ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ရွေးကောက်ပွဲ နဲ့ မျှော်တိုင်းဝေးမယ့် ရွှေပြည်တော်

 

ဇင်လင်း – ရွေးကောက်ပွဲ နဲ့ မျှော်တိုင်းဝေးမယ့် ရွှေပြည်တော်

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၅

လာမယ့် နိုဝင်ဘာ (၈) ရက်နေ့မှာ ရွေးကောက်ပွဲ  ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်ပါပြီ။ သမ္မတ ဦးသိန်းစိန်ကလည်း ဇူလိုင် ၉ ရက်နေ့က ထုတ်လွှင့်တဲ့ နိုင်ငံတော်သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရလို့ရှိရင် ဖွဲ့စည်းပုံတရပ်ဟာ ခေတ်ကာလနဲ့ အညီ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားရမှာဖြစ်ပါတယ်၊”  လို့ ပျားရည်နဲ့ဝမ်းချသွားတာ ကြားလိုက်ရပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲ ပါပဲ။ ဆင်းရဲသားပြည်သူတွေ ဆင်းရဲတွင်းထဲ ဆက်နေရဦးမယ့် ကိန်းပါပဲ။

ထင်ရှားတဲ့ သာဓကတစ်ခုကတော့ ၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ရန်ကုန်တက္ကသိုလ်ဝင်း ထဲမှာ ဇူလိုင်(၇)ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနား ကိစ္စအတွက် တကသခေါင်းဆောင် ကိုဇေယျာလွင် နဲ့ ကိုပိုင်ရဲသူ တို့ကို ပန်းပဲတန်း ရဲစခန်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖမ်းဆီးသွား ခဲ့ပါတယ်။ ကိုဇေယျာလွင်က၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ခွာ သွားရေး အခမ်းအနားမှာ တောင်းဆိုခဲ့တာကြောင့်လို့သိရပါတယ်။ ဒီ အဖြစ်အပျက်က လက်ရှိအစိုးရဟာ ယခင်စစ်အစိုးရတို့ရဲ့ အမွေခံဖြစ်ကြောင်း ဖေါ်ပြနေတယ်။

ဒီကနေ့ လွှတ်တော်ထဲက အခင်းအကျင်းကို ကြည့်ပြန်တော့လည်း မူလနေရာ မူလသဘောထားကနေ မရွေ့သေးတာ တွေ့နေရတယ်။ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ပြည်သူတွေအကြား နောက် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလိုအပ်နေပြီလို့ တောင်းဆို နေကြပေမယ့်၊ လွှတ်တော်နဲ့ အစိုးရက အရေးမစိုက်တာ တွေ့နေရတယ်။ သိသိသာသာ တိုးတက်မှု မရှိသေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ် ပြည်ထောင်စုအရေး တင်လာကြတဲ့အပေါ် အစိုးရနဲ့လွှတ်တော်ရဲ့ တုန့်ပြန်ပုံကလည်း အေးစက်စက်ပါပဲ။ တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလို အချက်က အလွန်အရေးကြီးပါလျှက် ပစ်ပယ်ခံရတာ တွေ့ရပါတယ်။

အထူးသဖြင့် တိုင်းရင်းသားများ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရာမှာ ပြည်နယ်၊ တိုင်း ဒေသကြီး ၀န်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်း မပြုဘဲ သက်ဆိုင်ရာလွှတ်တော်များက ရွေးကောက်တင်မြှောက် ခွင့်ရရှိရေးကိစ္စက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့တိုက်ရိုက် ပတ်သက်နေတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို တပ်မတော်က အမှန်တကယ် လိုလား တယ်ဆိုရင် အပြောနဲ့မဟုတ်ဘဲ တိုင်းရင်းသားများ လိုလားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို လက်တွေ့ပြင်ဆင်ပေး ခြင်းဖြင့် သက်သေပြဖို့ လိုပါတယ်။ ဒီကိစ္စဟာ အလွန်အရေးကြီးပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး အတွက် သော့ချက် ပြဿနာလည်း ဖြစ်ပါတယ်။

လိုရင်းကို ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်ရှိ လွှတ်တော် အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောတူရင် ပြင်လို့ရပါတယ်။ တကယ်ပြောင်းလဲချင်တဲ့ စေတနာအမှန် ရှိခဲ့ရင် ပြောင်းလဲဖို့ ခက်စရာ မရှိပါ။

လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုး အမတ်တွေအပါအ၀င် အရပ်သားရွေးကောက်တင်မြှောက်ခံ လွှတ်တော်အမတ်တွေက  ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမ အဆင့်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်များက ရွေးချယ်တင်မြှောက်ရေးအတွက်၊အစွမ်းကုန် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ထောက်ခံမဲ မရတာကြောင့် အရေးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကို လွှတ်တော်တွင်း ပြင်ဆင်မှု မပြုလုပ်နိုင်ခဲ့ကြောင်း ပြည်သူတွေ လက်တွေ့ မြင်တွေ့ ခဲ့ကြပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပုဒ်မ ၄၃၆(က) (ခ)ပါအချက်တွေ ပြင်ဆင်ရေးအဆို အရေးနိမ့်ခဲ့တာ ပြည်သူတွေ သိရှိကြပြီးဖြစ်ပါတယ်။တပ်ဖက်ကခန့်အပ်တဲ့ ကိုယ်စားလှယ်၂၅% ရဲ့ကန့်ကွက်မှုကြောင့် လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့  လွှတ်တော်ကိုယ်စားလှယ်တို့ အဆိုရှုံးနိမ့်ခဲ့ရတဲ့ ဖြစ်စဉ်ပါ။

ဒီဖြစ်ရပ်က တပ်မတော်ဟာ ပြည်သူ့ဘက်က မဟုတ်၊ ဖက်ဒရယ်ကို မလိုလား ဆိုတဲ့ အချက်ကိုပေါ်လွင်သွားစေပါတယ်။ လက်ရှိဖွဲ့စည်းပုံကိစ္စ မလိမ်မညာ ပွင့်ပွင့်လင်းလင်းပြောကြမယ်ဆိုရင် လူထုအများစု ဆန္ဒသဘောထားအရ ရေးဆွဲထား တာမဟုတ်ကြောင်း မြန်မာတပြည်လုံး သိပါတယ်။ အဆိုးဆုံးက တပ်မတော်က ရွေးကောက်ပွဲမ၀င်ဘဲ၊ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားတဲ့ ကိစ္စဖြစ်တယ်။ ဒီနေ့ခေတ်ပြိုင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်အတွင်း စစ်ဝတ်စုံဝတ်ပြီး ၀င်ထိုင်ကြရိုးထုံးစံမရှိပါ။ စစ်သည်တော်များဟာ ပြည်သူ့ရိက္ခာ လစာစားနေသူတွေဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်အမျိုးအစားက တိုင်းပြည်ကာကွယ်ရေးတာဝန်ကို သစ္စာ သမာဓိ သတ္တိ ပြည့်စုံမှုနဲ့ ထမ်းရွက် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း စစ်ဝတ်စုံကို စွန့်ပယ်ပြီးမှ လွှတ်တော် နိုင်ငံရေးထဲ ၀င်ရောက်ခဲ့တာဖြစ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တဲ့ “တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမည်” ဆိုတဲ့ စစ်တပ်အမျိုးအစား ဖြစ်ဖို့ လက်ရှိ စစ်ဦးစီးချုပ်မှာ တာဝန်ရှိပါတယ်။ စစ်ဝတ်စုံနဲ့ လွှတ်တော်ထဲ ၀င်ထိုင်နေတဲ့ အချက်က မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံပါလို့ ဘယ်လိုပဲပြောပြော ယုံကြည်မယ့်သူ မရှိပါ။

လက်ရှိ ဦးသိန်းစိန်အစိုးရအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် တပ်မတော် က တိုင်းရင်းသားနယ်မြေတွေထဲ ၀င်ရောက်စစ်ပြုနေတဲ့ ကိစ္စဟာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေပါတယ်။  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအစိုးရ ဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်း ဆောင်ရွက် မှာဖြစ်ပြီး နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးသော်ငြားလည်း၊ လက်ရှိ တိုင်းရင်းသားနယ်မြေတွေပေါ်က စစ်ပွဲတွေ ဟာ သူ့စကားနဲ့ဖီလာ ဖြစ်နေတာတွေ့ရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် အယုံအကြည်ပျက်ပြားစရာ ဖြစ်ရတယ်။ အခု ဇူလိုင် ပထမသီတင်းပတ်က စပြီး မြ၀တီ-ကော့ရိတ်ကားလမ်းမသစ်ဝန်းကျင်မှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ အစိုးရတပ် တိုက်ပွဲတွေဖြစ်နေတဲ့ သတင်း၊ ကချင်ပြည်နယ် ဖားကန့် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်း တွေကို မီဒီယာတွေက တဆင့် ကြားသိနေရတယ်။ အစိုးရရဲ့စစ်ဆင်ရေး အရပ်ရပ်ကြောင့် အမှန်တကယ် နစ်နာသူကတော့ တိုင်းရင်းသားပြည်သူတွေပါပဲ။

သမ္မတ ဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရလို့ဆိုသော်လည်း၊ တိုင်းပြည် အုပ်ချုပ်ရေးရာကဏ္ဍအသီးသီးမှာ တပ်မတော်အရာရှိအများအပြား နိုင်ငံရေးတာဝန်တွေမှာ ပါဝင်ထမ်းဆောင်နေတာကြောင့်လည်း၊ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးဆိုတာ အတုအယောင်သာဖြစ်တယ်လို့ အချို့သော နိုင်ငံရေးသုံးသပ်သူတွေက ကောက်ချက်ချတာ တွေ့ရ တယ်။

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး (IBAHRI) မစ်ရှင်အဖွဲ့ရဲ့(ဒီဇင်ဘာ -၂၀၁၂) အစီရင်ခံစာကို ကိုးကားလိုပါတယ်။ အစီရင်ခံစာအဆိုအရ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ တရားသူကြီး (၇)ဦး အနက်၊ တရားသူကြီးချုပ် အပါအ၀င်(၄)ဦး ဟာ ယခင် တပ်မတော် အဆင့်မြင့်အရာရှိများဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် လွှတ်တော်ကိုယ်စား လှယ် (၈၉)%ဟာ ယခင် နအဖအစိုးရတွင် ပါဝင်တာဝန်ထမ်းခဲ့သူများဖြစ်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) က နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော် အသီးသီး (ပြည်ထောင်စုအဆင့်၊ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ အဆင့်) သို့ ကိုယ်စားလှယ် ၂၅% အမည်စာရင်း တိုက်ရိုက် တင်သွင်းတယ်။ တပ်မတော် စစ်ဦးစီးချုပ်က ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို ရွေးချယ်ခန့်ထားတယ်။

 တပ်မတော် စစ်ဦးစီး ချုပ်ဟာ စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးစနစ် တရားရုံးများရဲ့ အကြီးအမှူး လည်း ဖြစ်တယ်။ အဲဒီ စစ်တရားရုံးများဟာ ပုံမှန် တရားစီရင်ရေးစနစ်ရဲ့ သြဇာမှ ကင်းလွတ်နေတာ တွေ့ရတယ်။ ဒါ့ အပြင် တပ်မတော် စစ်ဦးစီးချုပ်ဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှာ သမ္မတနှင့်အတူ ပူးတွဲ တာဝန် ထမ်းဆောင်နေတယ်။ အဲဒီ ကောင်စီက အရေးပေါ် အခြေအနေတရပ်ကို ကြေညာနိုင်ပြီး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေး အာဏာများကို တပ်မတော်သို့ လွှဲအပ်နိုင်တယ်။ ဖွဲစည်းပုံအခြေခံဥပဒေ အပိုဒ် ၄၀ (ဂ) မှာ ပြဋ္ဌာန်းထားချက် အရတပ်မတော် စစ်ဦးစီးချုပ်အနေဖြင့် အချုပ်အခြာအာဏာ ကို ၎င်း၏ သဘောဆန္ဒအတိုင်း ရယူကျင့်သုံးနိုင်ခွင့် ရှိတယ်လို့လည်း အစီရင်ခံက ထောက်ပြထားတာတွေ့ရတယ်။

(IBAHRI) မစ်ရှင်အဖွဲ့ရဲ့ ကောက်ချက်မှာ အခုလို ဖေါ်ပြထားပါတယ်။ “တပ်မတော်သည် ဆက်လက်၍ သြဇာအာဏာ ရှိနေဆဲဖြစ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံဥဒေပြဋ္ဌာန်းချက်(၂)ခုဖြင့် ရှင်းလင်းထင်ရှားစွာ ဖေါ်ပြထားသည်။ ယင်းပြဋ္ဌာန်း ချက်များတွင် အတိတ်က အမှားများကို ဥပဒေအရ ကိုယ်တိုင်ပြင်ဆင်ချက် လုပ်နိုင်ရန်၊ လုပ်ထုံးလုပ်နည်းများကို ကိုယ်တိုင် ချမှတ်ထားသည်။ ပြဋ္ဌာန်းချက် အပိုဒ် ၂၀၄ (ခ) တွင် သမ္မတအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် အပ်နှင်းကြောင်း ဖေါ်ပြထားသည်။ လိုအပ်ပါက သမ္မတသည်-“အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။” ဟု ခွင့်ပြုထားသည်။ပို၍ ပေါ်လွင်သည့် ပြဋ္ဌာန်းချက်မှာ အပိုဒ် ၄၄၅ ဖြစ်သည်။ ၎င်းအပိုဒ်တွင် – “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ယင်းအဖွဲ့၏ အဖွဲ့ဝင်တဦးဦး(သို့မဟုတ်)အစိုးအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် အရေးယူ ခြင်းမရှိစေရ။”- ဟု ဖေါ်ပြထားသည်။

ယင်းဥပဒေအပိုဒ်တို့ကို ပြင်ဆင်ရန် အဆိုတင်သွင်းမည်ဆိုပါက၊ လွှတ်တော်ကိုယ်စားလှယ် ၂၀% ၏ထောက်ခံမှု ရရှိမှ အဆိုပြုနိုင်သည်။ ယင်းအဆို အောင်မြင်ရန်အတွက်ဆိုလျှင်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်၏ မဲ ရရှိဖို့လိုအပ် သည်။ ထို့ကြောင့် တပ်မတော်က ခန့်ထားသည့် ကိုယ်စားလှယ်များအား လွှတ်တော်ထဲ၌ထိရောက်သည့် ဗီတိုအာဏာ ပေးအပ်ထား သကဲ့သို့ဖြစ်သည်။” ဟု (IBAHRI) မစ်ရှင်အဖွဲ့ထောက်ပြထားသည်။

IBAHRI ရဲ့ အထက်ဖေါ်ပြပါ သုံးသပ်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ယခု လွှတ်တော်အတွင်း ဆောင်ရွက်နိုင် ခြင်း မရှိခဲ့ရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ အသစ်ပေါ်လာမယ့် အစိုးရအဖွဲ့အနေနဲ့လည်း စစ်တပ်ရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု အန္တရာယ်နဲ့ ဆက်လက် ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ ခက်ခဲဖွယ်ရှိ ပါတယ်။ တဆက်ထဲမှာ အမျိုးသားပြန်သင့်ဖို့ ငြိမ်းချမ်းရေးရရှိဖို့ကိစ္စတွေမှာလည်း အခက်ကြုံနိုင်ပါတယ်။

 ဒါကြောင့် ၂၀၁၅ အလွန်မှာ လူထုက ရွေးချယ်တင်မြှောက်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အထူးတာဝန် တရပ်ကို ထမ်းဆောင်ရပါလိမ့်မယ်။ မြန်မာ့ ဒီမိုကရေစီခရီး ဖြောင့်ဖြူးရေးအတွက် (၂၀၁၆ – ၂၀၂၀) လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဆူးငြောင့်ခလုတ်တွေကို ဦးစွာ တိုက်ဖျက် ဖယ်ရှား ရှင်းလင်းပေးရမယ့် တာဝန်ရှိလာပါလိမ့် မယ်။ အဲဒီ စစ်လွှမ်းမိုးရေး ဖွဲစည်းပုံထဲက ဆူးငြောင့် ခလုတ် ထောင်ခြောက်တွေကို မဖယ်ရှင်းနိုင်သရွေ့၊ ဖက်ဒရယ် ပြည်ထောင်စု ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီဘက်က နိုင်ငံရေးခေါင်းဆောင်များ ကြိုတင် သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ကြောင်းပါ။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts