ဓာတ်ပုံသတင်း သတင်းပဒေသာ

၂၃ နှစ် ပြည့်သွားတဲ့ DVB သတင်းဌာန

 

၂၃ နှစ် ပြည့်သွားတဲ့ DVB သတင်းဌာန
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၅

ရန်ကုန်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပတဲ့ DVB သတင်းဌာနရဲ့ ၂၃ နှစ်မြောက် မွေးနေ့ကို သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ NGO နဲ့အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ သံတမန်တွေ တက်ရောက်ပါတယ်။

DVB ဦးခင်မောင်စိုး [ စာရေးဆရာ မောင်သာမည ] (ဓာတ်ပုံ – မိုးမခ)

DVB Multimedia Group က သူ့ရဲ့ မီဒီယာလုပ်ငန်းကို ရေဒီယိုထုတ်လွှင့်ခြင်းနဲ့ အစပြုခဲ့တာပါ။ ထိုင်းမြန်မာနယ်စပ်က သူပုန်လူငယ်တွေတချို့ ဥရောပတိုက်ကို သွားရောက်ပြီး မြန်မာဘာသာနဲ့ အသံလွှင့်လုပ်ငန်းတွေ အစပြုရာမှာ အလွန် အောင်မြင်တဲ့ သတင်းဌာနတခု ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ မြန်မာပြည်တွင်း မီဒီယာ လောက ကျောက်ခေတ်ဦးကို ပြန်နေရောက်ချိန်ဖြစ်တဲ့အတွက် သတင်းဆာလောင်သူတွေက အသံကြည်လင်ပြတ်သားမှု အကန့်အသတ်ကြီးမားတဲ့ DVB ရေဒီယိုရဲ့ မြန်မာ့နိုင်ငံရေးသတင်းတွေကို စောင့်ပြီး နားထောင်ခဲ့ကြတာပါ။

 

ဧည့်သည်တချို့နဲ့ စကားလက်ဆုံကျနေတဲ့ DVB ညွှန်ကြားရေးမှူးချုပ် ဦးအေးချမ်းနိုင် (ဓာတ်ပုံ – မိုးမခ)

နောက်ပိုင်းမှာတော့ ကမ္ဘာမှာ အွန်လိုင်းမီဒီယာ တွင်ကျယ်လာတဲ့ အတွက် DVB က အင်တာနက်စာမျက်နှာမှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ သတင်းတွေ ဖော်ပြပြီး သူ့ရဲ့ အင်ပါယာကို တိုးချဲ့ပါတယ်။ အင်တာနက်မီဒီယာ တော်တော်လေး အရှိန်ရလာပြီးတဲ့နောက်မှာတော့ DVB ရဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေ တွေ့ရပါတယ်။

DVB ဦးဇေယျ [ စာရေးဆရာ သားကြီးမောင်ဇေယျ ] နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးစပ်စု (ဓာတ်ပုံ – မိုးမခ)

၂၀၀၇ သံဃာတော်များရဲ့ ရွှေဝါရောင်တော်လှန်ရေး မြင်ကွင်းတွေကို DVB တင်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ DVB က နော်ဝေနိုင်ငံမှာ အခြေချရာကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရုံးခွဲ ဖွင့်ပြီး လုပ်ကိုင်ခဲ့ပါတယ်။

၂၀၁၁ မြန်မာပြည်မှာ အစိုးရသစ် ပေါ်ပေါက်လာ၊ DVB က ရန်ကုန်မှာလည်း ရုံးဖွင့်နိုင်ခဲ့ပြီး နော်ဝေရုံးကို ပိတ်ပါတယ်။ ချင်းမိုင်ရုံးကတော့ ရှိနေဆပါ။

သိပ်မကြာသေးခင်ကတော့ DVB က ရေဒီယိုထုတ်လွှင့်မှုကို ရပ်ပါတယ်။ ရုပ်မြင်သံကြားဘက်ကို ပိုပြီး အားစိုက်လိုက်ပါတယ်။ နိုင်ငံတကာအလှူရှင်တို့ရဲ့ အကူအညီတွေ တဖြည်းဖြည်း လျှော့ချခံနေရတဲ့ DVB http://burmese.dvb.no/ က ရုပ်မြင်သံကြားကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေ ဖိတ်ခေါ်တဲ့နည်းနဲ့ ဘဏ္ဍာရေး အခက်အခဲကို ဖြေရှင်းနေပါတယ်။

မိုးမခရဲ့လစဉ်ထုတ်မဂ္ဂဇင်းကို မနှစ်က DVB ရုပ်သံမှာ ကြော်ငြာခဲ့ပါသေးတယ်။

DVB ရုပ်သံကို မြန်မာပြည်အနှံ့ ကြည့်ရှုကြတဲ့အတွက် အဲဒီမှာ ကြော်ငြာရင် ကိုယ့်ရဲ့ထုတ်ကုန်၊ ကိုယ့်ရဲ့လုပ်ငန်းကို နိုင်ငံတလွှား သိရှိသွားကြမှာ အသေအချာပါပဲ။ သေချာတာကတော့ DVB ရုပ်သံရဲ့ ကြော်ငြာခတွေက မများဘူး ဆိုတာပါပဲ။

မိုးမခမီဒီယာကတော့ ဘတ်ဂျက် အကန့်အသက်ပဲ ရှိတဲ့အတွက် DVB ရုပ်သံမှာ နောက်ထပ် မကြော်ငြာနိုင်သေးပါဘူး။

မြန်မာပြည်မှာ ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုကုမဏီတွေ၊ ဌာနတွေ မရှိသေးတဲ့အတွက် DVB ရုပ်သံ အစီအစဉ်တွေကို တခြားနိုင်ငံက ဝန်ဆောင်မှုကုမဏီတွေဆီ ပေးပို့ပြီး ထုတ်လွှင့်နေတာပါ။

ရန်ကုန်နဲ့ တခြားမြို့ကြီး မြို့ငယ်တွေမှာ တန်ဖိုးသင့် ဂြိုလ်တုစလောင်း လိမ္မောရောင် တပ်ဆင်ထားသူတွေက DVB ရုပ်သံ ပရိသတ်တွေလို့ ဆိုရပါမယ်။

DVB Multimedia Group က လောလောဆယ်တော့ အွန်လိုင်းနဲ့ ရုပ်သံကိုပဲ လုပ်ကိုင်နေတာပါ။ အစိုးရက မီဒီယာထိန်းချုပ်မှု ဖြေလျှော့မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ DVB ဟာ ပုံနှိပ်မီဒီယာကိုပါ တိုးချဲ့လုပ်ကိုင်ဖွယ်ရှိပါတယ်။ လောလောဆယ်တော့ အစိုးရမှတပါး တခြားသူတွေဟာ ရုပ်သံ – အသံလွှင့် လုပ်ငန်း လုပ်ကိုင်မယ် ဆိုရင် သတင်းစာ၊ ဂျာနယ်၊ စာအုပ် စာစောင်တွေ ထုတ်ဝေခွင့် မရှိသေးပါ။

အစိုးရက သူ့ကိုယ်သူယုံကြည်မှုရှိလာတဲ့တနေ့မှာတော့ စာနယ်ဇင်းပိတ်ဆို့မှု ထပ်လျှော့ပေးမှာဖြစ်ပြီး အဲဒီအချိန်ကျရင် DVB Multimedia Group လည်း စာစောင်ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံများ – မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts