ဝေဖန်ရေးရာ မောင်စွမ်းရည်

မောင်စွမ်းရည် – မြတ်စွာဘုရားရဲ့ သပိတ်တရားတော်

 
မောင်စွမ်းရည် – မြတ်စွာဘုရားရဲ့ သပိတ်တရားတော်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၅
 
တန်ဆောင်မုန်းလမှာ ပထမကောလိပ်သပိတ်ကြီး ပေါ်ပေါက်ခဲ့တာကြောင့် တန်ဆောင်မုန်း လကို သပိတ်လအဖြစ်ထားပြီး သပိတ်အကြောင်း ဆောင်းပါးပေါင်းစုံ ကျွန်တော်ရေးမိပါတယ်။ မြန်မာတို့ရဲ့သမိုင်းမှာ သူ့ကျွန်ဘဝ ရောက်တာစပြီး ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တဲ့ကာလကို ခေတ်သစ် မြန်မာ့သမိုင်းရဲ့ ပထမပိုင်းအဖြစ် သတ်မှတ်ရေးသားလေ့ရှိကြတယ်။ ခေတ်သစ် မြန်မာ့သမိုင်း ပထမပိုင်းမှာ ပထမကောလိပ်သပိတ်(၁၉၂၀)၊ ဒုတိယကောလိပ်သပိတ်(၁၉၃၆)၊ တတိယ ကောလိပ် သပိတ်(၁၉၃၈)ဆိုပြီး ကျောင်းသားသပိတ်များကို လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ကျောရိုးထားပြီး ရေးလေ့ရှိကြပါတယ်။
 
ပထမရန်ကုန်ကောလိပ် ကျောင်းသားသပိတ်ကြီးဟာ ၁၂၈၂ (၁၉၂၀)၊ တန်ဆောင်မုန်း လဆုတ် ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ သပိတ်မှောက်စတုန်းက “သပိတ်”ဆိုတဲ့ ဝေါဟာရဟာ မတွင်ကျယ်သေးဘူး။ ကြွေးကျော်သံတိုင်တာတောင်မှ ဗာစီတီ – ဗာစီတီ … စထရိုက်-စထရိုက် (Stirke)လို့ အင်္ဂလိပ်လို အော်ဟစ်ခဲ့ကြပါတယ်။ တက္ကသိုလ်ဆိုတဲ့ ဝေါဟာရကလဲ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်တဲ့ ၁၉၂၀ ခုနှစ်ကျမှ ယူနီဗာစီတီကို ဘာသာပြန်ပြီး ခေါ်ခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် အဲသည် သပိတ်ကြီးဟာ “တိုင်းတုန်” သွားခဲ့ပါတယ်။ 
 
အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေ ပေါ်ပေါက် လာပြီး နိုင်ငံရေးလောက၊ စာပေလောက၊ တပ်မတော်လောက၊ ပညာရေးလောက စသည်တို့မှာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတွေ “ထုနဲ့ထည်နဲ့”ဖြစ်အောင် မွေးထုတ်ပေးနိုင်ခဲ့လို့ အရေး အပါဆုံး လှုပ်ရှားမှုကြီးတခုအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ထပ် ကျောင်းသားသပိတ် ပေါ်လာပြီး တော့ ရေနံမြေ သပိတ်ကြီးနဲ့ ပေါင်းစည်းမိပြီး အထွေထွေ သပိတ်ကြီး ဖြစ်ပေါ်လာခဲ့ရာက တိုက်ပွဲ ရေချိန် အမြင့်ဆုံးကို ရောက်လာခဲ့လို့ “သပိတ်”ဆိုတဲ့ ဥပဒေဘောင်တွင်းက လူထုဆန္ဒပြပွဲများဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီနိုင်ငံရေး သဘောတရားအဖြစ် အသစ်အဆန်း ဖြစ်တည်လာခဲ့ပါ တော့တယ်။
 
သပိတ်ဆိုတာ အထူးစဉ်းစားစရာ မလိုဘဲ သံဃာတော်များ ဆွမ်းခံတဲ့ အိုးခွက်ဆိုတာ မြန်မာ တိုင်း သိကြပါတယ်။ “သပိတ်မှောက်”ဆိုတာ ဆွမ်းမခံဘူးလို့ ဆိုတာလဲ အားလုံး သိကြပါတယ်။ ဒါဟာ တိုက်ရိုက် အဓိပ္ပာယ်ပါ။ တဆင့် အဓိပ္ပာယ်ကတော့ ပေါင်းသင်းဆက်ဆံရေး မလုပ်ဘူးလို့ ဖြစ်ပါ တယ်။ အင်္ဂလိပ်ခေတ်တုန်းကတော့ “ဘွိုင်းကောက်” လုပ်တယ်လို့ ပြောကြပြီး သပိတ်မှောက် ကျောင်းသားကိုတော့ “ဘွိုင်းကောက်တာ”လို့ ခေါ်ပါတယ်။ ခေတ်သစ် မြန်မာသမိုင်းမှာ “သပိတ်အစ ကျောင်းသားက”လို့ ဆိုရိုးရှိခဲ့ပေမယ့် ဒီခေတ်မှာ သံဃာသပိတ်ပေါ်ပေါက်လာခဲ့ပါတယ်။ သံဃာများက သူတို့ပိုင် ဝေါဟာရကို သူတို့ ပြန်ယူပြီး အသုံးပြုလိုက်ကြတာပါပဲ။ တကယ်တော့ ကမ္ဘာ့သမိုင်းနဲ့ ချီပြီး ပြောရရင်တောင် “သပိတ်မှောက်အစ သံဃာက”လို့ ပြောရပါလိမ့်မယ်။ မြတ်စွာဘုရားရှင် လက် ထက်က မြတ်စွာဘုရားကိုယ်တိုင် သပိတ်မှောက်ခိုင်းလို့ သံဃာတွေ မှောက်ခဲ့ကြတဲ့ အစဉ်အလာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို ခုဒ္ဒကနိကာယ်၊ ဝိနည်း ပိဋကတ်၊ စူဠဝဂ်ပါဠိတော်မှာ ပါရှိတာကို ဖတ်ရှုလေ့လာပြီး ဖောက်သည်ချပါရစေ။
 
တရံရောအခါက ဝဍ္ဎလိစ္ဆဝီမင်းသားဟာ မေတ္တိယဘူမဇက ရဟန်းတို့နဲ့ ဆက်ဆံပေါင်းသင်း မိကြသတဲ့။ တနေ့သ၌ ဝဍ္ဎလိစ္ဆဝီမင်းသားဟာ မေတ္တိယဘူမဇက ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီး “အရှင် တို့ကို ရှိခိုးပါ၏”လို့ သုံးကြိမ်တိတိ ပြောဆိုနှုတ်ဆက်ပေမဲ့ မေတ္တိယဘူမဇက ရဟန်းတို့က လုံးဝ စကား ပြန်မပြောဘဲနေသတဲ့။ ဒီတော့ မင်းသားက အရှင်တို့ အကျွန်ုပ်က သင်တို့ကို ဘယ်လို ပြစ်မှားမိလို့လဲ၊ ဘာကြောင့် အကျွန်ုပ်ကို စကားမပြောကြတာလဲလို့ မေးသတဲ့။ ဒီတော့ မေတ္တိယဘူမဇက ရဟန်းများ က “ငါတို့ကို မလ္လမင်းရဲ့သား ဒဗ္ဗက ညှင်းပန်းနှိပ်စက်တာကို မင်းက လစ်လျူရှုနေတာကိုး”လို့ ပြန်ဖြေသတဲ့။ ဒီတော့ ဝဍ္ဎလိစ္ဆဝီမင်းသားက “ဒီလိုဆိုရင် ကျွန်ုပ် ဘယ်လို ပြန်လုပ်ရမလဲ။ ဘယ်လို ပြန်လုပ်စေချင်သလဲ”လို့ မေးသတဲ့။ မေတ္တိယဘူမဇက ရဟန်းတို့က မြတ်စွာဘုရားထံ သွားရောက်ပြီး ဒီလို ဒီလို လျှောက်ထားချေလို့ ဝဍ္ဎလိစ္ဆဝီမင်းသားကို သင်ပေးလိုက်သတဲ့။ သင်ပေးတဲ့ စကားအတို ကတော့ “အရှင်ဘုရား ကျွန်ုပ်မှာ ဘေးအန္တရာယ် ကျရောက်ခဲ့ပါပြီ။ မလ္လမင်းရဲ့သား အရှင်ဒဗ္ဗဟာ အကျွန်ုပ်ရဲ့ မယားကို မတရားပြုကျင့် ဖျက်ဆီးခဲ့ပါတယ်ဘုရား”စသဖြင့် ဖြစ်ပါတယ်။
 
ဝဍ္ဎလိစ္ဆဝီမင်းသားဟာ မေတ္တိယဘူမဇက ရဟန်းတို့ သင်ပေးတဲ့အတိုင်း ဘုရားရှင်ကို ချဉ်းကပ် တိုင်ကြား လျှောက်ထားတဲ့အခါ မြတ်စွာဘုရားကလည်း ထုံးစံအတိုင်း သံဃာအစည်းအဝေးခေါ်ပြီး သံဃာများရဲ့ မျက်မှောက်မှာ မလ္လမင်းရဲ့သား အရှင်ဒဗ္ဗကို စိစစ်မေးမြန်းတော်မူပါတယ်။ ဒီတော့ အရှင်ဒဗ္ဗကလည်း အကျွန်ုပ်သည် မွေးကတည်းကပင် မေထုန်အမှုမျိုးကို အိပ်မက်ထဲမှာတောင် မကျူးလွန်ဘူးပါဘုရား”လို့ အမှန်အတိုင်း ထွက်ဆို ဖြေကြားသတဲ့။ မြတ်စွာဘုရားကလဲ ဒီလိုဆိုရင် ဝဍ္ဎလိစ္ဆဝီမင်းသားကို သပိတ်မှောက်လော့။ သံဃာအများက သူနှင့် ပေါင်းသင်းဆက်ဆံခြင်း မပြုနဲ့”လို့ မိန့်တော်မူပြီး အောက်ပါ အင်္ဂါရှစ်ပါးအတိုင်း ပြုမူတဲ့ ဥပါသကာကို သပိတ်မှောက်ရမယ်လို့ သပိတ် မှောက် အင်္ဂါရှစ်ပါးကိုလည်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာချက်ကို ရဟန်းတပါးက သံဃာထုကို ထပ်ဆင့် ကြေငြာ ပြောဆိုလိုက်ပါတယ်။ “သံဃာအားလုံး သဘောမတူရင် ဖွင့်ဟ ထုတ်ဖော်ပြောကြပါ။ သဘောတူရင် ဆိတ်ဆိတ်နေပါလို့လဲ ထုံးစံအတိုင်း စနစ်တကျ မေးမြန်းပါ တယ်။ သံဃာအားလုံး ဆိတ်ဆိတ်နေတဲ့အတွက် မြတ်စွာဘုရားရဲ့ အဆုံးအဖြတ်အတိုင်း သပိတ် မှောက်ပါတယ်။ နောက်နေ့ မနက်မှာ အရှင်အာနန္ဒာကိုယ်တော်တိုင် ဝဍ္ဎလိစ္ဆဝီမင်းသားရဲ့ အိမ်ရှေ့ကို သွားပြီး မင်းကို ငါတို့ သပိတ်မှောက်လိုက်ပြီ။ မင်းကို ငါတို့ အဆက်အဆံ မလုပ်တော့ဘူးလို့ ကြေညာ ပြောဆိုလိုက်ပါတယ်။
 
အရှင်အာနန္ဒာရဲ့ ကြေညာ ပြောဆိုတာကို ဝဍ္ဎလိစ္ဆဝီမင်းသား ကြားတဲ့အခါ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ပြီး လဲကျသွားရှာပါသတဲ့။ အဲဒီအခါမှာ ဝဍ္ဎလိစ္ဆဝီမင်းသားရဲ့ အဆွေခင်ပွန်း ဆွေမျိုး သား ချင်းတွေက အရှင်ဝဍ္ဎလိစ္ဆဝီ မစိုးရိမ်နဲ့။ မငိုကြွေးနဲ့။ ငါတို့ မြတ်စွာဘုရားနဲ့ သံဃာတော်များထံ သွားပြီး ရှင်းလင်းလျှောက်ထားပါမယ်လို့ အားပေးကြတယ်။ ဝဍ္ဎလိစ္ဆဝီမင်းသားလည်း သားမယား ဆွေမျိုး မိတ်ဆွေများနှင့်တကွ မြတ်စွာဘုရားဆီကို သွားရောက်ပြီး အကျွန်ုပ်သည် မလ္လမင်းသား ရဲ့သား ဒဗ္ဗကို သီလပျက်စီးတယ်လို့ မဟုတ်မမှန် အကြောင်းမဲ့ စွပ်စွဲမိပါတယ်လို့ မိမိအမှားကို ဝန်ခံပြုပြင်ကြောင်း လျှောက်ထားပြောဆိုပါတယ်။ မြတ်စွာဘုရားကလဲ ဝန်ချတောင်းပန်တာကို လက်ခံပြီး ဝဍ္ဎလိစ္ဆဝီ မင်းသားကို သပိတ်လှန်လော့၊ သံဃာနှင့် ဆက်ဆံခြင်းကို ပြုလော့လို့ မိန့်တော်မူပြီး သပိတ်လှန် အင်္ဂါရှစ်ပါးကို သတ်မှတ်ဟောကြားတော်မူပါတယ်။ သပိတ်မှောက်အင်္ဂါရှစ်ပါးနဲ့ သပိတ်လှန်အင်္ဂါရှစ်ပါး ကို ထင်ရှားသိသာအောင် တနေရာတည်း နှစ်မျိုးတွဲပြီး ဖော်ပြလိုက်ပါတယ်။
 
သပိတ်မှောကအင်္ဂါရှစ်ပါး
 
၁။ ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
၂။ ရဟန်းတို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
၃။ ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
၎။ ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းချောက်၏။
၅။ ရဟန်းအချင်းချင်း ကွဲပြားစေ၏။
၆။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြော၏။
၇။ တရား၏ ကျေးဇူးမဲ့ကို ပြော၏။
၈။ သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။
 
ရဟန်းတို့ ဤအင်္ဂါရှစ်ပါးပြည့်စုံသော ဥပါသကာအား သပိတ်မှောက်ရာ၏။
 
သပိတ်လှန်အင်္ဂါရှစ်ပါး
 
၁။ ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားမထုတ်။
၂။ ရဟန်းတို့အား အကျိုးမဲ့စိမ့်သောငှာ အားမထုတ်။
၃။ ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားမထုတ်။
၎။ ရဟန်းတို့ကို မဆဲရေး၊ မခြိမ်းချောက်။
၅။ ရဟန်းအချင်းချင်း မကွဲပြားစေ။
၆။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို မပြော။
၇။ တရား၏ ကျေးဇူးမဲ့ကို မပြော။
၈။ သံဃာ၏ ကျေးဇူးမဲ့ကို မပြော။
 
ရဟန်းတို့ ဤအင်္ဂါရှစ်ပါးပြည့်စုံသော ဥပါသကာအား သပိတ်လှန်ခြင်းကို ငါဘုရား ခွင့်ပြု၏။ မြတ်စွာဘုရားက တောင်းပန် ဝန်ချပုံကိုလည်း ပုံစံချပြီး သင်ကြားလိုက်ပါတယ်။
 
“ရဟန်းတို့ ဒီလို သပိတ်လှန်ရမယ်။ ရဟန်းတို့ ဝဍ္ဎလိစ္ဆဝီမင်းသားဟာ သံဃာကို ချဉ်းကပ်ပြီး လက်ဝဲတဖက် ပခုံးထက်မှာ အပေါ်ရုံကို စမ္ပယ်တင်၍ ရဟန်းတို့ရဲ့ ခြေကို ရှိခိုးလျက် ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီပြီး –
“အရှင်ဘုရားတို့၊ သံဃာသည် ကျွန်ုပ်အား သပိတ်မှောက်ပါ၏။ ကျွန်ုပ်သည် သံဃာနှင့် ဆက်ဆံမှု မရှိသူ ဖြစ်ပါ၏။ အရှင်ဘုရားတို့၊ ထိုကျွန်ုပ်သည် ကောင်းစွာကျင့်ပါ၏။ မာန်တည်းဟူသော အမွေးကို ချပါ၏။ ကံမှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်ပါ၏။ သံဃာအား သပိတ်လှန် ခြင်းကို တောင်းပန်ပါ၏။” အဲသလို သုံးကြိမ် သုံးခါ ပြောဆိုပြီး သံဃာကို ဝန်ချ တောင်းပန်ရမယ်။ ဝဍ္ဎလိစ္ဆဝီမင်းသားလည်း သုံးခါသုံးကြိမ် တောင်းပန်ပါတယ်။
 
 ဒီအခါမှာ ကျွမ်းကျင်လိမ္မာပြီး စွမ်းရည်နဲ့ ပြည့်စုံတဲ့ သံဃာတပါးက ခုခေတ် အခမ်းအနားမှူးသဖွယ် ဆောင်ရွက်ပြီး ဝဍ္ဎလိစ္ဆဝီမင်းသားကို သံဃာ တွေက သပိတ်မှောက်ပြီး မဆက်မဆံနေခဲ့ကြောင်း၊ အခုအခါ သူက တောင်းပန်ပြီး သပိတ်လှန် အင်္ဂါ ရှစ်ပါးနဲ့အညီ ကျင့်ကြံနေထိုင်ပြီး ဝန်ချတောင်းပန်လို့ မြတ်စွာဘုရားက သပိတ်လှန်ခွင့် ပြုပြီဖြစ် ကြောင်း၊ သဘောမကျရင် ဖွင့်ဟပြောဆိုပါ။ သဘောကျရင် ဆိတ်ဆိတ်နေပါလို့ ထုံးစံနဲ့အညီ ကြေညာ ပြောဆိုလိုက်ပါတယ်။ 
 
သံဃာများ ဆိတ်ဆိတ်နေတဲ့အတွက် အားလုံး သံဃာများ သပိတ်လှန်တဲ့ သဘောကို ပြဆိုတာကြောင့် ဝဍ္ဎလိစ္ဆဝီကို သပိတ်လှန်ပြီး သံဃာများက ပြန်လည် ဆက်ဆံကြပါ တယ်။ ဒါဟာ ဗုဒ္ဓဘာသာ သံဃာတော်များရဲ့ သပိတ်သမိုင်းအစနဲ့ သပိတ်မှောက်၊ သပိတ်လှန် စနစ် နည်းနား ဖြစ်ပါတယ်။ ဒါဟာ ရှေးနှစ်ပေါင်း ၂၅၀၀ ကျော်က ဝတ်စုံဝတ်အဖွဲ့အစည်းကြီးတခုရဲ့ စည်းစနစ်ကျလှတဲ့ လုပ်ထုံးလုပ်နည်း အစဉ်အလာကြီးတရပ်အဖြစ် ကျင့်သုံးခဲ့ပုံ ဖြစ်ပါတယ်။
 
ဒီလို စနစ် နည်းနာနဲ့အညီ မစိုးရိမ်ဆရာတော်ကြီး အစရှိတဲ့ သံဃာများက စည်းဝေးတိုင်ပင် အညီအညွတ် ဆုံးဖြတ်ပြီး စစ်အစိုးရကို သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီနေ့ ၂၀၁၁ ကုန်တော့မယ်။ စစ်အစိုးရက စနစ်တကျ ဝန်ချတောင်းပန်တာကို မလုပ်ခဲ့သေးပါဘူး။ ဒါကြောင့် သံဃာသပိတ်ဟာ ယနေ့အထိ မလှန်ရသေးပါဘူး။ မတောင်းပန်သေးရင် ဘာဖြစ်မလဲလို့ ကျနော်တို့ ဥပါသကာများက လျှောက်ထားတော့ မတောင်းပန်ရင် ကံကြီးထိုက်တတ်တယ်။
 
 စစ်အစိုးရသာမက သူတို့နဲ့ ဆက်ဆံသူ၊ သူတို့ကို ထောက်ခံသူများလည်း အလားတူ အကျိုးပေးလိမ့်မယ်။ ကံကြီးထိုက်ကြလိမ့်မယ်တဲ့။ လူ တယောက် ကံအဆိုးဆုံး ကြုံရတယ်ဆိုတာ အဝီစိငရဲကို ဇောက်ထိုးကျဆင်းရခြင်းပါပဲ။ 
 
ကျွန်တော်တို့ တော့ ဒီအစိုးရဟာ ပုဆိုး တိုက်ပုံဝတ် စစ်အစိုးရဖြစ်တာမို့ မဆက်ဆံရဲသေးပါဘူး။ ကံကြီးထိုက်မှာ ကြောက်လို့ပါ။ 
 
ကဲ … သပိတ်တရားတော် ပြီးဆုံးပါပြီ။
အားလုံး သာဓုနုမော် ခေါ်ကြစေသတည်း။

 

မောင်စွမ်းရည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts