ဝင်းအောင်ကြီး လူများ၊ ရုပ်ပုံလွှာများ ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

Saya U Aung Thin (1927 – 2014)

ဝင်းအောင်ကြီး – ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ
ကျနော်တွေးမိသလို ရေးပါမည် (၄၄)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

၁၉၇၀ နိုင်ငံတကာ စာအုပ်နှစ်စာပဟောပြောပွဲမှာ “ စာဖတ်သူခံစားရသော စာပေ့သြဇာ” စာတမ်းရှင် ဦးအောင်သင်းနဲ့ “ စစ်ပြီးခေတ် ၀တ္ထုတိုများ” စာတမ်းဖတ်တဲ့ကျနော် ဆုံတွေ့ကြခင်မင်လာကြသောအခါ၊ ကျနော့ထက် အသက် ၁၀ နှစ်ကြီးပေမယ့် ဦးအောင်သင်းလို့ ဆရာလို့မခေါ်ရ ဆိုတာနဲ့ ကိုအောင်သင်းလို့ခေါ်ရင်း ပြောမနာဆိုနာ ဖြစ်ခဲ့ရတာပါ။

သူ့အိမ်ကိုသွားတိုင်း ခွေးကြီးကဟောင်၊ မဟောင်တဲ့ တနေ့  …

“ ခင်ဗျား လူဖြစ်ပြီးညံ့လိုက်တာ၊ ကိုအောင်သင်း ဒီအချိန်အိမ်မကပ် ဆိုတာမသိဘူးလား “ လို့ပြောနေသလိုပဲ၊

“ ခင်ဗျားတို့ချင်း နားလည်တယ်နော်”

“ ဘယ်ကလာ၊ ပညာရှိတွေး တွေးကြည့်လို့သိရတာ” အဲဒီလို ပြောမနာဆိုမနာကနေ တဆင့်တက်ကာ၊ သူ့အမြင်ကိုယ့်အမြင် လေးစား၊ လွတ်လပ်ပေါ့ပါးစွာ ၂ ယောက်သားစကားပြောရတဲ့ အရသာခံတွင်းတွေ့ကြတာ သူသေတဲ့အထိ။

အသုဘပို့ရင်း ဆုံမိကြလည်း၊ သင်္ချိုင်းမှာ လူရှင်းတဲ့အထိစောင့်၊ ဥပမာ … သိကြားမင်းက သုဇီတာနဲ့ သုမာလာကို ဘယ်လောက်အချိန်ကွာပြီးယူတာလဲ၊ သာမန်နတ်သားလေးတွေတောင် နတ်သမီးတဘက် ၅၀၀ စီ ဆိုတော့ သူ့နောက်ကွယ်မှာ လူမသိ နတ်မသိ ဇာတ်လမ်းတွေ တွေးကြည့်ကြတာဟာ မိုးကြိုးပစ်လောက်တယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ ကြုံရင်ကြုံသလို ကပ်သီးကပ်သပ်တွေး လွတ်လပ်လပ်ပြောနဲ့ နိုင်ငံရေး၊ ဦးနေ၀င်း အကြောင်းဆို အဆီတ၀င်းဝင်း ဘယ်ပြန်ညာပြန်နဲ့ မြိန်လိုက်တာ၊ ကြားသွားတဲ့ တာဝန်သိ သရဲတကောင်ကောင်က သတင်ပို့လိုက်ရင် သေဒဏ်ထိမှာလည်း အသေအချာ။

တကြိမ်မှာတော့၊ ကျနော့ဝတ္ထုတပုဒ်က ဇာတ်ကောင်ကို အပင်ပန်းခံတွေးမနေဘဲ သူ့ကိုကြည့်ရေးလိုက်တာ မဂ္ဂဇင်းထွက်လာတော့ မကြေညာဘဲ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်တယ်။ ဇာတ်လမ်းက သူနဲ့ဘာမှမဆိုင်၊ အထပ်ထပ်ပြန်ဖတ်ကြည့်တော့မှ တနေရာမှာ ရေးတေးတေးလေး သွားငြိနေသလိုလို၊ ၀တ္ထုပဲဗျာ၊ ဘယ့်နှယ် ဒေသစွဲကင်း ၀ါဒစွဲကင်းတဲ့ ဧရာမစာပေဝေဖန်ဆရာကြီးဆီကို သွားရင်တောင်းပန်ရာ ရောက်မှာမို့ မာနတင်းထားလိုက်ပေမယ့် ၃ ၄ ၅ ရက်လောက်ကြာတော့မနေနိုင်။ သူလည်းတင်းထားရာက ပြန်လျှော့ဖို့ခက်နေမှာ ကျနော်သိတယ်။

ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲသဲကာလ ဟံသာဝတီအ၀ိုင်းနားမှာ ဘွားကနဲတွေ့ကြတော့ မျက်နှာကိုတင်းထား၊ ခြေထောက်တွေ မသိမသာကပ်လာ အနားရောက်တော့ “လူတွေသိပ်များတယ်နော်၊” “ဟုတ်တယ်ဗျ …” ဆိုကာ ပြီးသွားတဲ့ ၂ ယောက်သား စကားမပြော မနေနိုင်တဲ့ ဆက်ဆံရေးပါ။

သူ့အကြောင်း သားငယ်အောင်မြိုင်သင်း ရေးတာတွေ ဖတ်ရင်း ကိုအောင်သင်း ကံဇာတာတက်တဲ့နေ့ ပြေးသတိရမိတယ်။ ကျနော် ကံနိမ့်နေတဲ့ကာလ၊ နိုင်ငံခြားအလုပ်သွားလုပ်ချင် ထွက်ဆိုတာနဲ့ အပြင်ရောက်၊ အလုပ်ရပါရဲ့ မသွားရလို့ ဇရပ်ဟောင်း ၇ ပေအခန်းကျဉ်းလေးမှာ၊ စာမူခရပါက ပဲနီလေးဟင်း အာပြဲခြောက်ကြော်၊မရရင် ပဲဝါလေးနဲ့ အာပြဲခြောက်ဖုတ်။ ခင်မင်သူများက အ၀င်အထွက်မပျက်၊ ကိုအောင်သင်းက ပိုလာ၊ အဲဒီနေ့က ပဲလိမ္မော်မရှိလို့ ပဲနီလေးလား ပဲဝါလေးလား မသေချာ၊အာပြဲခြောက်ဝယ်ဖို့ မနက် ၁၀ နာရီလောက်မှာ ဂွဈေးကိုထွက်ခဲ့တယ်။ လာဗျာ ဆိုကာလက်ဖက်ရည်တခွက်မှာ ရင်း “ အောင်သင်း ကံဇာတာ ပြန်တက်လာပြီ” ဆိုတော့ ၀မ်းသာလိုက်တာ၊ ကျောင်းစာသက်သက် အလွတ်မကျက်ဘဲ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ သင်ပေးမိလို့ ကထိကရာထူးက ပြုတ်ခဲ့သူကြီးမို့ပါ။

စကားကောင်းနေလိုက်ကြတာ ရေနွေး ၃ ခရားကုန်၊ အပေါ့ ၃ ကြိမ်သွား၊ ညနေ ၃ နာရီထိုး၊ သတင်းကောင်းရောက် မလာနိုင်လို့ မေးယူတော့မှ

“ ဒီမနက်ဗျာ၊ စာရေးရတာ အပေါက်အလမ်းမတည့်၊ စာဖတ်ဖို့လည်း စိတ်မပါ၊ စကားပြောရအောင် လက်ဖက်ရည်ဆိုင်လာထိုင်တော့လည်း အသိမတွေ့နဲ့– ရောက်မယ့်ရောက်လာတော့ ခင်ဗျားလေ၊ အောင်သင်း ကံဇာတာ ဒီ့ထက် တက်ရဦးမှာလား? ”

လက်ဝှေ့စကားနဲ့ဆို ကျနော် ကြမ်းပြင်ပေါ် မှောက်လျက်ကျသွားပြီ။ ကျနော် မနက်စာအတွက် အာပြဲခြောက်လာဝယ်ကြောင်း ပြောပြတော့ မျက်စိပျက် မျက်နှာပျက်၊ ပြာပြာသလဲငွေရှင်း မြန်မြန်လာ၊ ခင်ဗျားအမျိုးသမီးကို လိုက်တောင်းပန်ပေးမှဖြစ်မှာ ဆိုကာထွက်လာလိုက်တာ၊ အိမ်ရောက်ဝ စောင့်နေသူက နှစ်ယောက်သားကြည့်ရင်း “ထင်သားပဲ” လို့ ပြုံးပြီးပြောတယ်။

“အောင်သင်း ကံဇာတာတက်လာ ယုံပြီလား၊ ကြည့် တောင်းပန်ဖို့ ပါးစပ်တောင်မဟရသေးဘူး၊ ပြေလည်သွားပြီ …” လို့ မထိုင်ရသေး ပြောဖြစ်အောင် ပြောလိုက်သေး။

ဟုတ်ပါလိမ်မယ်၊ သူ့ကံဇာအတက် ဂယက်ရိုက်လို့ ကျနော်လည်း မိန်းမရဲ့ အဆူမခံရလိုက်တာလို့ ခုမှတွေးမိကြောင်းပါ။

၂၀၁၅ ခု၊ ဇွန်လ ၂၈ ရက်နေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts