ဂျုနီယာဝင်း လူများ၊ ရုပ်ပုံလွှာများ

ဂျူနီယာဝင်း – ဘဘကြီးဦးခင်မောင်လတ် နှစ်တစ်ရာပြည့်သို့

ဂျူနီယာဝင်း – ဘဘကြီးဦးခင်မောင်လတ် နှစ်တစ်ရာပြည့်သို့
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၅

(အတွေးအမြင်ဆောင်းပါး “ဘဘကြီးကိုလွမ်းပါသည်“ ။ Junior Win’s ‘Walking Through The Wonderland’ မှ A Letter to My Grandfather’ နှင့် “How Lucky We Are“ နှင့် တို့အား ဖြည့်စွက်ကာ ဦးခင်မောင်လတ်၏ သြဂုတ်လ ၂၄ တွင်ကျရောက်မည့် နှစ်တစ်ရာပြည့် အတွက် အမှတ်တရ အဖြစ် ကိုယ်တိုင် ဘာသာပြန်ထားသည်။)

သြဂုတ်လမှာ နှစ်တစ်ရာပြည့်မယ့် ဘဘကြီး ဦးခင်မောင်လတ်ကို အမှတ်တရ ရည်ရွယ်ရင်းက ဘဘကြီးအမြဲတန်း ပြောနေကြစကားတွေကို ကြားယောင်နေရင်း သည်စာကိုေ၇းဖြစ်သွားပါသည်။ “မင်းတို့တွေ ကံကောင်းလိုက်ကြတာ“ တဲ့။ ဘဘကြီးက ပစ္စည်းအသစ်အဆန်းတွေ တွေ့ရတိုင်း ပြောနေကြစကားပေါ့။ ဥပမာ ကက်ဆက် အသစ်တစ်လုံးရရင်၊ ကင်မရာအသစ် ကိုင်ရရင်၊ ကွန်ပြူတာတွေ ပေါ်လာတဲ့အခါ၊ တယ်လီဗီးရှင်း ကြည့်ရရင်၊ အောက်စက်တွေ ပေါ်လာတော့၊ သည်လိုကြားရတိုင်း ဟုတ်မှာပဲလို့ တွေးမိပါရဲ့။ ဘဘကြီးတို့ မကိုင်ဖူး မသုံးဖူးတာတွေ သုံးရကိုင်ရတိုင်း ဘဘကြီးဆီက သည်စကား ကြားရလွန်းလို့ ရိုးတောင်သွားပါသည်။

“ငါတို့ ကံကောင်းလှခြေလား” လို့ ဟမ်းဖုန်းအသစ်တစ်လုံးကိုင်ရတော့၊ လက်တော့ သုံးရတော့၊ ဒစ်ဂျစ်တယ် ကင်မရာကိုင်မိတော့ ဘဘကြီးကို လွမ်းရင်းက ဘဘကြီးအသံကြားမိတာ  အံ့သြစရာမဟုတ်ဖူးပေါ့။ အခုဆို တီဗီ လိုင်းတွေက မရေတွက်နိုင်အောင်ရှိလာတော့ ဘဘကြီးရေ…. အခုသည်လောက သည်ကမ္ဘာပေါ်မှာ အသစ်အဆန်းတွေက တနေ့ထက်တနေ့ မရိုးအောင် ပေါ်လာနေတာကတမျိုး၊ သည်တော့ ဘဘကြီးကိုလဲ အသည်အခါတိုင်း သတိရမိနေတော့ တနေ့မှ မမေ့ဖူးလို့ ဆိုရင် ဘဘကြီးက ပြုံးနေဦးမလား။

ကွန်ပြူတာ လက်တော့ နဲ့စာတွေရိုက်ရင်း စာတွေမှားဖျက် မှားဖြူတ်၊ စာတွေ အလိုလိုပျောက်တာတွေ စိုးရိမ်စရာတွေ များလွန်းလို့ အပိုပစ္စည်းတွေ ဥပမာ စတစ်တို့ဘာတို့ပေါ့လေ….  ဘဘကြီးက ဒီစကားလုံးတွေ ကြားရင် ဘာတွေလဲ သိမှာမဟုတ်တာ။ သူတို့ကို သိမ်းဆည်းထားသို….. ထားပါတော့ ဘဘကြီးရယ်…. ဆိုလိုတာကတော့ အရင်တုန်းက စာရွက်နဲ့ ဘောပင်နဲ့  အကြမ်းရေး၊ ပြိးရင် ဖိုင်ထဲထည့်သိမ်း၊ စာမူကို အသစ်ပြန်ကူး စီစစ်၊ မဂ္ဂဇင်းတိုက်ကိုပို့၊ စိတ်မချရင် မိတ္တူကူးထား (photocopy စက်တောင်မှ ဘဘကြီးတို့ မှီယုံလေး ထင်တယ်) …. အဲသည်အဆင့်တွေမပါတော့ပဲ စာမူကို တိုက်(Type)ရိုက်ပြီး ကွန်ပြူတာထဲ သိမ်းတဲ့သဘေါပေါ့လေ။ ဒါမှမဟုတ်လဲ လက်ရေးနဲ့ ရေးထားတာကို စကင်ဖတ်ပြီးသိမ်း (စကင်ဆိုတဲ့စက် ဘဘကြီးလဲသိမှာမဟုတ်)၊ ဒါမှမဟုတ် ဓါတ်ပုံရိုက်ထား…. ဒီလိုနဲ့ ကွန်ပြူတာက အသိမ်းအဆည်းမကောင်းရင်၊ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ပျက်သွားရင်တော့ ကိုယ်ရေးထားတာမှန်သမျှ အကုန်ပျက်ဆီးကုန်တဲ့ အဖြစ်တွေကို စိုးရိမ်သောကတွေနဲ့ တနေ့ထက်တနေ့ သည်လိုနဲ့ ကုန်လွန်ပေါ့။

ဘဘကြီးက မင်းတို့တွေက ကံကောင်းလိုက်တာကွာ၊ ဘဘကြီးတို့ မမြင်ဖူး မကိုင်ဖူးတာတွေ သုံးဖူးကြသကိုး  ဆိုတဲ့စကား ကြားမိပြန်တော့ အဲသည်လို စိုးရိမ်သောကကြားထဲမှာ ကံကောင်း လိုက်တာဆိုတဲ့ စကား ဟုတ်မှဟုတ်ရဲ့လားလို့ စောဒကတက်ချင်လိုက်တာ။ ဘဘကြီးတို့ခေတ်မှာ အဲသည်လို စိုးရိမ်သောကတွေနဲ့ နေခဲ့ဖူးလို့လားနော်။ တနေ့ထက်တနေ့ ကိုယ်ရေးထာတာတွေ၊ ကိုယ်သိမ်းဆည်းထားတာတွေ၊ ပျောက်သွားမှာစိုးရတာနဲ့၊ စိတ်တပူပူနဲ့ တခါတလေ ညအိပ်ရင်းကသတိရပြီး ထပြီး မီးဖွင့် ကွန်ပြူတာထဲက မသိမ်းမိတာတွေကို ကောက်သိမ်း၊ စတစ်ပျက်သွားရင်ဆိုတဲ့ စိတ်ကပေါ်လာရင် စီဒီထဲကူးနဲ့ ပြီးမှ ပြန်အိပ်ရတဲ့နေ့တွေ ကိုကျော်ဖြတ်နေရတာ။ သည်လိုနဲ့ တခါတခါ အဟောင်းနဲ့ အသစ် မှားမှားဖျက်မိလို့ ဒုက္ခတွေ့ရတာ ခနခန။ တနေ့ကပဲ လက်တော့ ကရုတ်တရက်ကောက်ပျက်သွားတော့ နေ့စဉ်နဲ့အမျှ ထထကောက်သိမ်းသိမ်းတတ်တဲ့ အကျင့်ကြောင့် ၉၀ ရာခိုင်နှူန်းလောက်  သိမ်းပြီးတာ ကျန်ရစ်ခဲ့တာပေါ့လေ။

ဘဘကြီးမေမေကြီးတို့ နှစ်တစ်ရာပြည့်ပွဲကို မေလမှာ လုပ်ဖြစ်ခဲ့တော့ ဘဘကြီး မေမေကြီးတို့ အရိပ်အငွေ့တွေ ရှိနေတဲ့သည်ခြံထဲ လုပ်ဖြစ်ခဲ့တယ်။ ဘဘကြီးလမ်းလျောက်ရင်း ပရိတ်ရွတ်တဲ့ နေရာမှာပေါ့။ မေမေကြီးနဲ့ ဘဘကြီးတို့ရဲ့ အငွေ့အသက်တွေ ရှိတဲ့ ဟောသည်ခြံသည်ဝင်းထဲမှာပေါ့။ ဘဘကြီးတို့ကို ချစ်ခင်သူများ၊ သံယောဇဉ်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ၂၀၁၅မှာ နှစ်တစ်ရာပြည့်သူများဖြစ်ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာတို့အပြင် ၂၀၁၆ ဖေဖော်ဝါရီမှာ နှစ်တစ်ရာပြည့်မယ့် ဗိုအောင်ကျော်ကိုလဲ ထည့်သွင်း ပြီးအမှတ်တရ ကျင်းပဖြစ်ခဲ့တယ်လေ။ မေမေကြီးနဲ့ ခင်မင်ခဲ့သူ၊ စာပေဗိမာန်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့  စာရေးဆရာမကြီး ဒေါ်ရီကြိန်ကတော့ ၂၀၁၅ ဇန်န၀ါရီမှာ နှစ်တစ်ရာပြည့်ခဲ့ ပေမယ့်လဲ သတိရမိတာပဲရှိပြီး ထည့်သွင်းမဖော်ပြ ဖြစ်ခဲ့တာကို စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော်လဲ မေလတုန်းက နှစ်တစ်ရာအမှတ်တရ ဟာဖြင့် အောင်အောင်မြင်မြင်ကျင်းပ နိုင်ခဲ့တယ်။ ဘဘကြီးတို့ ခေတ်ပြိုင်စာရေးဆရာတွေ၊ ပုဂ္ဂိုလ်တွေကို လဲစုပေါင်း ပြီး ပြပွဲတစ်ခုအဖြစ် ကျင်းပဖြစ်ခဲ့တာဟာလဲ ဘဘကြီးမေမေကြီးတို့ကပေးတဲ့ မေတ္တာတရားကိုြ့ပသခြင်းပဲလို့ ခံစားနေမိပါတယ်။

ကြွရောက်လာသူ အပေါင်းကို ဘဘကြီးက ထမနဲပွဲမှာ ထမနဲ လက်ဆောင်ပေးသလို A Memory of My Grandparents စာအုပ်လက်ဆောင်ပေးဖြစ် ခဲ့တယ်။ အခုထိလဲ စာအုပ် မရသေးတဲ့ ဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေဟောင်းတွေဆီ ပို့ပေး နေရဆဲပါပဲ။ ဘဘကြီးကျေနပ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဘဘကြီးမေမေကြီးတို့ရဲ့ အမှတ်တရလက်ဆောင်လို့ သဘောထားပြီး ပေးဖြစ်နေတာကြောင့် ပိုပြီး ကျေနပ်အားရမိပါရဲ့။

သည်စာအုပ်ကို အင်္ဂလိပ်လို ရေးဖြစ်ခဲ့တာဟာ ဘဘကြီးမေမေကြီးတို့သင်ပေးခဲ့တဲ့ အင်္ဂလိပ်စာအမွေကြောင့်ပါပဲ ဆိုတာကို ဟောသည် ခပ်တုံးတုံးမြေးက မဏ္ဏပ်တိုင်တက် ပြလိုခြင်း၊ အင်္ဂလိပ်လိုရေးရတဲ့ လွတ်လပ်ခြင်းအရသာကို ခံစားမိခြင်း၊ တွေကြောင့်ရယ် ဆိုပါတော့။ သို့သော်လဲ အင်္ဂလိပ်လို စာအုပ်ကို မြန်မာလိုမဟုတ်လို့  မြန်မာပြည်က စာဖတ်ပရိတ်သတ်ကြားမှာ အားပေးခံရပုံ တမျိုးတော့ဖြစ်သွားတယ်။  သည်စာအုပ် မြန်မာလို မရှိဘူးလား။ မြန်မာလို ထွက်ရင် ပြောပါ၊ အဲသည်တော့မှပဲ ၀ယ်မယ်။ မြန်မာလို မှတ်လို့ လာဝယ်တာ ဆိုတဲ့ ပရိသတ်ကို တွေ့လိုက်ရတယ်။ မြန်မာလိုအေးအေးဆေးဆေး နေတော့မှပြန်မယ်လို့စိတ်ကူး၊ ပြန်ချင်မှလဲ ပြန်ဖြစ်မယ်။ အင်း… ပြန်တော့ပြန်မယ်ပေါ့… သို့သော် အခုတော့ အင်္ဂလိပ်လိုပဲ ပေးမယ် လို့ စိတ်ကူးက မြန်မာလို ပြန်တော့လို့ တွန်းအားတစ်ခု ရလိုက်သလိုဖြစ်သွားတာပေါ့ ဘဘကြီးရေ။
ဘဘကြီးလဲ Everyday Expressions in English ကိုပထမအကြိမ် ထုတ်တုန်းက မြန်မာလို တောင်းဆိုကြလို့ မြန်မာ ဘာသာပြန်ကို နောက်ပိုင်းတော့ မြန်မာလို ကီးဝေါ့တွေနဲ့ ပဲထုတ်ဖြစ်ခဲ့သွား တာကို သတိရမိတယ်။ ဒါ့အပြင် ဘဘကြီးရဲ့ Current Essay ကိုလည်း စာဖတ်သူများရဲ့ တောင်းဆိုမူကြောင့် မီးနင်းတွေကိုနောက်ပိုင်း မြန်မာလို ထည့်ပေးခဲ့ရတယ်။ သည်တော့ အခုလည်း အဖြစ်က ဘဘကြီးဖြစ်ပုံနဲ့ များ တူနေသလားလို့…. ။ ကို်ယ်ကြိုက်တာပဲကိုယ်ရေးမယ် ဆိုတဲ့ အချက်ကို လက်ကိုင်ထားတဲ့ သည်မြေးအတွက် တခါတလေ စာဖတ်သူတွေ ကိုလိုက်လျောရမှာလား ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရတဲ့အခါ ဘဘကြီး အဖြစ်တွေကို ပြန်အောက်မေ့မိတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ လက်ခံမိပါတယ်။

ဘဘကြီးတို့ နှစ်တစ်ရာပြည့်ကို ကျင်းပဖြစ်ခဲ့တဲ့ မေလဆိုတဲ့ကာလဟာ နေကပူပူ ကားကကြပ်ကြပ်နဲ့ သည်လိုဒုက္ခတွေကြားထဲကနေ ဘဘကြီးမေမေကြီး နှစ်တရာပြည့်ကို ကြွလာကြသူအပေါင်းကိုလဲ အားနာနာနဲ့ ကျေးဇူးတင်နေမိပါတယ်။ ကားကကြပ်တော့ သည်နား ဟိုနားတောင် နာရီနဲ့ချီပြီးကြာနေကြတာကိုး။

ဘဘကြီးရေ… ကိုယ်ပိုင်ကားမရှိပေမယ့်လဲ အလွယ်တကူ တက်စီငှားလို့ရတဲ့ အခြေအနေနဲ့ အခုတော့သည် ပတ်ဝန်းကျင်မှာ ကားတွေက ပေါလာလိုက်တာ လို့ ကြားရင်ဒါကို ဘဘကြီးက ကံကောင်းလိုက်တာလို့ ပြောဦးမှာလား။ ဟောဒီ ကမ္ဘာလောကကြီးမှာ…. ဘဘကြီးတို့ ရှိနေတုန်းကထက် လုံးဝမတူခြားနားနေတဲ့ သည်ခေတ်သည်အခါမှာဖြင့် ဘဘကြီးရေ…. ဖြစ်သမျှ အကြောင်း မကောင်းလေတော၊့ ”ဖြစ်သမျှ အကြောင်းအကောင်းပါပဲ” ‘Blessing in disguise’  ဆိုတဲ့ ဘဘကြီးရဲ့ ဆုံးမစကားလဲ မကယ်နိုင်၊ ကားတွေကြပ် လမ်းတွေပိတ်တာကို မကြုံဖူး မမြင်ဖူးလိုက်တဲ့ ဘဘကြီးကို၊ ခေတ်မှီတဲ့ပစ္စည်းတွေကိုင်ရပေမယ့် စိတ်တပူပူနဲ့ စိုးရိမ်နေတဲ့စိတ်တွေနဲ့ အလုပ်တွေသိပ်များနေရတဲ့ သည်မြေးက၊ မိုးကောင်းကင်အောက်…. လပြည့်ညတစ်ညမှာ ပျောက်နေတဲ့ လကို လိုက်ရှာရင်းနဲ့…..ဘဘကြီးနှစ်တစ်ရာပြည့် စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်…. ဘဘကြီးတို့က မြေးတို့တွေထက် ပိုကံကောင်းပါတယ်… ဆိုတဲ့စကား ကြားရင် ဘဘကြီး ဘယ်လိုများ ပြန်ပြောလေမလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts