သတင်းဆောင်းပါး

ဇာဝါရီ – မဲပေးနိုင်သူ အခွင့်အရေး နဲ့ လုပ်ပိုင်ခွင့်

ဇာဝါရီ – မဲပေးနိုင်သူ အခွင့်အရေး နဲ့ လုပ်ပိုင်ခွင့်
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၅

နှစ်ပေါင်းများစွာ စစ်အုပ်စု ဖျက်ဆီးရမ်းကားခြင်း ခံနေရတဲ့ ပြည်မြန်မာမှာ ဖားတပိုင်းငါးတပိုင်း ဗိုလ်သိန်းစိန်အစိုးရ အကွက်ချ စီစဉ်ထားတဲ့အတိုင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီး အတော်နီးလာနေပြီ။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပကနေ ပုံစံအမျိုးမျိုး၊ နည်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူ့လွှတ်တော်ထဲမှာ တချိန်လုံး ငိုက်မျည်းနေကြတဲ့၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်မထားတဲ့ စစ်သားအမတ်တွေက အထက်အာဏာ “အဘ” အမိန့်အတိုင်း တညီတညွှတ်တည်း ကန့်ကွက်ပယ်ချလိုက်တာ အံ့သြစရာတော့မဟုတ်။ ဒါပေမဲ့ သူတို့ရဲ့  ပြည်သူ့အကျိုးမကြည့် ဆင်ခြင်မဲ့လုပ်ရပ်က ပြည်သူတွေကို စော်ကားစိန်ခေါ်လိုက်တာ၊ ဖူးပွင့်လာမယ့် ဒီမိုကရေစီ အညွှန့်အဖူးကို ချိုးဖျက်လိုက်တာ ဖြစ်တယ်။

နောက်ပြီး ဒီနေ့ဖြစ်နေတဲ့ မဲစာရင်းအလိမ်များနဲ့ ၂၀၀၈ နာဂစ်ရွေးကောက်ပွဲတုန်းကလို စစ်အုပ်စုပါတီ အနိုင်ရရှိရေးကို မရှက်မကြောက် ပေါ်တင်လုပ်ဆောင်နေတာ ဘောလုံးကွင်းထဲ ဂေါ်ဇီလာ (သီးလေးသီး ဂေါ်ဇီလာမဟုတ်) သွားနေသလို ဘွားဘွားကြီး တွေ့နေရတယ် မဟုတ်လား။

ဒီတော့ နှစ်ပေါင်းများစွာ ကလိမ်စေ့ငြမ်းဆင် နည်းမျိုးစုံနဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်နေခဲ့တဲ့ စစ်အစိုးရရဲ့  အဆုံးမသတ် စော်ကားမှုတွေကို ရပ်တန့်ဖို့ မဲစာရင်းအမှန် ပြုစုပြဌာန်းရေး၊ မဲပေးခွင့်ရှိသူတွေအားလုံး မဲစာရင်းထဲ ပါရှိရေး၊ မဲပေးပိုင်ခွင့်တွေကို အချိန်ပေးအားစိုက် လုပ်ဆောင်ကြဖို့၊ ရွေးကောက်ပွဲနေ့မှာ တမိသားစုလုံး၊ တလမ်းလုံး၊ တရွာလုံး၊ တမြို့ လုံးထွက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ပြုပြင်ပြောင်းလဲရေးကို နည်းမှန်လမ်းမှန်၊ စစ်မှန်သော ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဦးဆောင်အုပ်ချုပ်မယ့် ဒီမိုကရေစီအင်အားစု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေး အခြေမခံတဲ့ တိုင်းရင်းသားလူမျိုးစု ဒီမိုကရက်တစ်ပါတီ) တွေကို မဲပေးရွေးချယ်တက်မြှောက်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒီလို ရွှေပြည်ကြီးမှာ လပိုင်းအတွင်း ဖြစ်ပေါ်လာလတ္တံ စစ်အစိုးရရဲ့  သမိုင်းမှတ်တမ်းတင်၊ စာဖွဲ့ရမယ့် ရွေးကောက်ပွဲကြီး စိုင်းပြင်းနေချိန်မှာ ကမ္ဘာ့တဘက်ခြမ်း အမေရိကန်ပြည်ထောင်စုမှာလည်း နောက်နှစ် ၂၀၁၆ မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ချင်ကြတဲ့ သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ တရုန်းရုန်း ပွဲစည်းဆူလာနေတာကို တွေ့နိုင်တယ်။ ဒီလို များပြားလှတဲ့ အရောင်အသွေးစုံ ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့  မူဝါဒလမ်းစဉ်၊ ယုံကြည်ခံယူချက် နဲ့ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအတွက် ဘယ်လို စွမ်းဆောင်လုပ်ကြမယ်ဆိုတာတွေကို အားသွန်ခွန်စိုက် မဲဆွယ်ဟောပြောနေကြလေပြီ။ လပိုင်းအတွင်း ကျင်းပပြုလုပ်တော့မယ့် မြန်မာပြည်မှာတော့ ကိုယ်စားလှယ်တွေ လွတ်လပ်စွာ ဟောပြောခွင့် မရသေး။

ပါတီကြီးနှစ်ရပ် (ရီပတ်ဘလင်ကန် နဲ့ ဒီမိုကရက်တစ်) တို့မှ သမ္မတဖြစ်ချင်သူတွေ မှိုလိုပေါက် ပေါ်ထွက်လာကြတယ်။ ၂၀၁၆ နိုဝင်ဘာလ (၄) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ရီပတ်ဘလင်ကန်ပါတီမှ ကိုယ်စားလှယ်လောင်း (၁၈+) ယောက် နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း (၅) ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင်ကြေညာထားတယ်။ ကိုယ်စားလှယ်လောင်းတွေက နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှုး (လက်ရှိ၊ ဟောင်း)၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဆရာဝန်တွေ ဖြစ်ကြတယ်။

ဒီကိုယ်စားလှယ်တွေထဲမှာ လူသိများတဲ့ ပုဂ္ဂိုလ်တဦးကတော့ နိုင်ငံရေးသမားမဟုတ်၊ ငွေကြေးချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ဒေါ်နယ် ထရမ်ပ် (Donald Thump) ဖြစ်တယ်။ သူ့ရဲ့  အဓိက စီးပွားရေးက ဟိုတယ်နဲ့ (သန်းကြွယ်တန်) အိမ်ယာမြေ ရောင်းဝယ်ရေး လုပ်ငန်းရှင်ကြီးဖြစ်ပြီး၊ ကမ္ဘာ့မယ်စကြာဝဠာ နဲ့ အမေရိကန် အလှမယ်ပြိုင်ပွဲတွေကို ကမကထ ကျင်းပပြုလုပ်သူ ပိုင်ရှင်တဦးလည်းဖြစ်တယ်။

သူက Make America Great Again! ကြွေးကြော်သံနဲ့ အမေရိကန်နိုင်ငံကို အဆင့်မြင့်၊ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး ပြန်ဖြစ်အောင်၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုတဲ့ အတတ်ပညာကို အသုံးပြုပြီးတော့ ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားခဲ့တဲ့ အလုပ်အကိုင်တွေကို အမေရိကန်နိုင်ငံထဲ ပြန်ရောက်အောင် စွမ်းဆောင်ပေးမယ်၊ လုံခြုံရေး နဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်း လုပ်ကိုင်သွားမယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဝင်ရောက်လာခဲ့တယ်။

ချမ်းသာကြွယ်ဝတဲ့ ငွေကြေးဓနရှင်၊ စီးပွားရေးသမားပီပီ မောက်မောက်မားမား၊ ဟော့ဟော့ဒိုင်းဒိုင်း နဲ့ ပြဿနာစကား ပြောဆိုတတ်သူ ဖြစ်တယ်။ လက်ရှိသမ္မတ ဘာရက် အိုဘားမား သမ္မတဝင်ရွေးချိန် (၂၀၀၉) ရွေးကောက်ပွဲတုန်းက သမ္မတအိုဘားမားက အမေရိကန်မြေမှာ မွေးဖွားသူမဟုတ်။ သူ့ရဲ့  မွေးစာရင်း အစစ်အမှန်ကို ပြဖို့လိုကြောင်း မေးခွန်းထုတ်၊ ပြောဆိုခဲ့ပြီး ပြဿနာလုပ်ခဲ့ဖူးသူဖြစ်တယ်။

ဒီတကြိမ် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်တဲ့ နေ့မှာပဲ သူက တရုတ်နိုင်ငံကို ဆုံးရှုံးသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို သူ သမ္မတဖြစ်ခဲ့ရင် ပြန်လည်ရယူသွားမယ်ဖြစ်ကြောင်း ပြောဆိုပြီး၊ သူ့အနေနဲ့ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာကြတဲ့ ရွှေ့ ပြောင်းခိုးဝင်လာသူတွေကို ဟန့်တားတားမြစ်ဖို့ ပြောဆိုရာမှာ အများဆုံး ဝင်ရောက်လာကြတဲ့ မက်ဆီကိုနိုင်ငံသားတွေကို ဘိန်းသမားတွေ၊ မုဒိမ်းကောင်တွေ၊ ရာဇဝတ်သားတွေလို့ ပိုးဆိုးပက်စက် စွပ်စွပ်စွဲစွဲ ပြောဆိုလိုက်ပြီး၊ သူ သမ္မတဖြစ်လာခဲ့ရင် နှစ်နိုင်ငံနယ်နိမိတ်ကို အုတ်တံတိုင်းခတ်ပြီး မက်ဆီကိုနိုင်ငံနဲ့ တခြားလက်တင်နိုင်ငံ (တောင်အမေရိကတိုက်) မှ ခိုးဝင်လာကြမယ့်သူတွေကို တားဆီးသွားမယ်လို့ ပြောဆိုခဲ့တယ်။ အမေရိကန်နိုင်ငံကို တရားဝင်၊ တရားမဝင် ရွှေ့ ပြောင်းလာသူတွေအပေါ် မလိုလား၊ အမြင်မရှင်းသူ လူနည်းစုက ထောက်ခံကြပေမယ့် ပွင့်လင်းခေတ်သစ်ကို တည်ဆောက်နေသူအများက သူ့ရဲ့  လူမျိုးရေးခွဲခြား မုန်းတီးရေး စွပ်စွဲဟောပြောချက်ကို အပြင်းအထန် ရှုတ်ချကြတော့တယ်။

မက်ဆီကိုနိုင်ငံနဲ့ တောင်အမေရိက လက်တင်နိုင်ငံတွေက သူ့ရဲ့  စွပ်စွဲပြောဆိုချက်ကို ရှုတ်ချလှောင်ပြောင်ကြပြီး၊ သူနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖက်စပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံရဲ့  အကြီးဆုံးရုပ်သံဌာနတခုဖြစ်တဲ့ NBC နဲ့ လက်တင်သတင်းမီဒီယာ Univision ရုပ်သံဌာနတို့က စီးပွားရေးလုပ်ငန်းစာချုပ်တွေကို ချက်ချင်းဖျက်သိမ်းလိုက်တယ်။ လူကြည့်များတဲ့ သူ့ တီဗွီအစီအစဉ်တွေဖြစ်တဲ့ The Apprentice နဲ့ အလှမယ်ပြိုင်ပွဲတွေကို NBC, Univision, Televisa တို့က ပယ်ဖျက်လိုက်တယ်။ နောက် သူ့ရောင်းကုန်ပစ္စည်းတွေ တင်ရောင်းတဲ့ ကုန်တိုက်ကြီးတွေ၊ စားသောက်ဆိုင်တွေ၊ လုပ်ငန်းရှင်တွေက သူ့ပြောဆိုချက်ကို ရှုတ်ချပြီး လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ကြတယ်။ အထင်ကရ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေလည်း သူတို့ရဲ့  အမြင်၊ ရပ်တည်ချက်တွေကို ပွင့်ပွင့်လင်းလင်း တုံ့ပြန်ပြောဆိုကြတယ်။

ဒီလို တုံ့ပြန်ပြောဆိုကြသူတွေအထဲ နံမည်ကြီး တီဗီဇာတ်လမ်းတွဲ မင်းသမီးတဦးဖြစ်တဲ့ လက်တင်နွယ်ဖွား အမေရိက ဖာရီရ (America Ferrera*) ရဲ့  “ကျေးဇူးတင်ပါတယ် ဒေါ်နယ် ထရမ်ပ် (Thank you, Donald Trump!) အိတ်ဖွင့်ပေးစာက မဲပေးနိုင်သူတဦးရဲ့  လုပ်ပိုင်ခွင့်၊ လုပ်သင့်တာကို ရိုးရိုးရှင်းရှင်းလေးနဲ့ ထိထိမိမိ ရေးသားတင်ပြထားတယ်။

စာရေးသူအနေနဲ့ သူမရဲ့  ပညာသားပါပါ ရေးထားတဲ့စာကို ဖတ်ကြည့်ပြီး မိုးမခစာချစ်သူများ သိစေဖို့ မျှဝေလိုက်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီစနစ် (နိုင်ငံ) မှာ ဘယ်လောက်ချမ်းသာကြွယ်ဝ၊ အာဏာရှိရှိ မဲဆန္ဒရှင် ပြည်သူကို မလေးစား၊ တန်းဖိုးမထားရင် မဲဆန္ဒရှင် ပြည်သူပြည်သားတွေ ဘယ်လို တုံ့ပြန်နိုင်သလဲဆိုတာကို ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းချင်ကြတဲ့ မြန်မာနိုင်ငံရှိ မဲပေးနိုင်သူတွေ နဲ့ နိုင်ငံခေါင်းဆောင် ဖြစ်ချင်လုပ်ချင်သူများ ဒီစာကိုဖတ်ပြီး လေ့လာမှတ်သားနိုင်ပါတယ်။

Dear Donald,

You’ve said some pretty offensive things about Latino immigrants recently, and I think they’re worth addressing. Because, you know, this is the United States of America, where I have a right to speak up even if I’m not a billionaire. Isn’t that awesome? စာအပြည့်အစုံကို ဖတ်နိုင်ပါတယ် … (http://www.huffingtonpost.com/america-ferrera/thank-you-donald-trump_b_7709126.html)

မိတ်ဆွေကြီး ဒေါ်နယ် …

ရှင်က (အမေရိကန်နိုင်ငံကို) ပြောင်းရွှေ အခြေချလာကြတဲ့ လက်တီးနိုး (လက်တင်နွယ်ဖွား တောင်အမေရိကတိုက်နေ လူမျိုးများ) တွေကို စော်စော်ကားကား ပြောဆိုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလေးထား တုံ့ပြန်ပြောဆိုဖို့ ကျမ စဉ်းစားမိတယ်။ ဒီလို ပြောဆိုဖို့အတွက် ကျမအနေနဲ့ ဘီလီယံနာ သူဌေးကြီး ဖြစ်စရာမလိုဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နေလို့ပေါ့။ ဘယ်လောက် မိုက်လဲ။

ဒါနဲ့ ကျမ ရှင်ပြောဆိုတာကို ကြားမိတာက ရှင်အနေနဲ့ ပြောင်းရွှေ့ လာကြတဲ့ လက်တီးနိုးတွေကို ပြဿနာကောင်တွေ – အမေရိကန်နိုင်ငံကို ဘိန်းမူးယစ်ဆေးဝါး၊ ရာဇဝတ်မှု နဲ့ မုဒိမ်းမှုတွေ ယူဆောင်လာသူတွေ တွေးမြင်နေတယ်။ ရှင့်ရဲ့  စွပ်စွဲပြောဆိုချက်တွေက မယုံနိုင်လောက်အောင် အသိဥာဏ်မဲ့လှ၊ လူမျိုးခွဲခြား မုန်းတီး (ဆက်ဆံ) ရေး ရှိနေပေမယ့် ကျမအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကို ဝေဖန်ပြစ်တင် မပြောဆိုတော့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကို ကောင်းကောင်းကြီး အပြစ်ပေး၊ ဆုံးမနိုင်တဲ့ ရှင့်ရဲ့  စီးပွားရေးဖက် အာဏာပါဝါရှိတဲ့ ယူနီဗီးရှင်း (Univision) နဲ့ အန်ဘီစီ (NBC) မီဒီယာအုပ်စုတွေက လုပ်ပါလိမ့်မယ်။ ကျမအနေနဲ့တော့ ဒီစာကိုရေးပြီး ရှင့်ကို ကျေးဇူးတင်ကြောင်း ပြောချင်တာပါ။

ရှင် ကြည့်လိုက်ပါ … မဲစာရင်း မှတ်ပုံတင်ဖို့ အကြိမ်ပေါင်းများစွာ ကျမတို့ လှုံဆော်စည်းရုံးမှုတွေထက် ရှင့်ရဲ့  ဒဲ့ဒိုးစကားကြောင့် ပိုများတဲ့ လက်တီးနိုး မဲဆန္ဒရှင်တွေ မဲရုံကို သွားကြပါမယ်။ ဒီအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့အနေနဲ့ ပလက်ဖောင်းကို ရိုက်ထုပြီး အမေရိကန်လက်တီးနိုးတွေကို မဲသွားပေးကြဖို့ တွန်းနေရတဲ့အချိန်မှာ ရှင့်ရဲ့  နည်းဗျူဟာက ပိုပြီးအလုပ်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တယ်။ ရှင့်ရဲ့  ပြောဆိုချက်က လက်တီးနိုး မဲဆန္ဒရှင်တွေကို မဲပေးဖို့ အထူးအားဖြစ်စေပြီး၊ ရွေးကောက်ပွဲနေ့မှာ အများကြီး ထွက်လာကြပြီး ရှင်နဲ့ ရှင့်လို မုန်းတီးရေးဝါဒ ပြောဆိုလေလုံးထွားကြတဲ့ ကိုယ်စားလှယ်တွေကို ဆန့်ကျင်မဲ ပေးကြပါလိမ့်မယ်။

ရှင်အနေနဲ့ ဒီကိစ္စ ဘယ်ကြောင့် အရေးကြီးတယ်ဆိုတာ သိရဲ့ လား။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ လက်တီးနိုးတွေက မဲပေးနိုင်တဲ့ အကြီးမားဆုံး၊ နုပျိုတက်ကြွသော နဲ့ တဟုန်ထိုး တိုးပွားလာနေတဲ့ အုပ်စုဖြစ်တယ်။ အဲဒါ အမှန်ပါ။ ရှင်က ဒီနိုင်ငံမှာ သမ္မတဖြစ်ဖို့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ဒီနိုင်ငံမှာ ၂၀၀၀-၂၀၁၂ ခုနှစ်အတွင်း တနိုင်ငံလုံးအနေနဲ့ လူဦးရေ (၅) ဒဿမ (၈) ရာခိုင်နှုန်းပဲ တိုးနေချိန်မှာ။ လက်တီးနိုးလူမျိုးစု (၄၉) ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့တယ်။ ဒါကိုကြည့်ရင် ကျမတို့ (လက်တီးနိုး) က ဒီနိုင်ငံရဲ့  အနာဂတ် ဖြစ်တယ်။ လက်တီးနိုးတွေရဲ့  ပျှမ်မျှ အသက်အရွယ်က (၂၇) နှစ်ဖြစ်ပြီး၊ လူဖြူအမေရိကန်တွေက (၄၂) နှစ် ဖြစ်တယ်။ ရှင့်အနေနဲ့ အခုပြောနေတာကို နားမလည်ဘူး၊ ဘာသာပြန်ပေးဖို့ လိုတယ်ဆိုရင်တော့ အဓိပ္ပါယ်က အမေရိကန်လူမျိုး အများစုဟာ လက်တီးနိုးတွေ ဖြစ်နေကြပြီး၊ သူတို့တွေ မဲပေးခွင့် ရှိကြတယ်။ ကျမတို့အနေနဲ့ ဘယ်ကိုမှ သွားစရာမလိုဘူး။

ကျမတို့ အမှန်တကယ် အမေရိကမှာ နေနေကြပါတယ်။ ကျမတို့ လက်တီးနိုးတွေရဲ့  မဲမပါဘဲနဲ့ ဘယ်လိုမှ ရွေးကောက်ပွဲ အနိုင်ရဖို့၊ အခွင့်အရေး မရှိဘူးဆိုတာ အခုလောက်ဆို ရှင် နားလည်မယ်လို့ ကျမ မျှော်လင့်မိပါတယ်။ ကျမ ပြောတာကို မယုံဘူးဆိုရင် ရှင့်အနေနဲ့ သမ္မတဘုရှ် နဲ့ သမ္မတအိုဘားမားတို့ကို မေးကြည့်နိုင်ပါတယ်။

မစ္စတာထရမ်ပ် … ရှင်က ရုပ်ဆိုးအကျည်းတန်လှတဲ့ အမေရိကန်နိုင်ငံရဲ့  ခေတ်ဆွေးစိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနေတုန်းပါလား။ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်နိုင်ငံမှာ အံ့သြဖွယ်ကောင်းလှတဲ့ သမိုင်းဝင် ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။ လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လူမျိုးခွဲခြား မုန်းတီးရေးသမားတွေရဲ့  ကွန်ဖယ်ဒရိုက် အလံကို ဖယ်ရှားလိုက်တွေကို ကြည့်ရုံနဲ့ နိုင်ငံကြီး ဘယ်ကို ဦးတည်သွားနေတယ်ဆိုတာကို သိမြင်နိုင်တယ်။ ဒါကြောင့် လူမျိုးရေး ခွဲခြား၊ မုန်းတီးရေး ဟောပြောလှုံဆော်နေရုံနဲ့ နိုင်ငံရေး ရေစီးကြောင်းက ပြောင်းသွားမှာ မဟုတ်ဘူး။ ရှင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား။ ဒီလို ပြောဆိုမှုတွေ လုပ်ရပ်တွေက လက်တီးနိုးတွေကို မဲရုံးကိုသွားဖို့ ပိုစုရုံးစေခဲ့တယ်။ ရှင့်ရဲ့  အနုတ်လက္ခဏာ၊ သေးသိမ်ညံ့ဖျင်းတဲ့ အတွေး၊ အပြောအဆိုတွေက ကျမတို့ လူမျိုးစု (ကွန်မြူနီတီ) ကို ပိုစည်းရုံးစေတယ်။

ကျေးဇူးပါ မစ္စတာထရမ်ပ်။

ကျမတို့ကို ကြွင်းကျန်နေသေး၊ မပျောက်ကွယ်သေးတဲ့ လူမျိုးရေးခွဲခြား၊ မုန်းတီးရေး အစွန်းရောက်သမားတွေကို ဆက်လက်တိုက်ဖျက်ဖို့ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ အိမ်မှာ အေးအေးဆေးဆေး မနေဖို့၊ မဲရုံးသွားပြီး ကျမတို့ အစိုးရထဲမှာ ရှင့်လို လူမျိုးရေးခွဲခြား ပြောဆိုမှုတွေနဲ့ နိုင်ငံရေး အမြတ်ထုတ်ကြသူတွေကို ဆန့်ကျင်မဲပေးဖို့ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့တတွေ အားလုံးထွက်ဖို့ လှုံဆော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရှင့်ရဲ့  လက်တီးနိုးလူမျိုးစု ကွန်မြူနီတီအပေါ် ထားရှိတဲ့ အယူအဆက ရှင်းလင်းပြတ်သားပြီ၊ အဲဒီအတိုင်း ဆက်လည်ရပ်တည်နေတော့၊ ကျမတို့အနေနဲ့ အွန်လိုင်းကနေ ကျမတို့ မကျေနပ်မှုကို ရေးနေ၊ ရှင်နဲ့တူတဲ့ piñatas စက္ကူရုပ်ကို ရိုက်နှက်နေမယ့်အစား ရှင့်အသံကို မဲရုံးသွားပြီး ပိတ်ပြစ်ပါမယ်။ ကျမတို့အားလုံး မဲပေးကြပြီး အမေရိကန်နိုင်ငံရေး အနေအထားကို ပြောင်းလဲကြမယ်။ ကျမတို့တွေရဲ့  နိုင်ငံအပေါ် ထားရှိတဲ့ လုပ်ရပ်တွေကို တန်းဖိုးထား နားလည်တဲ့ အမေရိကန်တွေ ကျမတို့ကို ပူးပေါင်းကြပါလိမ့်မယ်။ ဒီထက် ကြောက်စရာကောင်းတာ ရှင်အတွက် မရှိတော့ပါဘူးဆိုတာ ကျမတို့ သိပါတယ်။

မစ္စတာထရမ်ပ် … အမှန်စစ်စစ် ဒီနိုင်ငံကြီးကို ပြောင်းရွှေ့ လာသူတွေနဲ့ တည်ဆောက်ထားတယ်ဆိုတာ ရှင့်အနေနဲ့ မသိမြင်တာလို့ ရှင့်ရဲ့  ပြောဆိုချက်က ပြဆိုနေတယ်။ သူတို့တွေက နိုင်ငံရဲ့  အခရာကျတဲ့ အခြေခံအုတ်မြစ်တွေဖြစ်ပြီး သူတို့တွေကြောင့် ကျမတို့နိုင်ငံကြီး ဆက်ရွေ့ လျားနေတယ်။ ရှင့်အနေနဲ့ ကျမတို့ကို မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ၊ မုဒိမ်းကောင်တွေလို့ ချိုးနှိမ်လို့ မရဘူး။ ကျမတို့က မိခင်တွေ၊ ဖခင်တွေ၊ သားတွေ၊ သမီးတွေ။ ပညာရေးမှာ ထူးချွန်ထက်မြက်သူတွေ ကျောင်းသူကျောင်းသားတွေ။ တက္ကသိုလ်ဘွဲ့ရတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ရဲအရာရှိတွေ၊ အနုပညာရှင်တွေ၊ ဆရာဆရာမတွေ၊ သတင်းစာသမားတွေ၊ နိုင်ငံရေးသမားတွေ နဲ့ အမေရိကန်နိုင်ငံရဲ့  အနာဂတ်ကြယ်ပွင့်တွေ ဖြစ်ကြတယ်။

အခုလို လက်တီးနိုးတွေကို မဲပေးကြဖို့ လှုံဆော်ပေးပြီး ကျမတို့ရဲ့  အနာဂတ် စာမျက်နှာသစ်ကို ဖွင့်ပေးတဲ့၊ ကျမတို့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးတဲ့ ရှင့်ကို ကျေးဇူးတင်ပါတယ်။ မလျှော့ဘဲ ဆက်လုပ်ပါ။

ရိုသားစွာဖြင့်

America

ကဲ ဒီစာလေးက ဘယ်လောက် ရှင်း၊ ထိမိလဲ။ သူပြောသလိုပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း မိမိရရှိထားတဲ့ မဲတပြားနဲ့ ပြည်သူ့လွှတ်တော်ထဲမှာ တသွေးတသံတမိန့်နဲ့ ယိမ်းကနေကြ၊ သူတို့ “အဘ” အာဏာစက် အလိုကျ ပြည်သူပြည်သားတွေ တောင်းဆိုနေတဲ့ တရားနည်းလမ်းမကျ ရေးဆွဲထားတဲ့ “စစ်အစိုးရအာဏာ တည်မြဲရေး အခြေခံဥပဒေကြီး”ကို ပြင်ဆင်ဖျက်သိမ်းရေး အဆိုကို တညီတညွှတ်ထရပ်ပြီး ဆန့်ကျင်ကန့်ကွက်လိုက်ကြတဲ့ စစ်ကိုယ်စားလှယ်များနဲ့ ပုလင်းတူ ဘူးစို့ ကြံ့ဖွတ်အမတ်များ၊ လိပ်အမတ်များကို ပြည်သူ့လွှတ်တော်အတွင်းမှ ဖယ်ရှားဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မဲရုံများကို ချီတက်ပြီး မဲလိမ်မဲခိုးများကို စောင့်ကြည့်ခြင်း၊ အကြံအဖန်များကို မှတ်တမ်းတင်ခြင်း နဲ့ အရေးအကြီးဆုံးက ဒီမိုကရေစီ အရေးတော်ပုံ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များကို တညီတညွှတ် မဲပေး၊ ရွေးချယ်တင်မြှောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

======================================

* တောင်အမေရိကတိုက် ဟွန်ဒူရပ်နိုင်ငံလူမျိုးစုနွယ်က ဆင်းသက်လာသူ အမေရိက ဖာရီရ (America Ferrera) ကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျယ်လီမြို့ မှာ မွေးဖွားခဲ့တယ်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ USC တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့တယ်။ ABC ရုပ်သံဌာနမှ ထုတ်လွှင့်တဲ့ အကျည်းတန်မလေး ဘတ်တီ (Ugly Betty) ဇာတ်လမ်းတွဲနဲ့ အောင်မြင်လူသိများခဲ့ပြီး၊ အကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့တယ်။ သူမကို အမေရိကန်ကွန်ဂရက်က လက်တီးနိုး ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးသူ၊ လက်တီးနိုးလူငယ်များရဲ့  စံပြမော်ဒယ် နဲ့ လက်တီးနိုး ကွန်မြူနီတီအရေး တက်တက်ကြွကြွ ဆောင်ရွက်လှုပ်ရှားနေသူအဖြစ် ချီးကျူးဂုဏ်ပြုခဲ့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts