အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုမှာ ကျွန်တော် အလုပ် လုပ်စဉ်က သူဌေး၏အခန်းမှာ သူ့ဘီယာသောက်ပြီး သူ့ကို စသလိုလို နောက် သလိုလိုဖြင့် ဝေဖန်အရေး ဆိုတော့ My skin so thick. လို့ ပြောဖူးတာ တခါတရံ ကျွန်တော် သတိရတတ်သည်။ ကျွန်တော့်ကို ချစ်ခင်သော သူများ၊ သံယောဇဉ်ရှိသော သူများ၊ ပြောမနာ ဆိုမနာများက အထိမခံ ရွှေပန်းကန်ကြီး၊ ဆတ် ဆတ်ထိမခံကြီး၊ အရေပြားပါးလွန်းသူကြီးလို့ မကြာခဏ ဝေဖန်ကြသည်။ သူတို့ မှန်လဲ မှန်သလို၊ မှားလဲ မှားပါသည်။
သူတို့ကို ကျွန်တော်က ရင်ဘတ်ကြီးဖြင့် ခံစား၊ စိတ်ရော လူပါ နှစ်ပြီး ကူညီ၊ ပုံနှစ်ပြီး ပေါင်းသင်းဆက်ဆံပေမယ့် မထုံတက် သေး အမူအရာများ၊ တန်ဖိုးမထားသည့် တုန့်ပြန်မှုများ၊ မခန့်လေးစား အမူအရာများကို သိ၊ မြင်၊ ခံစားလိုက်ရလျှင် စိတ်ထဲက အစိုင်အခဲကြီးဖြစ်သွားပြီး အရေပြားပါးတယ်ဟု သမုတ်ခံရတော့သည်။ ဒါလဲ ရသေးသည်။ စိတ်ဆိုးစရာမဟုတ်။ စိတ်ခုစရာ မဟုတ်သေး။ သူတို့၏အပြုအမူအတွက် ကျွန်တော် စိတ်မကျေနပ်ကြောင်းလေးကိုပြောပြပြီး ဂျီကျလိုက်ရလျှင် ပြီးသည်။ တချို့က အဲဒီလို မဟုတ်သေးဘဲ အရေပြား သိပ်ပါးသကိုး၊ လူမှုဆက်ဆံရေးမှာ ခင်ဗျားက ဘယ်လောက်ကောင်းနေသလဲ၊ ဘာညာဟုဆိုကာ ဆရာတော် ဦးဇောတိကတို့၊ ဒေးလ်ကာနယ်ဂျီတို့ကို ထုတ်ပြဝေဖန်သည့်အခါ စိတ်ဆိုး၊ စိတ်ခုအဆင့်မှ တက်ပြီး မတိမ်းမစောင်း ဗိန်းဗောင်းတီးကာ သတ်ကြရတတ်ပါသည်။
သို့သော် ကျွန်တော့် အရေပြားတွေ သိပ်ပြီးများ ထူလပြစ်ကြီးဖြစ်နေသလားလို့ ထင်ရတတ်သည့်ကိစ္စများလဲ ရှိပါသည်။ အထူးသဖြင့် နိုင်ငံအရေးကိစ္စများအတွက် တောင်မရောက် မြောက်မရောက်စာများအတွက် ဝေဖန်သည့်ကိစ္စများ။ ကျွန် တော် အရေသိပ်ထူပါသည်။ ဥပမာ ထုတ်ပြချင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အဘွားကြီးဟု မကြာခဏ ကျွန်တော် နာမ်စားသုံးသည့်ကိစ္စ။ အ ဂါရ၀သဘောဖြင့် ဘွား တော်ကြီး၊ အဖွားကြီးလို့ ခေါ်တာမဟုတ်။ စစ်အာဏာရှင်တို့၏ လေသံကိုလိုက်ပြီး နာမ်နှိမ်ချင်၊ နှိမ့်ချချင်သည့်သဘောဖြင့်လဲ အဖွားကြီးလို့ ခေါ်တာမဟုတ်။ ကျွန်တော့် မွေးသမိခင် အမေ အသက် ၇၀ ကျော်ပါပြီ။ အမေ့ကွယ်ရာဆိုလျှင် ကိုယ့်ဘ၀ လမ်းကြောင်းပေါ် ကိုယ်တိုင် မားမားမတ်မတ်လျှောက်နိုင်နေကြပြီဖြစ်သည့် ကျွန်တော်တို့မောင်နှမတွေက မာမီကြီး သွား ချင်ရင် လိုက်ပို့လိုက်။ ဘွားတော်စားချင်ရင် ၀ယ်သွားပေးလိုက်။ အဖွားကြီးဆဲရင် နင်တို့ခံနော်။ ငါကတော့ မပါဘူးဟု ပြော ကြသည်။ မိုက်ရိုင်းတာမဟုတ်။ မိ မဆုံးမ ဘ မဆုံးမ သဘောမဟုတ်။ ချစ်စနိုးဖြင့် အမေ့ကို မာမီကြီး၊ ဘွားတော်ကြီး၊ အဖွားကြီးလို့ နာမ်စားတွေ အသုံးပြုခြင်းသာ ဖြစ်သည်။ သူ့အာဏာစက်၊ သူ့စေတနာ မေတ္တာတွေကို အရွယ်ရောက်ပြီး သား ကြီး၊ သမီးကြီးတွေက အသိအမှတ်ပြုသည့် အခေါ်အဝေါ်မျှသာ။
ဒေါ်စုကိုလဲ ကျွန်တော်က ကွယ်ရာမှာ ချစ်စနိုးဖြင့် အဖွားကြီးဟုခေါ်သည့်သဘော အာလုပ်ပြုသောအခါ မိဘ ဆိုဆုံးမမှု အားနည်းတယ်ထင်ပါရဲ့ဟု လည်းကောင်း၊ အဘတွေရဲ့ ဟိုဒင်း ဟိုဟာ မနေသူနေမှာပေါ့ဟုလည်းကောင်း၊ နင့်အမေသာ ခါနီးကြီးသာ ဘွားတော်လို့ခေါ်၊ ငါတို့ မေစုကို အဖွားကြီးလို့မခေါ်နဲ့ဟု ပြစ်ပြစ်နှစ်နှစ်ဝေဖန်သည်များ ပြန်ကြား ရတတ်ပါ သည်။ ထိုအခါများမှာတော့ ကျွန်တော့် သူဌေး ပြောဘူးသလို My skin so thick လို့ ကိုယ့် ကိုယ် ကိုယ် ပြန်ပြောပါသည်။ သူတို့ ထင်သလိုမျိုး အရောင်အသွေးပါသည့် အဖွားကြီးနာမ်စားကို ကျွန်တော်သုံးတာ မဟုတ်တာ။ ထို့ကြောင့် My butterfly is clean. My skin so thick. လို့ နောက်တောက်တောက် လုပ်ပစ်တတ်ပါသည်။
နောက်ထပ် ဥပမာတခုထုတ်ပြရလျှင် စကားပြော သီချင်းဆိုနည်းဖြင့် နာမည်ကြီးလာသည့် နိုင်ငံကျော် လူငယ်အဆိုတော် တဦးက အဖွားကြီးကို (အဖွားကြီးလို့သုံးပြန်ပလား မလုပ်နဲ့ဗျ။ My skin so thick. My butterfly is clean. My head so hard ဗျ) ပိုင်ဆိုင်မှုပြပါ ဘာညာဆိုပြီး ပြောသည်။ ဒီဘဲလေး ဘာသဘောနဲ့ ပြောသလဲ။ ဘာကြောင့် ပြောသလဲ။ သက်သက်မဲ့ ဖွချင်လို့များ ပြောလေသလား။ လူတွေ ဒေါသထွက်တာကို ကြည့်ပြီး ကွယ်ရာမှာ တခွိခွိလုပ်ချင်သည့် လူငယ်တို့ ဉာဉ်ဖြင့်များ ပြောလေသလော။ သူ့ဘာသာ ဘာသဘောနဲ့ ပြောပြော။ စိတ်ဆိုးသူများ စိတ်အဆိုးကြီး ဆိုးကြသည်။ တချို့က သူ့အဘ တွေ သွားမေးပါ့လားဟု ထောက်ပြဝေဖန်သည်။ တစ်ချို့ကတော့ သူ့အဘတွေကြတော့ မပြောရဲဘဲနဲ့ဟု တွက်ကပ်ပြကြသည်။ တချို့ကတော့ ဟိုဒင်းကို ဟိုဟာနဲ့ အ၀ှာပြုထားပြီးဟု ဆဲသူများလဲ ရှိသည်။ မည်သို့ပင် ဆိုစေ။ အတော်ပူသည့် အစ်ရှူးတစ်ခု ဖြစ်သွားခဲ့သည်။
သူ့မေးခွန်းကို ကျွန်တော်လဲ မကြိုက်တာတော့ အမှန်။ အများ တွက်ကပ်ကြသလို ဟို ဘဘကြီးတွေကြတော့ မမေးဘဲနဲ့လို့ စိတ်ခုသည်။ တဖက်က ပြန်တွေးပြန်တော့လဲ ဟိုလူကြီးတွေက သိကြားမင်းဆင်းလာပြီး သူတို့ မိန်းမတွေအကုန်လုံး နတ် ပြည်ခေါ် တစ်ဖက် ငါးရာထဲ ထည့်ပစ်လိုက်မယ်ဟု ခြိမ်းခြောက်မေးသော်မှ ဖြေမည့်သူတွေမဟုတ်။ အဖွားကြီးကတော့ (ခွင့် လွှတ်တော့ဗျာ) အပြောနဲ့အလုပ် အမြဲညီခဲ့သူပီပီ သူများမမေးသော်မှ သူ့မှာ အစီအစဉ်ရှိပြီးသားဆိုတာ ကျွန်တော် ယုံကြည် သည်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုသည့် ခေါင်းဆောင်မျိုးမဟုတ်။ ဒီတော့ ဒီဘဲလေး၏ အနှောင့် မလွတ် အ သွားမလွတ် ရွှေခက်ရင်း ပါးစပ်က ကန့်လန့်ကိုက်ပြီးမွေးလာသည့် လူစကားကို အရမ်းကြီး စိတ်ဆိုး၊ စိတ်ခုနေဖို့ မလိုဘူး ထင်ပါသည်။
နောက်ပြီး ဒီအဆိုတော်လေး မေးခွန်းက ရိုင်းရိုင်းစိုင်းစိုင်းလဲ မဟုတ်။ ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာဖြင့် ပြည်သူလူထု တစ်ဦးအနေနဲ့ လူထုခေါင်းဆောင်ကို မေးသည့်သဘောလို့ ယူဆသော်လည်း ရကောင်း၏။ ဒေါ်အောင်ဆန်းစုကြည်သည် ဘုရားမဟုတ်ဆိုတာကို ကျွန်တော်တို့လက်ခံရပါမည်။ untouchable သဘောဖြင့် စင်မြင့်မှာ ကျွန်တော်တို့က ထားချင်အုံး တော့ မာမီကြီးက နေချင်သည့်သူ မဟုတ်။ ဘမျိုး ဘိုးတူ ပြည်သူလူထုနှင့် တစိတ်တည်း တ၀မ်းတည်းရှိသောသူ ဖြစ်သည်။ ကျွန်တော်တို့ နှာခေါင်းများသော်မှ ပွပွယောင်းယောင်း၊ ကောက်ကောက်ကွေးကွေး၊ ပိပိပြားပြား၊ စုတ်စုတ် ချွန်းချွန်း တစ်ဦး နှင့် တစ်ဦး မတူကြသေးသည်ဘဲ။ တချို့က ရိသဲ့သဲ့လုပ်ရမှ ကျေနပ်သည်။ တချို့က ဆရာကြီးအထာဖြင့်နေရမှ ကျေနပ် သည်။ တချို့က တော်သည် တတ်သည်လို့ အပြောခံရမှ တန်ဖိုးရှိသောဆက်ဆံရေးလို့ ထင်ကြသေးသည်ဘဲ။ ထို့ကြောင့် သူ့စကားကို ဆတ်ဆတ်ထိမခံဖြစ်ပြီး our skin so thin ကြလို့ မဖြစ်ဘူးလို့ ကျွန်တော်ထင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အလိုရှိသည့် ဒီမိုကရေစီသည် အဘယ်သို့သော ဒီမိုကရေစီဖြစ်သနည်း။ ကျွန်တော် ဉာဏ်မှီသ လောက် တွေးကြည့်မိတော့ အဖွားကြီးက အာဃာတတွေ တစ်ထောကြီးနှင့် တဦးနှင့် တဦး မယုံမကြည်ဖြစ်နေရသည့် ဒီမို ကရေစီ အလိုမရှိ။ အတိတ်ကို တောက် တခေါက်ခေါက်ဖြင့် လှည့်ကြည့်ပြီး အနာဂတ်ကို တရွတ်တိုက်သွားနေသည့် ဒီမို ကရေစီ အလိုမရှိ။ သူလိုချင်သည့် ဒီမိုကရေစီက လူမှန်သမျှ (၀ါ) ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ လူမှန်သမျှ သူ့အရည် အချင်းနှင့်သူ၊ သူ့ကြိုးစားမှုနှင့်သူ တရားဥပဒေ စိုးမိုးမှုအောက်မှာ တန်းတူ ရည်တူ အခွင့်အရေးရှိသည့် ဒီမိုကရေစီမျိုး။ ပြည် သူလူထု ကောင်းစားရေး၊ ပြည်သူလူထုကြီး၏ အကျိုးစီးပွားအတွက် အမြဲ ဦးတည်သည့် ခေါင်းဆောင်၊ အုပ်ချုပ်သူတွေကို ပြည်သူလူထုက ကြိုက်သည့် အချိန်၊ ကြိုက်သလို စီမံ ချယ်လှယ် ဖြုတ်ချ၊ ခန့်အပ်လို့ ရသည့် ဒီမိုကရေစီမျိုး။ ပြည်သူလူထု စည်းစိမ်ဥစ္စာကို ဘိုးဘွားပိုင်လို ခိုးချင်တိုင်း ခိုးကြသည့်အစိုးရကို အပြစ်ပေး၊ ဖြုတ်ချနိုင်ရေးရှိသည့် ဒီမိုကရေစီမျိုး ဖြစ်မည် ထင်ပါသည်။
တိုင်းပြည်မျက်နှာ မကြည့်၊ ပြည်သူလူထုကို ကျွန်လိုမြင်သည့် အုပ်ချုပ်သူ လူတန်းစားကို ကျွန်တော်တို့ ဆဲနိုင်ခွင့် အပြည့် ရှိသည်။ အထူးသဖြင့် အခုလို ဆိုရှယ်နက်ဝပ်ခ်ခေတ်ကြီးမှာ ခေတ်လုပ်ပြီးလဲ ဆဲနိုင်သည်။ လက်ခုပ်သံ ချူပြီးတော့လဲ ဆဲနိုင်သည်။ ခေတ်မှီသူတိုင်း ဆဲကြသည်လို့ ဆိုပြီးလဲ ဆဲနိုင်သည်။ နားစွန် နားဖျားကြားပြီး မစဉ်းစားတော့ဘဲ ထမိန်စွန် တောင်စွဲကာ ရှေ့ကို တက်လာနိုင်သည်။ ရင်ထဲကကို မုန်းလွန်းလို့ဟု ပြောပြီးလဲ ဆဲနိုင်သည်။ ကြိုက်သလို ကလော် တုပ် နိုင်သည်။ သို့သော် ကျွန်တော်တို့ အဖွားကြီးက သူ့နောက်လိုက်တွေက ဆဲဘဲ ဆဲတတ်ပြီး အလုပ် မလုပ်သူတွေ၊ မဲစာရင်း သွားမစစ်သူတွေ၊ ကိုယ့်ရပိုင်ခွင့်ကို မတောင်းရဲသူတွေ ဖြစ်နေမှာကိုတော့ စိတ်ချမ်းသာမည်လို့ ကျွန်တော် မထင်ပါ။
“ဘာလဲ…ခင်ဗျားက…စာလေးရေးတာ မတောက် တခေါက်နဲ့ ဟိုလူ့စောင်းသလိုလို၊ ဒီလူ့စောင်းသလိုလို သူ့ပထွေး အဆို တော်လေးဘဲ ကာကွယ်ပေးချင်တာလိုလို” ဟု အဆိုများရှိလာသော် ကျွန်တော်ပြောခဲ့သောစကားကို သတိရပါလေ။ My skin so thick ဗျ။
ဒါပေသိ ငါနဲ့မတူ ငါ့ရန်သူ၊ ငါတို့ ဖြူရင် ဖြူ၊ တပေါက်တောင် အခြားအရောင် မစွန်းနဲ့ဟုဆိုသည့် ဒီမိုကရေစီ ဘက်တော် သားများ၊ ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်များဆိုလျှင်တော့ ကျွန်တော့်အရေပြားတွေက မထူနိုင်ပါ။ My skin စပ်ဖျဉ်း ဖျဉ်းပေါ့ဗျာ။
ဖိုးထက်