ကဗျာ

အောင်ကျော်သွင် – မေးထောက်ကြည့်ရတဲ့ လမ်း

အောင်ကျော်သွင် – မေးထောက်ကြည့်ရတဲ့ လမ်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅

သံလွင်ခက်ကို ကိုက်ချီလာတဲ့ ဂျိုးဖြူငှက်ကို ငါမမြင်ဖူးသေးတာ ဝန်ခံပါရစေ …

ဗုံးဆံတွေထိမှန်မှုကြောင့် တုန်ဟီးလာမဲ့ ကမ္ဘာမြေပြင်ရဲ့လှုပ်ခတ်အားကို အချိန်မီ သတင်းထုတ်ပြန်နိုင်ဖို့ တိုင်းတာရေး …

သောက်သုံးရေထက် ရှားပါးလာတဲ့ မေတ္တာတရားတွေ
တဖြေးဖြေးခြင်း မျှဉ်းသတ်နိုင်ပါမှ အကျိုးအမြတ်ရှိမယ့် စစ်ပွဲတွေ
ကိုယ့်လူရေ … စီလီကွန်ထိုးထားတဲ့ အလွှာတွေဖြုတ်ချနိုင်ရေး
မျက်တွင်းတွေက နက်လို့၊ အာသီးတွေက ယောင်လို့
ခပ်ညို့ညို့တောတန်းမှာ ယမ်းငွေ့တွေက ဆည်းဆာကိုသယ်ဆောင်တုန်း
ရင်ဘတ်ကြီးကိုပုတ်လို့ မျောက်ဝံတစ်ကောင်လို့ အူလိုက်ချင်ရဲ့။

နားထောင်ခဲ့ကြတယ် တရွှီးရွှီးနဲ့ လေတိုးသံ
သတ်ပုတ်တတ်တဲ့ ကျားဟာ သွေးစိမ်းရှင်ရှင်ကို ကြိုက်တယ်
မှောင်ခိုရာဇာက အဲဒီ ကျားသရေကိုမှ မက်မောခင်မင်လို့
ဟေလီကြယ်တံခွန်အကြောင်းကို ရေးဖို့မခက်ပါဘူး
အိမ်အပြန်လမ်းကို တွားတက်ပြီး ရင်ဘတ်တွေပေါက်ပြဲကုန်တဲ့အကြောင်း
လရောင်ကိုအားပြုလို့ ဆားတွင်းရှိရာကို ဆင်းသက်လာတဲ့
ချေ၊ သမင်… သဘာဝကိုမှ ခိုလှုံတတ်ကြတဲ့ ဒေါက်ချာဆောင်းတဲ့ ရသေ့တပ္ပသီ
ဆွံအလို့ နှုတ်ဖွာရကောင်းမှန်းကို မသိတော့ပါဘူး။

ငါတို့နှုတ်တွေဟာ ဖွာရှိုက်ရကောင်းမှန်းကို မသိတော့ပါဘူး …။ ။

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts