ဖိုးထက် သရော်စာ

ဖိုးထက် – ဝေဆာပွင့်ဖူး မနေပါနဲ့တော့

Cartoon Saw Ngo -2010

ဖိုးထက် – ဝေဆာပွင့်ဖူး မနေပါနဲ့တော့
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

ခင်ဗျား သိသလား၊ မသိ ဘူးလားတော့ မသိဘူး။ ကျွန်တော် ဖတ်ဘူးတာ တစ်ခု ရှိတယ်ဗျ။ အဲဒါကတော့ ကျွန်းတစ်ကျွန်းပေါ်က လူမျိုးစု တစ်ခုဟာ သစ်ကြီး၊ ၀ါးကြီးတွေကို မြေနေရာကွက်လပ်အတွက် ရှင်းလင်းချင်ပြီဆိုရင် အဲဒီ သစ်ပင်ကြီးကို လူတွေ အများကြီး ပါတ်ချာလည်ဝိုင်းပြီးတော့ ကျိန်ဆဲကြတယ်။ အပြစ်တင်ကြတယ်။ အမျိုးမျိုး လှည့်ပါတ်ပြီး ရစရာ မရှိအောင် ရိသဲ့သဲ့ပြောတယ်။ ငယ်ကျိုး ငယ်နာတွေ ဖော်ပြီး မခံချင်အောင် ပြောတယ်တဲ့။ သစ်ပင်ကို ဘယ်လို ငယ်ကျိုး ငယ်နာ ဖော်သလဲတော့လဲ အတိအကျတော့ ကျွန်တော်လည်း မသိဘူးပေါ့ဗျာ။ ထားပါတော့။  အဲဒီလို နေ့စဉ်ရက်ဆက် လုပ်လာတော့ ကြာတဲ့ အခါ အဲဒီသစ်ပင်ကြီးဟာ အရွက်တွေ ခြောက်လာတယ်တဲ့။ သစ်ပင် တစ်ပင်မှာ ရှိသင့်တဲ့ အကိုင်း၊ အခက်၊ အရွက်၊ အလက်၊ အပွင့်တွေဟာ လူလိုပြောရင် မှိုင်သလိုလိုမျိုး ဖြစ်လာတယ်တဲ့။  နောက်တော့ တစ်ပင်လုံး ခြောက်ခန်းပြီး သေရောတော့။ အဲဒီကျတော့မှ အဲဒီမျိုးနွယ်စုဟာ သစ်ပင်ကြီးကို ဖြတ်သင့်တာ ဖြတ်၊ တောက်သင့်တာ တောက်၊ ခုတ်သင့်တာ ခုတ်၊ တူးသင့်တာ တူးပြီး မြေကွက်လပ်ရအောင် လုပ်သတဲ့။

နေစမ်းပါအုံး ခင်ဗျားကလည်း။ ခင်ဗျား မေးမယ့် မေးခွန်းမျိုး ကျွန်တော်လည်း တွေးမိပါတယ်။ ဒါများ တစ်ခါတည်း ခုတ်၊ ထစ်၊ တူးပြစ်လိုက်ရတာဘဲ။ သက်သက်မယ့် အကုသိုလ် အများခံနေတယ်လို့ တွေးမိပါတယ်။ ဖြစ်နိုင်တာ နှစ်ချက်ရှိတယ်။ သူတို့ မျိုးနွယ်စုအတွက် အလေ့အကျင့်လို ဖြစ်နေတာလဲ ဖြစ်နိုင်တာဘဲ။ ဆိုလိုတာက သစ်ကြီး၊ ၀ါးကြီးတွေကို သတ်တော့မယ်ဆိုရင် ကျိန်ကို ကျိန်ဆဲရမယ်လို့ လက်ဆင့်ကမ်းလာတဲ့ အကျင့်ကြီး ဖြစ်နိုင်တယ်။ လက်တွေ့မှာလဲ သစ်ပင်ကြီးတွေက သေသေသွားတာ တွေ့ရတော့ အားရပါးရ ဆဲကြတာလဲ ပါမှာပေါ့။

နောက် ဖြစ်နိုင်ချေ တစ်ချက်က အဲဒီမျိုးနွယ်စုဟာ ဆဲရတာကို ၀ါသနာ ပါတဲ့ လူမျိုးမို့လို့လဲ ဖြစ်ကောင်းဖြစ်မှာပေါ့။ မကျေနပ်ချက်တွေ၊ အဆင်မပြေမှုတွေ၊ အစိုင်အခဲတွေကို လူအစုအဝေးကြီးနဲ့ ကလော်တုပ်ရ၊ ရိသဲ့သဲ့ ပြောရ၊ ချက်နဲ့ လက်နဲ့ ပြောရင်း သာယာနေတာလဲ ဖြစ်နိုင်တာဘဲ။ ဒါက ကျွန်တော်တွေးမိတာ ပြောတာပါ။ ဟုတ်ချင် မှလဲ ဟုတ်မှာပေါ့။ ဟုတ်ဘူးလား။

ခင်ဗျားလဲ သိတာဘဲ။ သစ်ပင်ကို အသက်ရှိတယ်လို့ ဆိုကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆိုရင်  သစ်ပင်ကြီးတွေတိုင်း နတ်စင်လေး သေးသေး တစ်ခုတော့ ရှိတတ်တယ် မို့လား။ အနည်းဆုံးတော့ မြင်းဖြူရှင်၊ ခိုင်ရွှေဝါ မောင်နှမ စတဲ့ ၃၇ မင်းထဲတောင် မပါတဲ့ ဘယ်က နတ်တွေမှန်း မသိတဲ့ နတ်တွေ နာမည်တပ် အပိုင်စားပေးထား တတ်သေးတာဘဲဆိုတာ ခင်ဗျားလဲ သိတာဘဲ။ အနည်းဆုံးတော့ သစ်ပင်ကို ကပ်ပြီး အပေါ့အပါးသွားဖို့ စိတ်ထဲတော့ တွန့်သွားတာတော့ အမှန်ဘဲ မို့လား။ ဒါတွေက ကျွန်တော်တို့ လူမျိုးတွေရဲ့ ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ ယုံကြည်မှုပါ။ သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သစ်ပင်တစ်ပင်ကို သိပ္ပံနည်းကျ လေ့လာရင်  ဦးဏှောက်မရှိတဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်မှုနဲ့ ခပ်ဆင်ဆင်ဘဲ မို့လား။ နေရောင်ခြည်ကို စုပ်ယူမယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေကို စုပ်ယူမယ်။ အစာချက်မယ်။ ပြီးရင် အောင်ဆီဂျင် ပြန်ထုတ်မယ်။ အပွင့်၊ အသီး ပြောင်းမယ်။ တကယ့် ပြည့်စုံ လုံလောက်တဲ့ သက်ရှိ သံသရာ တစ်ခုဘဲဗျ။ ဒီလို အပြည့်အ၀ အသက်ရှိပါတယ်လို့ ပြောလို့မရတဲ့ သစ်ပင်သော်မှ ကျိန်ဆဲခံရ၊ အပြစ်ပြောခံရလို့ ခြောက်သွေ့ပြီး သေသေးရင်…

ခင်ဗျားတို့က လူဘဲ ဥစ္စာ။ ခင်ဗျားတို့ကို လူတွေ အကုန်လုံးက ၀ိုင်းပြီး ကျိန်ဆဲကြ။ ရိသဲ့သဲ့ ပြောကြ။ ဆဲကြ၊ ဆိုကြ။ အားနည်းချက်ကို ဖိနင်းပြောကြ။ ဆိုင်ဆိုင် မဆိုင်ဆိုင် သူ့အီး နင်ရှုဖို့ ကောင်းတယ်တွေ ဘာတွေ လုပ်ကြတော့ ခင်ဗျားတို့ ဘယ်ခံချင်မလဲ။ ခင်ဗျားတို့က သစ်ပင်လို အသက်ရှိဆိုပေမယ့် ခင်ဗျားတို့မှာ သစ်ပင်မှာ မရှိတဲ့ ဦးဏှောက်ရှိတယ်။ နှလုံးသား ရှိတယ်။ အဲဒီနှစ်ခုပေါင်းပြီး ခံစားချက်ရှိမယ်။ ကျွန်းပေါ်က လူမျိုးစုတွေက ၀ိုင်းဝန်း သြဘာ ပေးကြတော့ သေသွားကြတဲ့ သစ်ပင်တွေနဲ့ ဒီကမ္ဘာပေါ်မှာ အမြင့်ဆုံး သက်ရှိ သတ္တ၀ါ ဖြစ်တဲ့ လူဖြစ်တဲ့ ခင်ဗျားတို့နဲ့ မတူဘူးဆိုတာ ဆဲတဲ့ လူတွေထဲ သိပ်မပါချင်တဲ့ ကျွန်တော်က သိပါတယ်။

ခင်ဗျားတို့ကို ဆဲတာ ဘာမှ မခံစားရဘူး။ ဒီလူတွေက ဆဲသာ ဆဲပေး။ ဒါတောင် မှတ်တာ မဟုတ်ဘူး ဆိုတဲ့ အဆိုမျိုး ကျွန်တော် မယုံပါဘူးဗျ။ သစ်ပင်တွေတောင် နားလည်သေးတာဘဲ။ ခင်ဗျားတို့ ရင်ထဲ၊ နှလုံး သားထဲမှာ ဘယ်လို ခံစားရမယ်၊ ဘယ်လောက် နာကျည်းမယ်ဆိုတာ၊ ဘယ်လောက်တောင် မခံချင်စိတ်တွေ ဖြစ်မယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာပေးနိုင်ပါတယ်။

ခက်တာက အဆဲဘဲ ခံမယ်။ အသေတော့ မခံနိုင်ဘူးဆိုတဲ့ စိတ်ထားမျိုးတွေ ခင်ဗျားတို့ အသိုင်း အ၀ိုင်းမှာ ကြီးထွားနေတာဘဲဗျ။ ဟို မျိုးနွယ်စုက လူတွေက သစ်ပင်ကြီးကို ဆဲတယ်ဆိုတာ မြေနေရာကွက်လပ်ရချင်လို့၊ မျိုးရိုး စဉ်ဆက် ကျင့်သုံးလာတဲ့ ထုံးတမ်းစဉ်လာကြောင့်ဗျ။ ခင်ဗျားတို့ကို ဆဲနေတယ်ဆိုတာ အတော်ကို မုန်းကြလို့ဗျ။ ဘယ်လောက် မုန်းနေကြသလဲ ဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ ခင်ဗျားတို့ ခိုးတတ်တာကို မုန်းတယ်။ လိမ်တတ်တာကို မုန်းတယ်။ အခွက် ပြောင်တာကို မုန်းတယ်။ ခြေထိုးတတ်တာကို မုန်းတယ်။ ချောက်တွန်းတတ်တာကို မုန်းတယ်။ ဘယ်လို ဘုန်းရ၊ ဘတ်ရပါ့မလဲ ဆိုတဲ့ ငတက်ပြား အက်တီကျူ့တွေကို မုန်းတယ်။ ဘာလုပ်လုပ် ရှင်းရှင်းလင်းလင်း မရှိတာကို မုန်းတယ်။ ပြည်သူလူထုအပေါ် အထင်အမြင်သေးပြီး စိတ်ကောင်း စေတနာ မရှိပါဘဲ ပါးစပ်ဖျားလေးနဲ့ မိဘ ပြည်သူ ပထွေးများ ဆိုပြီး လုပ်လုပ်နေတာလဲ မုန်းတယ်။ မုန်းမှတော့ ဆဲပြီပေါ့ဗျာ။ ဆွေ ခုနှစ်ဆက်၊ မျိုး ခုနှစ်ဆက် ပက်ပက်ဆက်ဆက် ကလော် တုပ်ခံရတော့တာပေါ့ဗျာ။

သြော်..ခင်ဗျားက ထင်အုံးမယ်။ သူလဲ ငါတို့ကို ဆဲနေပြန်ပါပြီလို့ဆိုပြီးတော့လေ။ ကျွန်တော်က ခင်ဗျားတို့ကို အမျိုးမျိုး လှည့်ပါတ်ဆဲ၊ ငယ်ကျိုး ငယ်နာဖော်၊ ချောင်ပိတ်ရိုက်ပြီး လက်ခုပ်သံ ခြူချင်တဲ့ လူတွေလိုမျိုး မဟုတ်တာတော့ သေချာပါတယ်ဗျ။

ဒါပေမယ့်ပေါ့ဗျာ…အဆဲဒီလောက် ခံနေရမှတော့ ဟို သစ်ပင်ကြီးတွေလို တဖြည်းဖြည်းချင်း သေကြပါတော့လား ဟင်။ အရွက် စိမ်းစိမ်း၊ အပွင့်ဖားဖားကြီးတွေလဲ ဝေမနေချင်ပါနဲ့တော့။

ရော်…ခက်ပါလား….ကျွန်တော် ဆဲနေတာ မဟုတ်ပါဘူးဗျ။ ခင်ဗျားတို့ စိတ်ပဒေသာ အပင်ကြီးတွေ ဖြည်းဖြည်းချင်း ခြောက်သွေ့သွားပြီးတော့ လူတိုင်း ဆော့ကစားလို့ရတဲ့ မြေနေရာ ကွက်လပ်ကြီး လိုချင်တာ တစ်ခုတည်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts