Han Thit Naing သတင်းပဒေသာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၂၃ရက်၊ ၂၀၁၅ခုနှစ်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာဇာတိဖြစ်သူ စာပေ၊ ယဉ်ကျေးမှု၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆-၁၉၆၄)ကွန်လွန်ခြင်း ၅၁ မြောက် အထိမ်းအမှတ်ကို  ဆရာကြီး၏မိသားစုဝင်များနှင့်အတူ ဂူဗိမာန်စောင့်ရှောက် ရေးအဖွဲ့တို့က  ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်း၊ ဆရာကြီးဂူဗိမာန်တွင်ဇူလိုင် ၂၃ရက် နံနက်ပိုင်းက ဆွမ်းကျွေး တရားနာခြင်းများပြုလုပ်ခဲ့သည်။ ဆရာကြီး၏ ဂူဗိမာန်သို့ တို့ဗမာအစည်းအရုံးမျိုးဆက် သစ်များမှ ပန်းစည်း၊ ပန်းခွေများဖြင့် လာရောက်ဂါရဝပြုပြီး ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီးဦးတင်ဦး၊ နိုင်ငံရေးနယ်ပယ်၊ စာပေနယ်ပယ်နှင့် ဆရာကြီးအား လေးစားချစ်ခင်သူများ တက် ရောက်ခဲ့ကြသည်။ နေ့လည်ပိုင်းတွင် မုန့်များဖြင့်ဧည့်ခံကျွေးမွေးခဲ့သည်။
 
“ဆရာကြီးကွယ်လွန်တဲ့ ၆၄ခုနှစ်ကတည်းက ဆရာတို့မိသားစုက အစဉ်လာမပြတ် နှစ်စဉ်လုပ်ခဲ့တာပါ။ ဒီပွဲရဲ့အခုနှစ်တွင်းထူးခြားချက်ကတော့ ဘယ်တုန်းကမှ ဒီလိုဂူဗိမာန်ရှေ့မှာ တခါမှဒီလိုကျင်းပခွင့်မရပါဘူး။ မနှစ်ကစပြီးတော့ တစ်စုံတရာ လွတ်လပ်ပွင့်လင်းမှုလေး အနည်းအကျဉ်းလေးရှိလာတဲ့အခါမှာ ကျင်းပရ တဲ့အတွက် ဆရာတို့က ပိုပြီးတော့ဝမ်းသာအားရမိတာပေါ့။ ဆရာကြီးရဲ့ဂူရှေ့မှာ အထိမ်းအမှတ်ပွဲလုပ် တယ်ဆိုတော့ အဓိပ္ပါယ်လည်းရှိတယ်၊ သူ့ရဲ့သားတပည့်တွေအားလုံးကလည်း ဆုံစည်းလို့ရတယ်။ ဒီနေ့ ကာလမှာ နံပါတ်တစ်က အမျိုးသားစည်းလုံးညီညွှတ်ရေးက အရေးကြီးနေတဲ့အချိန်မှာ အမျိုးသားစည်း လုံးညီညွတ်ရေးအတွက် အခြေခံလေးတည်ဆောက်ပေးတာပေါ့၊ ငြိမ်းချမ်းရေးကလည်း ဆရာကြီးသေတာ သွားတယ် ၅၁နှစ်ကြာတဲ့အထိ ငြိမ်းချမ်းရေးကမရသေးဘူး၊ အဲလိုအချိန်အခါမျိုးမှာ မိသားစုတွေက၊ ပါဝင်ပူးပေါင်းတဲ့လူတွေအားလုံးက ဒီလိုကျင်းပခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်တယ်လို့ ပြောချင်ပါတယ်” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မြေးသမက်ဖြစ်သူ နိုင်ငံရေးစာပေများရေးသားနေသော ဆရာသန်းစိုးနိုင်က ပြောပြသည်။
           ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မြေးကြီးဖြစ်သူ ဒေါ်မြမြအေးမှပြောပြရာ “အဖိုးနဲ့တော့ အနီးကပ်နေခဲ့ဖူးတယ်၊ အဖိုးရှိတုန်းက ကျမအသက် ၁၃နှစ်လောက်ပဲရှိသေးတယ်၊ အဖိုးဆီ လာတဲ့သူတွေကတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးမလုပ်ပေမယ့် နိုင်ငံရေးပါးတော့ဝနေပြီ၊ အဖိုးရဲ့ ဂူဗိမာန်ဆောက်ပြီးတုန်းက နှစ်ပတ်လည်တွေလုပ်လို့ရသေးတယ်၊ နောက်တော့ လုပ်လို့မရတော့ဘူး၊ အခု ကျမတို့အဖိုးရဲ့အခမ်းအနားလေးကို ကျင်းပတာ ၂နှစ်ရှိပြီ၊ မိသားစုတွေရယ်၊ ဂူဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေရယ်၊ သခင်၊ သခင်မတွေရဲ့သားသမီးမြေးတွေရယ်၊ အဖိုးကိုချစ်တဲ့သူတွေရယ် ပေါင်းပြီးတော့ ဒီနေ့အဖိုးရဲ့ ကွယ်လွန်ခြင်း ၅၁နှစ်မြောက်အမှတ်တရပွဲလေးကို အဖိုးရဲ့ဂူဗိမာန်ရှေ့မှာပြုလုပ်ရတာ အရမ်းဝမ်းသာမိပါတယ်” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts