သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲကို ဘယ့်နှယ်ဝိုင်းမယ် နှင့် မောင်မိုးသူ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
မောင်မိုးသူ  – ရွေးကောက်ပွဲကို ဘယ့်နှယ်ဝိုင်းမယ် နှင့် မောင်မိုးသူ
မော်ဒန်ဂျာနယ် ၊၁၇ ဇူလိုင်၂၀၁၅ (မိုးမခ)
 
၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မှာတဲ့။ရက်က ကြေညာလိုက်ပြီ။
 
ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းတွေကိုလည်း ဘယ်ရက်မှာ နောက်ဆုံးပေးရမယ်လို့လည်း သတ်မှတ်ကြေညာထားလေတော့ ရွေးကောက်ပွဲဝင်ကြမည့် အဓိကအာဏာရပါတီနဲ့ အတိုက်အခံဖြစ်တဲ့ အင်န်အယ်လ်ဒီတို့ဟာအလုပ်တွေ ရှုပ်ပြီး အရှုပ်တွေ လုပ်နေကြရပါတယ်။
 
အာဏာရပါတီဆိုတာ စစ်တပ်အသွင်ပြောင်း လွှတ်တော်အစိုးရရယ်၊ ပြည်ခိုင်ဖြိုးရယ်၊ စစ်တပ်ရယ်လို့ အစုအားဖြင့် သုံးစုရှိပါတယ်။
 
စစ်တပ်ကတော့ ရှင်းတယ်လေ။ အစိတ်သား ၊ အဲလေ ၂၅ ရာခိုင်နှုန်း တရားဝင် သပိတ်ဝင်အိတ်ဝင် ရပြီးသားလေ။ဒါပေမဲ့လည်း စစ်တပ်မှာလည်း ပြသနာရှိတယ်။ စစ်တပ်က အနားယူရမယ့်  လူကြီးပိုင်းတွေကို ကြံ့ခိုင်က ကိုယ်စားလှယ်အဖြစ် ရွေးမှာလား၊ လက်ခံမှာလား။ တစ်ချိန်တည်းမှာ အသက်ပြည့်ပင်စင် မရောက်သေးတဲ့ စစ်ခေါင်းဆောင်ငယ်တွေကို သေချာပေါက် နိုင်လောက်တဲ့ နေရာတွေမှာ အရွေးခံကြဖို့ သတ်မှတ်တယ်။အရွေးခံမယ့် ပုဂ္ဂိုလ်တွေခမျာမှာလည်း  အရွေးခံလို့ နိုင်မယ် မနိုင်မယ်သာ မသေချာတာ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံတာနဲ့ လက်ရှိရာထူးက နုတ်ထွက်ပေးရလေတော့ သည်တော့ မနိုင်ရင် မရရင် သူတို့ခမျာမှာ မျောက်သစ်ကိုင်းလွတ် ဖြစ်ရပေဦးမည်။ မလွယ်ဘူး၊မလွယ်ဘူး ရူးနိုင်လောက်နေပါတယ်။
 
သည်ကြားထဲမှာ ကြံ့ခိုင်ရဲ့ ကြိုးကိုင်ပုဂ္ဂိုလ်ကြီး စီမံခန့်ခွဲမှုတွေ လုပ်နေတဲ့ ဦးဏှောက်ကြီးက ဦးဏှောက် ဘာဖြစ်လို့ဆိုလား စင်္ကာပူသွား ဆေးကုနေရသေး။
 
လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ နောက်ထပ် သမ္မတ မလုပ်တော့ဘူးလို့ပြောတဲ့သူကပြော၊ အဲသည်လို မဟုတ်ပါဘူးလို့ ပြောတဲ့သူကပြော။ သည်ကြားထဲမှာ စစ်တပ်က ဒုသမ္မတရာထူးကို တင်မြှောက်ခွင့်ရှိပြီး အဲသည် ဒုသမ္မတကတဆင့် သမ္မတရွေးခံပိုင်ခွင့် ရှိတယ်လို့ ပြောတဲ့သူကပြော ရှုပ်ယှက်ကို ခတ်နေတာပဲ။
 
အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ အင်န်အယ်လ်ဒီကလည်း လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးလိုလို အရွေးခံမယ်။ကိုယ်စားလှယ်လောင်းတွေ လျာထား ရွေးချယ်ထားပြီးပါပြီလို့ ပြော။တစ်ချိန်တည်းမှာ တိုင်းရင်းသားမဟာမိတ်ပါတီတွေနဲ့ CRPP နဲ့တော့ ညှိနှိုင်းရမယ်လို့ပြော။ SNLD ကညီလာခံလုပ်။ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ထားကြောင်း။မသေချာသေးကြောင်း။ထို့အတူ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခွန်ထွန်းဦးကလည်း  မဆုံးဖြတ်ရသေးဘူးလို့ပြော။
 
၈၈ပွင့်လင်းက ရွေးကောက်ပွဲဟာ ဒီမိုကရေစီတိုက်ပွဲဖြစ်လို့ အင်န်အယ်လ်ဒီကို ဝန်းရံမယ်လို့ပြော၊တစ်ချိန်တည်းမှာ ၈၈ထဲက ခေါင်းဆောင်တချို့က ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းကထွက်။
 
အိုရှုပ်ယှက်ကို ခတ်နေတာပါပဲ။
 
ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ရွေးကောက်ပွဲက နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာပြီးပြီ။ကြေညာတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း ဥက္ကဋ္ဌကအစ အဖွဲ့ဝင်အားလုံး စစ်ဘက်က ပုဂ္ဂိုလ်တွေချည်းပဲ။သူတို့ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေဟာ အမှားတွေပါနေလို့ ပြင်ဆင်ရဦးမယ့် အခြေအနေရှိနေတယ်လို့ ဆိုတဲ့သူကဆို။
 
ရွေးကောက်ပွဲ မဲစာရင်းမှာ ပါမပါ အသည်းကြားက မဲတစ်ပြားပေးနိုင်ခွင့်ရှိတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒရှင်များကိုယ်တိုင်က မဲစာရင်းပါမပါ ကိုယ်တိုင်စစ်ဆေးရပါမယ်။မပါရင် တိုင်ကြားရမယ်လို့ဆို။
ဟုတ်ပါပြီ ဟုတ်ပါပြီ။
 
ရွေးကောက်ပွဲက လုပ်တော့မယ်။
 
အာဏာရပါတီကလည်း သူတို့ကိုယ် သူတို့ မသေချာ ယုံလည်းမယုံ။မယုံဆို သူတို့ပါတီက ပြည်သူလူထုအကျိုးကိုဘာမှ လုပ်ဆောင်နိုင်ခဲ့တာမှ မရှိဘဲကိုး။သူတို့ရဲ့အသွင်ပြောင်းပါတီက လွှတ်တော်အစိုးရဖြစ်ပြီး သက်တမ်းလေးနှစ်ကျော် ငါးနှစ်အတွင်း ဘယ်စီမံကိန်းမှ မအောင်မြင်ခဲ့ဘဲကိုး။ ပြည်သူ့ထောက်ခံမဲရမယ်လို့ ဘယ်မျှော်လင့်ရဲမှာလဲ။
 
အင်န်အယ်လ်ဒီကတော့ သူတို့ပါတီကို ပြည်သူက ထောက်ခံကြမယ်လို့ ယုံကြည်နေပုံပဲ။
 
ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ  ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ မဲဆန္ဒရှင်များကရော ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိကြရဲ့လားဆိုတာ ပြဿနာခင်ဗျ။
 
ဒေါ်လာဈေး ကို ဗဟိုဘဉ်က ၁၂၀၀ သတ်မှတ်လိုက်လို့ ပြင်ပဈေး ခုန်တက်၊စားသောက်ကုန်တွေက တစ်ဟုန်ထိုးလိုက်တက်၊ဒေါ်လာနဲ့ မဝယ်ရတဲ့ ပြည်တွင်းစားသောက်ကုန်ဈေးတွေကလည်း လမ်းဘေးက ထမင်းကြော်ဆိုင်ကတောင် ၁၀၀၀ ကနေ ၁၂၀၀၊၁၂၀၀ က ၁၅၀၀ တက်။သည်ကြားထဲ အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်ထားတာကို လုပ်သားတွေက  ၄၀၀၀ လိုချင်၊ အလုပ်ရှင်တွေက ၂၅၀၀ ပဲပေးနိုင်။သူတို့ ငြင်းခုံနေဆဲမှာပဲ ကုန်ဈေးနှုန်းတွေက လိုက်တက်၊စားဝတ်နေရေးက ပိုဆိုးဆိုးလာ။
 
သည်ကြားထဲ မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သား လေးငါးသန်းကော ဘယ်လို ဘယ့်နှယ် လုပ်ဆောင်ရမှာလဲ။ဘယ်မှာ ပေးရမှာလဲ။
 
ပြဿနာတွေက သောင်းခြောက်ထောင်က ရွေးကောက်ပွဲကို ဘယ့်နှယ်ဝိုင်းမယ်၊ သည့်နှယ်ဝိုင်းမယ်ဆိုပြီး ၊အမယ်ဘုတ်ကယ့် သူ့ချည်ခင်ဖြစ်နေလေရဲ့။
 
ရွေးကောက်ပွဲကို ဘယ့်နှယ်ဝိုင်းမယ်နှင့် မောင်မိုးသူ။
 

 

မော်ဒန်ဂျာနယ် ၊၁၇ ဇူလိုင်၂၀၁၅
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts