ကဗျာ

ခက်ဦး – အနက်ရောင်ရက်စွဲ

 ခက်ဦး – အနက်ရောင်ရက်စွဲ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၅

ဆယ့်ကိုးဂျူလိုင်တဲ့
ဦးစောနဲ့ လက်ပါးစေတွေပစ်လိုက်တဲ့ ကျည်ဆန်များ
ခေါင်းဆောင်ကြီးတွေကိုဖြတ်
တပြည်တရွာလုံး ရင်အုံကို ထုတ်ချင်းခတ်
အားလုံး အရုပ်ကြိုးပြတ်လဲကျဖူးတဲ့နေ့ပဲ

ဆယ့်ကိုးဂျူလိုင်တဲ့
အာဇာနည်ကြီးများနာရေးနဲ့
တပြည်တရွာလုံး သုဿန်တစပြင်လို
ချောက်ချောက်ခြားခြားနှုတ်ဆိတ်
အံကြိတ် အသံတိတ်
မျက်ရည်တွေ ယိုဖိတ်ဖူးတဲ့နေ့ပဲ

ဆယ့်ကိုးဂျူလိုင်တဲ့
အဖ ဗိုလ်ချုပ်အောင်ဆန်း
ဆရာကြီး ဒီးဒုတ်ဦးဘချို ဦးဘဝင်း
ခေါင်းဆောင်ကြီး မန်းဘခိုင် စဝ်စံထွန်း ဦးရာဇတ် ဦးအုန်းမောင် ရဲဘော်ကိုထွေးတို့ရဲ့သားမြေးများအတွက်
ရွှေတောင်ကြီးတွေ လဲမဆုံးတဲ့နေ့ပဲ

အဲဒီ့ဆယ့်ကိုးဂျူလိုင်ဟာ
ပြက္ခဒိန်ပေါ်က ဆုတ်ဖြဲမရ
သမိုင်းဒဏ်ရာ ပြန်ပြန်ပြတဲ့နေ့ပဲ

အဲဒီ့ဆယ့်ကိုးဂျူလိုင်မျိုး
တို့အားလုံး ထပ်မလိုချင်တော့ဘူး
တို့အားလုံး ထပ်မငိုချင်တော့ဘူး
ဂျူလိုင်မိုးကို အရောင်ဆိုးတဲ့ရက်စွဲများ
တို့သမိုင်းမှာ ထပ်ရောက်မလာပါစေသား

ကျဆုံးလေပြီးသော……..
အာဇာနည်ခေါင်းဆောင်ကြီးများ….တဲ့
ဒါ မရင့်ကျက်သေးတဲ့သမိုင်းအနာ ဆားထပ်အပက်ခံရတဲ့အသံပဲ
ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ကိုဖြင့်….တေးသွား
ဒါ ကျောချလှဲမရသေးတဲ့ မပြန့်မပြူးသမိုင်းမွေ့ယာအောက်က ကျောအဖောက်ခံနေရဆဲ ဆူးချွန်ပဲ

နောက်နောင်သမိုင်းမှာ
ကျဆုံးဆိုတဲ့စကား မကြားချင်ဘူး
ရှေ့ဆက်သမိုင်းမှာ
သွေးစက်တွေ မတွေ့ချင်ဘူး
ယမ်းခိုးတမျှင်တစ မမြင်ချင်တော့ဘူး
လာမယ့်သမိုင်းမှာ
ရမ္မက်အာဏာတံစို့ထိုးခံရလို့ ရာဇဝင်ဆိုးနဲ့ကျန်ရတဲ့
ဦးစောလိုလူစား ထပ်မမွေးဖွားစေ့ချင်တော့ဘူး

ပြက္ခဒိန်ပေါ်က ဂျူလိုင်လဆီ
အဲဒီ့ဆယ့်ကိုးရက် တွားတက်လာတိုင်း
ခါးမှာသေနတ်ချိတ်ရက်သား
လက်ယားနေတဲ့တစ္ဆေတွေ…..
အာဏာဆိပ် ငယ်ထိပ်ပေါက်တိုင်း
သေနတ်ဒင်ဆီ လက်ရောက်တဲ့ မိစ္ဆာတွေ…
တပ်ရှိန်မတန့်နိုင်ရင် တပ်ဦးဖြိုဖို့ကြံတဲ့
တဇောက်ကန်း လူသတ်ဝါဒီတွေ….

သည်မြေမှာ ထပ်မပေါ်ဖို့
သူသူ ကိုယ်ကိုယ် စိတ်ဆန္ဒညီညီနဲ့
သူသူ ကိုယ်ကိုယ် အရောင်အသွေးညီညီနဲ့
ပန်းစီးတွေတင် ပန်းခွေကိုယ်စီချထား
အနက်ရောင်ခြုံထည်များ
အနက်ရောင်လက်ပတ်များ
ညှိုးချုံးသောနှလုံးသားများနဲ့
ဗိမာန်တော်ကြီးထံမှောက်မှာ
ဒီနေ့ ဒီအချိန်အတွက်
ခင်ဗျားတို့ ကျွန်တော်တို့
နောင်နေ့ နောင်အချိန်တွေအတွက်
ကျွန်တော်တို့ ခင်ဗျားတို့ ……..

ခက်ဦး
၁၇ . ၇ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts