည်လွှတ်တော်အစိုးရမှာ အတိုက်အခံမရှိတော့ ကြားဖြတ်မှာ အင်န်အယ်လ်ဒီကို အရွေးခံစေပြီး လွှတ်တော်ထဲကိုဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကိုယ်စားလှယ်တွေ ၄၂ ယောက်လောက် ရောက်လာပြီး အစိုးရနဲ့အပေးအယူတွေပြုလုပ် နေတဲ့ ပုံစံတွေ တွေ့လာရလို့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ဖြေလျှော့၊ ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ကူညီမှုတွေရလာ၊ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း အထိုက်အလျောက် ရလာပါတယ်။

လွှတ်တော်အစိုးရရဲ့ ငါးနှစ်သက်တမ်းမှ မိဘပြည်သူများခင်ဗျားဆိုတဲ့ သမ္မတကြီးရဲ့ လုပ်ငန်းဆောင်တာအရပ်ရပ် မအောင် မြင်၊ အခြေခံဥပဒေပြင်မယ်ဆိုပြီး လွှတ်တော်ထဲဝင်လာတဲ့ အင်န်အယ်လ်ဒီကလည်း အခြေခံဥပဒေကို လွှတ်တော်မှာ ပြင်ဖို့ စီစဉ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံေးတာ့ ၂၀၁၅ ရွေးကောက်ပွဲကာလကို ရောက်ရှိလာခဲ့ပါတော့တယ်။

၂၀၁၅ ရွေးကောက်ပွဲဟာလည်း စစ်အစိုးရစိတ်ကြိုက် တစ်ဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ရမှာ ဖြစ်သလို ရွေးကောက်ပွဲရဲ့ ဒိုင်လူကြီးဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာလည်း စစ်ဗိုလ်ချုပ်ကြီးများရဲ့ အစီအမံနဲ့ လုပ် ဆောင်တာဖြစ်ပါတယ်။

သည်လိုသည်လိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလမတိုင်မီမှာပဲ အင်န်အယ်လ်ဒီက သူ့ကိုယ်စားလှယ်လောင်းများကို အင်န် အယ်လ်ဒီပါတီဝင်များသာမက ထင်ရှားတဲ့ ၈၈ ပွင့်လင်းက ခေါင်းဆောင်တွေ၊ ပညာရေးမှာ ဦးဆောင်လှုပ်ရှားတဲ့ ဒေါက်တာသိန်းလွင်တို့၊ ဒေါက်တာညိုညိုသင်းတို့လို ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေအပြင် တိုင်းရင်းသားပါတီ များနဲ့ ညှိနှိုင်းပြီး ၂၀၁၅ ရွေးကောက်ပွဲကို ရင်ဆိုင်ဖို့ ပြင်ဆင်လှုပ်ရှားလာတာ တွေ့ရပါတယ်။

စစ်တပ်ရဲ့ တံတိုင်းကြီးဟာ ထူထဲခိုင်မာ အချိန်ကြာစွာ တည်တံ့ခဲ့တာမှန်ပေမဲ့ အဲသည် စစ်တံတိုင်းကြီးကို အားနဲ့တွန်းရင် ခံနိုင်ရိုးလားလို့ အားပေးစကားပြောကြားလိုက်ရပါတယ်။

စစ်တံတိုင်းကြီးထူတယ်ဆို အားနဲ့တွန်းရင် ခံနိုင်ရိုးလားနှင့်မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts