သတင်းဆောင်းပါး အင်တာဗျူး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၇)

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၇)
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅

• အရှိန်တန့်လုဆဲ ငြိမ်းချမ်းရေး
လောခီးလာညီလာခံအပြီး NCA မူကြမ်းအား ပြင်ဆင်ဖြည့်စွက်ချက်နှင့်အတူ SD ဖွဲ့သည်ကို အစိုးရဘက်က လိုလားဟန်မပြ ခဲ့ချေ။စောစောပိုင်းကဆိုလျင် အစိုးရနှင့်စစ်ဖက်က SD ကိုအသိမှတ်မပြုဟု UPWC ကပြောဆိုခဲ့သည်။ ဤသို့ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် SD နှင့် NCCT တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇူလိုင် ၂ ရက်၌ တွေ့ဆုံပြီးနောက် UPWC နှင့် SD တို့ အလွတ်သဘောတွေ့ဆုံပြီး ဆွေးနွေးပွဲ ရှေ့ဆက်ရေးအတွက် နည်းလမ်းရှာသွားမည်ဟု ဆိုလိုက်သည်။

ဇူလိုင် ၂ ရက် SD နှင့် NCCT ဆွေးနွေးပွဲသို့ နိုင်ငံခြားဧည့်သည်တစ်ဦးတက်သည်။ ထိုသူမှ ဆွစ်ဇလန်သံအမတ်ကြီးဟောင်း Mr Christoph Burgener ဖြစ်သည်။ သူသည် ၂၀၀၉ မှ ၂၀၁၅ ထိ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်သံအမတ်ကြီးအဖြစ် တာဝန် ယူခဲ့ပြီး ထိုကာလတလျှောက်လုံး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်ခဲသူဖြစ်သည်။ သံအမတ်တာဝန်ပြီးဆုံး၍ ထွက်ခွာသည့်အခါ ၂၀၁၅ ဇွန် ၁၇ ရက်က ကာချုပ်မင်းအောင်လှိုင်နှင့်တွေ့၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့သူဖြစ်သည်။ ဆွစ်ဇလန်နိုင်ငံသည် မြန်မာငြိမ်းချမ်းရေးအား ပံ့ပိုးကူညီနေသည့် Peace SupportGroup တွင်ပါဝင်ပြီး ဆွစ်ကဥက္ကဌအဖြစ် တာဝန်ယူထားပါသည်။ ငြိမ်းချမ်းလုပ်ငန်းစဉ်အတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ နှစ်ဖက်စလုံးအား အကူအ ညီပေးနေသောအဖွဲ့သည်။

SD နှင့် NCCT တို့ ဆွေးနွေးပွဲသို့ရောက်ရှိလာသော ဆွစ်သံအမတ်ဟောင်းက ဆွေးနွေးပွဲအရှိန်ဆက်ရှိဖို့ လိုအပ်ကြောင်း အရှိန်ပျက်သွားသည်နှင့် ကွဲပြားမှုတွေ ပေါ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါနေသူအားလုံး ၎င်းအရှိန်ကို ဆက်လက် ထိမ်းသိမ်းဖို့လိုကြောင်း ပြောဆိုခဲ့ပါသည်။ ဆွစ်သံအမတ်ဟောင်းနှင့် UPWC တွေ့ဆုံသည့်သတင်းထွက်ပေါ်လာခြင်း မရှိ သော်လည်း ဆွစ်သံအမတ်အနေနှင့် နှစ်ဖက်စလုံးအား ညှိနှိုင်းပုံရသည်။ ထိုကြောင့်ပင် ဆွေးနွေးပွဲရှေ့ဆက်နိုင်ရေးအတွက် အလွတ်သဘောတွေ့ဆုံမှုများ ဇူလိုင် ၃/၄ ရက်နေ့တွင် SD နှင့် UPWC ကြားဖြစ်ပေါ်ခဲ့ပါသည်။

ဆွစ်တို့ဦးစီးသော ဥရောပ အဖွဲ့သည် မြန်မာငြိမ်းချမ်းရေးအတွက် MPC အား sponsor ပေးသကဲ့သို့ ကြားဝင်စေ့စပ်ညှိနှိုင်း ပေးပုံရသည်ဟု သုံးသပ်ရသည်။ ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် UN တရုတ်နှင် ဂျပန် နိပွန်ဖောင်ဒေးရှင်းမှလည်း နီးနီးကပ်ကပ် ပါဝင်ပတ်သက် ညှိနှိုင်းလျှက်ရှိသည်ဟု ဆိုရမည်။

သို့နှင့် အရှိန်တန်းလုဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ဇူလိုင် ၃ ရက်၌ အလွတ်သဘောတွေ့ဆုံပွဲဖြင့် စခဲ့သည်။ ဆွေးနွေးပွဲ ပထမနေ့တွင် ဦးအောင်မင်း NCA မူကြမ်းပါအချက်အလက်များအား ပြင်ဆင်လိုခြင်းမရှိဘဲ လက်မှတ်ထိုးလိုသည်ဟု ပြောဆိုခဲ့သည်။ ဒုတိယနေ့တွင်တော့ တိုင်းရင်းသားတို့ ပြင်ဆင်လိုသည့်၁၂ ချက်ထဲမှ ၆ ချက်ကိုတော့ မပြင်နိုင်ဟု တဝက် လျော့သွားပြီး ဆွေးနွေးပွဲအား ရန်ကုန်တွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

နှစ်ရက်တာအလွတ်သဘောတွေ့ဆုံမှုမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရှေ့ဆက်ရန် လမ်းစရှာတွေ့သွားပုံရသည်။ ရွေး ကောက်ပွဲ မတိုင်မှီ NCA လက်မှတ်ထိုးရေး ရှေ့ရှုပြီး လော်ခီးလာညီလာခံမှ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက် ၁၂ ချက်အား ဆက်လက်ညှိနှိုင်းသွားရန် သဘောတူခဲ့ကြသည်။ သမတဦးသိန်းစိန်၏ သမတသက်တမ်းအတွင်း NCA လက်မှတ်ထိုးနိုင် ရေးသည် ဆွေးနွေးပွဲရှေ့ဆက်ရန် လမ်းစဖြစ်ပုံရပေသည်။

လော်ခီလာညီလာခံမှ ပြင်ဆင်လိုသောအချက်များအနက်ဥပဒေနှင့်အညီ ဟူသောစကားရပ်အား ဖြုတ်ရန်သည်လည်း ကောင်း၊  လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုဟူသောစကားရပ်မှ ပြန်လည်ပေါင်းစည်းမှုဟူသောစာသားအားဖြုတ်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များဟု ပြင်ဆင်ရန်သည်လည်းကောင်း အနှစ်သာရအရ အရေးပါသောအကြောင်းအချက်များကို အခြေခံသည်ဖြစ်ရာ မည်သို့ကျော်လွှားနိုင်မည်နည်းဆိုသည်မှာ NCA သဘောတူညီချက် ရရှိရေးအတွက် ကြီးမားသောစိန် ခေါ်မှုဖြစ်နေပေသည်။

ထို့ပြင် NCA လက်မှတ်ထိုးရာတွင် MNDAA/ TNLA/AA စသည့် အဖွဲ့၃ ဖွဲ့ပါရေး မပါရေးမှလည်း လိပ်ခဲတင်းတင်း အနေ အထားတွင် ရှိနေသည်ဟု ဆိုရမည်။

• ဥပဒေနှင့်အညီဆိုသည်မှာ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် အပစ်ရပ်လက်နက်စွန့်ပြီးနောက် ဥပဒေနှင့်အခွင့်အရေးရမည်ဟု ဆိုထားသည်။ အစိုးရဖက်ကဆိုလိုသောဥပဒေမှာ ၂၀၀၈ ခြေဥဖြစ်သည်။ ၂၀၀၈ ခြေဥအောက်မှ နည်းဥပဒေများ ပုဒ်မများဖြစ်သည်။ တိုင်း ရင်းသားတို့လိုလားသည်မှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေရာ လက်ရှိ ၂၀၀၈ ခြေဥအားပြင်ဆင်ရန်လိုအပ်သည်ဟု ပန် ဆန်းညီလာခံက ဆုံးဖြတ်ထားပြီးဖြစ်သည်။

၂၀၀၈ ခြေဥအရ တိုင်းရင်းသားပြည်နယ်များသည် ဥပဒေရေးဆွဲ ပြဌာန်ခွင့်မရှိ မိမိပြည်နယ်တွင်း သယံဇာတများအား ကိုယ် ပိုင်စီမံခန့်ခွဲခွင့်မရ။ ပြည်နယ်လွှတ်တော်များတွင်လည်း စစ်တပ်ကအမတ် ၂၅ ရာခိုင်နှုန်း ယူဦးမည်။ ပြည်နယ်ဝန်ကြီးချုပ် အားလည်း ပြည်နယ်လွှတ်တော်မှရွေးခွင့်မရ။ ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လွှတ်တော်မှ တင်မြှောက်ရေးအတွက် ဥပဒေပြင်ဆင်ရေးအားလည်းစစ်တပ်မှ သဘောမတူသဖြင့် ယခုလဆန်းပိုင်းတွင်ပင် ပယ်ချခံလိုက်ရသည်။ ဤသို့သော ခြေဥသည် တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုအခွင့်အရေးများနှင့် လွဲချော်နေပေသည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်ထန်ဂမ်ရှောင် ပြောကြားရာတွင် တိုင်းရင်းသားအားလုံး တန်းတူမှုရှိတဲ့ပြည်ထောင်စုဟုဆိုလျှင်ဥပဒေပြုရေးအာဏာ အုပ်ချုပ်ရေးအာဏာ တရားစီရေးအာဏာ ၃ ရပ်နှင့်ပတ်သက်၍လည်း တန်းတူရည်တူ အခွင့်အရေးရှိမှတိုင်းရင်းသားအားလုံး တန်းတူရည်တူရှိသည့် ပြည်ထောင်စုဟုပြောနိုင်မည်ဟု ဆိုပါသည်။ ညောင်နှစ်ပင်အမျိုးသားညီလာခံ၌တက်ရောက်ခဲ့သော KIO/KIA ကိုယ်စားလည်များမှ ဖက်ဒရယ်မူ ၁၉ ချက်ကိုတင်ပြခဲ့သော်လည်း ညောင်နှစ်ပင် ညီလာခံ၌မှတ်တမ်းတင် ထားရှိခြင်းပင် မခံရဘဲ ချောင်ထိုးခံလိုက်ရသည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ အပစ်ခတ်ရပ်ပြီးနောက် ထာဝရငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်သည့်အရာမှာ တိုင်းရင်းသားများလိုလားသည့်ဖက်ဒရယ်ထောင်စု တိုင်းရင်းသားများအခွင့်အရေး တန်းတူရေးကိုဖေါ်ပြသည့် အခြေခံဥပဒေတရပ် တိုင်းရင်းသားများ လိုလိုလားလား လက်ခံသည့် အခြေံဥပဒေတရပ်ပြင်ဆင်ရေးဆွဲရေး ဖြစ်ပေလိမ့်မည်။ ထိုသို့သော အခြေခံဥပဒေတရပ် မပေါ်ပေါက်မှီ မြန်မာစစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသော စစ်တပ်ကိုယ်စားလည်များသဘောမတူပါက ရွေး ကောက်ခံကိုယ်စားလည်များ ဘာမှလုပ်မရသော ၂၀၀၈ ခြေဥအား ပြင်ဆင်ခြင်းမရှိဘဲ လက်ရှိ ၂၀၀၈ အခြေခံဥပဒေနှင့် အညီ လိုက်နာရန်တောင်းဆိုခြင်းသည် လက်တွေ့မကျပေ။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်ခံရန် ဖြစ်နိုင် လိမ့်မည်မဟုတ်ပေ။

ထိုပြင်ခြေဥမပြင်နိုင်မှီကာလတွင်လည်း ၎င်းဥပဒေအား တိုင်းရင်းသားလက်နက်ကိုင်များ လိုက်နာရန်လည်း ခက်ခဲပေမည်။ နိုင်ဟံသာ၏အဆိုအရ NCA ထိုးပြီးစကာလအတွင်း တိုင်းရင်းသားအဖွဲ့များအနေနှင့် သူ့လွတ်လပ်ခွင့်နှင့် သူရှိရန်လိုကြောင်း တဖက်က သူဆိုလိုချက်အရ အစိုးရအနေနှင့် ကိုယ့်လက်အောက်မှာ လာနေဆိုသည့်ပုံစံမျိုး ကိုယ့်သတ်မှတ်ထားသည့် ဥပ ဒေနှင့်ကိုင်တွယ်သည့်ပုံစံမျိုး မဖြစ်သင့်ဟု ဆိုသည်။

ဆိုလိုသည်မှာ ၂၀၀၈ ခြေဥအား တိုင်းရင်းသားတို့အား တန်းတူအခွင့်အရေးပေးနိုင်သည့် အခြေခံဥပဒေတရပ် ဆွေးနွေးညှိနှိုင်းပြင်ဆင်ခြင်းမပြု မှီအစိုးရ၏ ဥပဒေနှင့်အညီဆို၍ ချုပ်ကိုင်ခြင်းမျိုးလက်မခံ နိုင်သေးဟူ၍ ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၀၈ ခြေဥပြင်ရေးနှင့် ကြားကာလအား မည်သို့ညှိနှိုင်းဖြတ်ကျော်မည်ဆိုသည်မှာ NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အရေးပါသော အခြေခံမူများ ဖြစ်ပေလိမ့်မည်။

• လုံခြုံရေးဆိုင်ရာပေါင်းစည်းမှု ဆိုသည်မှာ
မြန်မာစစ်ဖက်ခေါင်းဆောင်များ အဓိကတောင်းဆိုသည့်အချက်ဖြစ်သော DDR ၏ လက်တွေ့အနှစ်သာရမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး လက်နက်ဖြုတ်ဖျက်သိမ်းရေးဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက် နက်ချဘို့ပြောတာမဟုတ်ပါ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းစွန့်လွှတ် လက်နက်စွန့်ဆိုသည်မှာလည်း လိုရင်းမှာ အတူတူပင်ဖြစ်သည်။

နှစ်ပေါင်း လေးငါးခြောက်ဆယ်ခန့် လက်နက်ကိုင်တိုက်ခိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ချက်ချင်း လက်နက်အပ်ရန် ဖြစ်နိုင်မည့်ကိစ္စ မဟုတ်ပေ။ သူတို့လိုချင်သည့်တိုင်းရင်းသား တန်းတူအခွင့်အရေးမရဘဲ လက်နက်စွန့် ဘို့မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထို့ပြင် နှစ်ပေါင်းကြာမြင့်စွာ လက်နက်ကိုင်တိုက်လာသူများကြား ချက်ချင်းယုံကြည်မှုရရှိရန်မလွယ်ကူပေ။ ကြားကာလတရပ် ကြားပုံစံတရပ် လိုအပ်ပေလိမ့်မည်။

မြန်မာစစ်ဖက်ခေါင်းဆောင်များကတော့ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို စစ်မှုထမ်းအဖြစ်လက်ခံမည်ဟုဆိုသည်။သူတို့ဆိုလိုသည် မြန်မာတပ်မတော်တွင် ပေါင်းစည်းလက်ခံဘို့မဟုတ်ဘဲ နယ်ခြားစောင့်တပ် BGF အဖြစ်ပြောင်းလဲဖွဲ့စည်းရန်ရည်ရွယ်ပုံရသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တင်းမာမှုများ တကျော့ပြန်စစ်ပွဲများမှာ ထို BGF ဖွဲ့စည်းရေးကိုလက်မခံသည်မှစသည်ဖြစ်ရာ အခြားလမ်းကြောင်းတရပ်ရှာရန် လိုပေလိမ့်မည်။

မြန်မာစစ်ဖက်က DDR တင်ပြသည့်အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်မှ တင်ပြချက်မှာ SSR Security Sector Reform လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်သည်။လက်ရှိ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအား လုံခြုံရေးပြုပြင်ပြောင်းလဲတရပ်ပြုလုပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီအောင်ပြောင်းလဲရေးဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များက ပထမတောင်းဆိုချက်မှာ ဖက်ဒရယ်ပြည်ထောင်စုနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တရပ်ဖွဲ့စည်းရန်ဖြစ်သည်။ ဤအချက်ကိုလည်း မြန်မာစစ်ဖက်ခေါင်းဆောင်များက ခါးခါးသီးသီးငြင်းဆန်ထားသည်။နောက်ပိုင်း NMSP ဒုဥက္ကဌ နိုင်ဟံသာ၏ အလွတ်သဘောပြောဆိုချက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားပြည်နယ်တပ်အဖြစ်ဖွဲ့စည်းရေးဖြစ်သည်။ ဖက်ဒရယ်စနစ်အရပေါ်လာမည့် ပြည်နယ်အစိုးရအောက်တွင် ပြည်နယ် တပ်ကိုထားရှိလိုသည့်သဘောဖြစ်ပုံရသည်။ နိုင်ဟံသာ၏အဆိုအရ သို့မှသာ တိုင်းရင်းသားတို့၏ ရပိုင်ခွင့်ကို ကာကွယ်နိုင်ပြီး စစ်တပ်အာဏာသိမ်းမှုကို အနဲဆုံးပြည်နယ်များတွင် ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။ သို့သော် ပြည်ထောင်စုကြီး ပြိုကွဲနိုင်သည့်အန္တရာယ်ရှိသည်ဆိုကာ မြန်မာစစ်ခေါင်းဆောင်များ သဘောမတွေ့လှချေ။

မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်တပ်ဖွဲ့နှင့်ပတ်သက်သည့် အခြေခံမူမှာ NCA လက်မှတ်ထိုးရေးတွင် အခြေခံကျသည့်အချက် ဖြစ်နေသည်။ မြန်မာစစ်ဖက်ခေါင်းဆောင်များတင်ပြသည့် DDRမှာ လက်ရှိအနေအထားတွင် ဘောင်ကျဉ်း၍ တလမ်းသွားဖြစ်ကာဆက်လက်ညှိနှိုင်းရန် ခက်ခဲသည်။ တိုင်းရင်းသားလက်နက်ကိုင်များဖက်မှ တင်ပြသော SSR မှာ ဘောင်ကျယ်သည်။ အလျော့အတင်းလုပ်၍ ရသည်။ ညှိနှိုင်းရန် အဆင်ပြေ၍ ပျော့ပြောင်းသည်။ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲဆီသို့သွားရန် လမ်းပွင့်စေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာစစ်ခေါင်းဆောင်များအနေနှင့် ရှေ့တလှမ်းတိုးရန်အတွက် နောက်နှစ်လှမ်းဆုတ်ဘို့ လိုအပ်မည်ဟု ယူဆရပါသည်။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts