သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး – အပိုင်း (၇)

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး – အပိုင်း (၇)
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅


(ဆ) တရုတ်၏သဘာဝနှင့် တရုတ်တို့၏ခြေလှမ်းများ

၁။ တရုတ်တို့ပြောင်းတတ်သလော
၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးကစတင်ကိုင်စွဲခဲ့သော မူဝါဒများအရ တရုတ်ကွန်မြူနစ်များသည် ဗကပတို့အားညီနောင်ပါတီ အဖြစ် သဘောထားခဲ့ပြီး အကူအညီအထောက်အပံ့များ ပေးခဲ့သည်။ ၁၉၇၇ တိန့်ရှောက်ဖိန်ပင်တက်လာပြီးတရုတ်တို့ ပေါ်လစီပြောင်းခဲ့သည်။ ကြောင်ဖြူဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ် ကြွက်ဖမ်းတတ်ဘို့ဘဲတို့ ချမ်းသာတာမင်္ဂလာပါတို့ ဖြစ်လာသည်။ ဗကပတို့အား အကူအညီ တစ တစ လျော့ချပြီး နောက်ဆုံးရပ်ဆိုင်းခဲ့သည်။

နယ်စပ်တွင် အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံကြရာတွင်လည်း ယခင်ပြောနေကြ နှစ်ပါတီ တပ်မတော်နှစ်ရပ် နှစ်နိုင်ငံပြည် သူတွေမပါတော့ နယ်စပ်ဒေသပြည်သူများ ချစ်ကြည်ရေးဖြစ်သွားသည်။ ညီနောင်ပါတီဟု မသုံးတော့။ လက်တွေ့တွင်လည်း ဤသို့ပင် သဘောထားပြောင်းသည်။ ၁၉၈၉ ကိုးကန့်အာဏာသိမ်းပွဲစတော့ ကိုးကန့်ဒေသ လောက်ကိုင်ဒေသတွင် စသည်။ နယ်စပ်နှင့်ကပ်ရက် တရုတ်တို့သိသည်။ သို့သော် ယခင်သူတို့၏ညီနောင်ဖြစ်ခဲ့ဘူးသော ဗကပတို့အား တခွန်းမှမဟချေ။ အာဏာသိမ်း ကိုးကန့်တို့က သံလွင်မြစ်အနောက်ဖက်ကမ်းကူး၍ မြစ်အနောက်ဖက်ရှိ ဗကပတပ်များကို စည်းရုံးကာ ဗကပ မြောက်ပိုင်းဗျူရိုကို အာဏာသိမ်းရန်လာတော့မှ ဗကပဗဟိုက သိတော့သည်။ တကယ်တော့ကိုးကန့် လောက်ကိုင်မှာ အာဏာသိမ်းပြီးတပတ်ကျော်လောက်မှကိုးကန့်တို့ ဗကပ မြောက်ပိုင်းဗျူရိုကို အာဏာလာသိမ်းခြင်းဖြစ်သည်။ ထိုရက်များအ တွင်း တရုတ်ကွန်မြူနစ်များသိသော်လည်း ဗကပတို့အား အသိပေးခြင်းမပြုခဲ့ချေ။ တရုတ်တို့သည် ယခင် သူတို့၏ညီနောင် ဟုဆိုခဲ့သူများ သူတို့အားပေးကူညီထောက်ပံ့ခဲ့သူများ၏ဇတ်သိမ်းကို လက်ပိုက်၍ စောင့်ကြည့်နေခဲ့သည်။ ထိုမျှမက ထို အပြောင်းလဲကာလအတွင်း ယခင်သူတို့၏ ညီနောင်ဆိုခဲ့သောဗကပများအား ဖမ်းဆီး၍ စစ်အစိုးရအား အပ်နှံရန်ပင် ဝန်မ လေးကြပေ။

တရုတ်တို့အဘို့ အခြေအနေကိုသုံးသပ်၍ ချမှတ်ထားသည့်လမ်းစဉ်ပေါ်လစီအရ ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်လုပ် ဆောင်ခြင်းဖြစ်သည်။ သူတို့အတွက် အမြဲတန်းရန်သူ အမြဲတမ်း မိတ်ဆွေမရှိချေ။ ချမှတ်သည့် ပေါ်လစီကို အောင်မြင်အောင် အကောင်ထည်ဖော်ဘို့သာ လိုပေသည်။ ချမှတ်သည့် ပေါ်လစီပြောင်းသည်နှင့် တရုတ်တို့ကောင်းကောင်း ပြောင်းတတ်ကြ သည်။ ဤသို့ပြောင်းလဲလုပ်ဆောင်ရာတွင် ပြောင်မြောက်သည့် တရုတ်များအား အရပ်စကားနှင့်ပြောရလျှင် အလွန်မျက်နှာ ပြောင်သောတရုတ်များဟု ဆိုရပေမည်။

၂။ တရုတ်နှင့်ဗီယက်နမ်
တရုတ်နှင့်ဗီယက်နမ်စစ်ပွဲသည် အရှေ့တောင်အာရှတွင် တရုတ်၏ ကောင်းကောင်းစွက်ဖက်နိုင်စွမ်းရှိသည်ကို ပြသသည့် ပွဲဖြစ်သည်။ သို့သော် တရုတ်တို့သည် ဗီယက်နမ်စစ်ကို မတိုက်မှီအရှေ့တောင်အာရှရှိ နိုင်ငံများ၏ ထောက်ခံမှုကိုရယူခဲ့ သည်။ ထိုစဉ် ဗီယက်နမ်တပ်များသည် ကမ္ဘောဒီးယားကိုဖြတ်၍ ထိုင်းနိုင်ငံနယ်စပ်ကိုရောက်ရှိနေရာ စစ်သွေးကြွ ဗီယက်နမ် စစ်တပ်အန္တရာယ်ကို အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်နေရသည်ဖြစ်ရာ တရုတ်က ဗီယက်နမ်ကို တိုက်မည့်အရေးကို သ ဘောတူ လက်ခံထားကြသည်။ ဒေသတွင်းနိုင်ငံများ သဘောတူထားသည်ဖြစ်၍ အမေရိကန်နှင့် အနောက်အုပ်စုက လက်ပိုက်ကြည့်နေလိုက်သည်။

တရုတ်တို့က ဗီယက်နမ်အား အချိန်အကန့်အသတ် နေရာအကန့်အသတ်ဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ စစ်ပွဲ၏ နာမည်ကို ဆုံးမပညာပေးရေးစစ်ပွဲဟု နာမည်တပ်သည်။ တရုတ်တို့အကျအဆုံးများသည်ဆိုသော်လည်း ဗီယက်နမ်တို့ အရေးနိမ့်သည်။ ထိုမှစ၍ ဒေသတွင်း ဗီယက်နမ်စစ်တပ် ထိုးထိုးထောင်ထောင် ကြွစောင်း ကြွစောင်းလုပ်မှု အဆုံးသတ်သွားသည်။

၃။ မြန်မာနှင့် သံခင်းတမန်ခင်း
ဒေသတွင်း နိုင်ငံများနှင့် နီးကပ်ရင်းနှီးသော ဆက်ဆံရေးမရှိပေ။ နယ်စပ်ချင်းဆက်နေသော ထိုင်းနှလည်းကောင်း၊ ဘင်္ဂလားဒက်ရှ်နှင့်လည်းကောင်း ပြေပြေလည်လည်မရှိလှ။ မကြာခဏတင်းမာမှုများရှိသည်။ လောလောဆယ် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အရေးနှင့်ပတ်သက်ပြီး ASEAN အတွင်းရှိ မွတ်စလင်နိုင်ငံများက မကျေမလည်ဖြစ်နေသည်။ မလေးရှားဝန်ကြီး ချုပ်ဟောင်း မဟာသီယာက မြန်မာအား ASEAN မှထုတ်ပယ်ရန်အထိပင် တောင်းဆိုလာသည်။ ပြဿနာ၏ အမှန် အမှားက ပြဿနာတခု၊ သံတမန်ရေးအကြပ်အတည်းက ပြဿနာတခုဖြစ်သည်။

ယခုနောက်ပိုင်း မြန်မာအစိုးရနှင့်ဆက်ဆံနေသော အမေရိကန်အင်္ဂလန် ဥရောပ ဂျပန် တောင်ကိုရီးယားတို့၏ ဆက်ဆံမှု များသည် မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် အခြေပြုထားသည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အလေးထားစောင့် ကြည့်နေသည်။ အရပ်စကားနှင့် ဒေါ်စုမပါလျှင် ဘာမှအလုပ်မဖြစ်နိုင်။

အချို့ သံခင်းတမန်ခင်းဆရာကြီးများအဆိုအရ မြန်မာသည် တရုတ်နှင့်အိန္ဒိယ နိုင်ငံကြီး နှစ်ခုကြားမှာရှိသဖြင့် ပါဝါထိန်းညှိ ရေး ဘာရေး ညာရေး ပြောကြသော်လည်း လက်တွေ့တွင် အိန္ဒိယသည် မြန်မာအပါ အရှေ့တောင်အာရှနိုင်ငံငယ်များ အပေါ် အာရုံမကျ။ သူ၏ အာရုံစိုက်မှုသည် တောင်အာရှနိုင်ငံများအပေါ်၌သာရှိသည်။ ထို့ပြင် အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်လေရာဖဆပလခေတ်က မြန်မာနှင့်ရင်းနှီးမှုရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ခပ်ခွာခွာနေခဲ့သည်ကို တွေ့ရသည်။ ယေဘုယျအားဖြင့် အိန္ဒိယသည်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ တိမ်းညွှတ်မှုရှိသည်။

တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်အရေးကြောင့် တရုတ်နှင့် ဒေသတွင်းနိုင်ငံများကြား တင်းမာမှုရှိသည်။ အမေရိကန်ကလည်း သူ၏ လေယာဉ်တင်သင်္ဘော ရော်နယ်ရီဂင်ကိုစေလွှတ်၍ အင်အင်အားဖြည့်ထားသည်။ အမေရိကန်အနေနှင့် ပစိ ဖိတ်ဒေသတွင်း သူအဓိကအင်အားများကို ဖြန့်ကျက်မည်ဟု ကြေငြာပြီးဖြစ်သော်လည်း ယူကရိန်းမှစလိုက်သော အမေရိ ကန် ဥရောပတို့နှင့် ရုရှားတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ရှေ့ရောက်လာရာ ပစီးဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်တို့ မဟာမိတ်ဖွဲ့လာဘွယ်ရှိသည်။ တရုတ်တို့ ရုရှားနှင့်ပေါင်းဘွယ် မရှိချေ။ ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများတွင် ဖြစ်ပွားနေသော မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမားများ ဆန့်ကျင်ရေးစစ်ပွဲအတွက်လည်း တရုတ်သည် အမေရိ ကန်နှင့် ပေါင်းဖို့သာရှိသည်။ ထို့ပြင် တရုတ်နှင့်အမေရိကန်သည် တဖက်က အားပြိုင်နေသလို တဖက်ကလည်း စီးပွားဖက် များဖြစ်ကြသည်။

ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်ခေါင်းဆောင်များဖက်က အနှစ် ၂၀ ကျော်ရပ်ခဲ့သော တရုတ်တို့ ဘက် ပြောင်းမပြောင်းသည် လွန်စွာအရေးကြီးပေသည်။

ဘုရင့်နောင်တို့ အလောင်ဘုရားတို့ ချပ်ဝတ်တန်ဆာဝတ်၍ အယုဒ္ဓယကိုသိမ်းခဲ့တာကွ ကြွေးကြော်နေသူများရှိသည်။ ခါး တောင်းကျိုက်၍ ဝါးရင်းဒုတ်ကို အသားပေးနေသူများတွေ့ရသည်။ သို့သော် မြန်မာဘုရင်များ ကြက်ကလေး ငှက်ကလေးလို အဖမ်းခံရပြီးမြန်မာတွေထီးနန်းပြတ်ခဲ့သော်လည်း ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဘုရင်မင်းဆက်ကမပြတ်ပေ။ ဝါးရင်းဒုတ်ဖြင့် မိုက်လုံးကြီးသည်ထက် ကျွမ်းကျင်ပါးနပ်သော သံခင်းတမန်ခင်းက ကိုယ့်ထီး ကိုယ့်နန်းကို ကာကွယ်နိုင်သည်ကိုတွေ့ရပေ မည်။

၎။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးသြဇာ

တိုင်းပြည်တိုင်းတွင် အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများမွေးထုတ်ရန် မခက်ခဲသော်လည်း လူပုဂ္ဂိုလ်အရ သြဇာကြီးမားသော ခေါင်းဆောင်တယောက်ပေါ်ထွက်လာဘို့ မလွယ်ပေ။ ထိုသို့ သြဇာကြီးသော ခေါင်းဆောင်တယောက် သည် အပြောင်းအလဲကြီးတခုကို ဦးဆောင်နိုင်စွမ်းရှိမှန်း တရုတ်တို့ ကောင်းကောင်းသိကြသည်။ ၁၉၆၆ ခုနှစ်တွင်ဖြစ်ပွား သော တရုတ်တပြည်လုံး သိမ့်သိမ့်တုန်၍ ကျွမ်းထိုးမှောက်ခုံဖြစ်သွားခဲ့သော တရုတ်ယဉ်ကျေးမှုတော်လှန်းရေးသည် CPC ဥက္ကဌမော်စီတုန်း၏ လူပုဂ္ဂိုလ်ရေးသြဇာအောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မော်စီတုန်းကိုယ်တိုင် သူ၏ပုဂ္ဂိုလ်ရေးသြဇာကိုသုံး၍ ယဉ်ကျေးမှုတော်လှန်ရေးအရှိန်ကိုတွန်းတင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပုဂ္ဂိုလ်ရေးသြဇာကြီးမားသည့် နိုင်ငံရေးသမားတယောက်ဖြစ်ကြောင်း ပြည်တွင်းတွင် သာမက ပြည်ပတွင်ပါ သြဇာရှိသူဖြစ်ကြောင်း အပြောင်းအလဲကြီးတခုကို စေ့ဆော်ဦးဆောင်နိုင်လောက်အောင် သြဇာကြီး မားသူဖြစ်ကြောင်း တရုတ်တို့ ကောင်းစွာသိကြသည်။ တရုတ်တို့အနေနှင့် အခြေအနေကိုစောင့်ကြည့်နေသော်လည်း နယ်စပ်ဒေသ စစ်ပွဲဂယက်က တရုတ်တို့ကို တွန်းပို့နေပုံရသည်။

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည်နီးလာပြီဖြစ်ရာ ထိုရွေးကောက်ပွဲမှာ မြန်မာအပြောင်းအလဲကို သွေးထွက်သံယိုမရှိ ဘဲ ပြောင်းလဲနိုင်သည့် အခွင့်အလမ်းဖြစ်ပေရာ တရုတ်တို့ ခြေလှမ်းသွက်လာပုံရသည်။

၅။ မြန်မာအရေးအတွက် တရုတ်သံတမန် ၃ ဦး

၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဟို့လန် ရောက်ရှိလာပြီး နောက် တရုတ်သံအမတ်သစ် ယန်ဟို့လန်သည် ဒေါ်စုနှင့်ရင်းနှီးသောဆက်ဆံရေး စတင်ခဲ့သည်။ သို့သော် ဒေါ်စု ခရီးစဉ်အ တွင်း ယန်ဟို့လန်၏ သက်တမ်းကုန်သွားခဲ့သည်။

ဒေါ်စုခရီးစဉ်အတွင်း ပေါ်ထွက်လာသောသတင်းများအရ တရုတ်အစိုးရနိုင်ငံရေးဝန်ကြီးဌာနမှ ဒေါ်စုအား ဖိတ်ကြားရန် အချိန်မသင့်ဆိုကာ နှောင့်နှေးနေသဖြင့် CPC နိုင်ငံတကာဆက်ဆံရေးဌာနမှ ရှီကျင့်ပင်အမိန့်ဖြင့် တိုက်ရိုက်ဖိတ်ကြားလိုက်ရ သည်ဟု တရုတ်သတင်းများကဆိုသည်။

သတင်းများအရ တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ရွေးကောက်ပွဲရလဒ်စောင့်ကြည်လိုသည့် သမရိုးကျ စဉ်းစားနည်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ CPC ကမူ တက်ကြွရှေ့ဆောင်သော ပေါ်လစီ ဖော်ဆောင်မည့်ဖက်မှ စဉ်းစားပုံရ သည်။ နောက်အသစ်ခန့်အပ်မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်သည် ပေါ်လစီအသစ်နှင့် လာဖွယ်ရာရှိသည်။

ဒုတိယ သံတမန်မှာ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလည် ဆွန်ကော့ရှန် Sun Guoxiang ဖြစ်သည်။ သူ့အား နိုင်ငံခြားရေးဝန်ကြီးဌာနကစေလွှတ်သလား CPC နိုင်ငံတကာဆက်ဆံရေးဌာနက စေလွှတ်သလား မသဲကွဲပါ။ ဆွန်ကော့ရှန်သည်တိုင်းရင်းသားလက်နက်အဖွဲ့များ၏ဆွေးနွေးပွဲများ အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးပွဲများသို့ ကြားလူအဖြစ် တက်ရောက်ကာ အခြေအနေများကို နားလည်ယူနေသည်ကို တွေ့ရသည်။

တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ ကင်ကျိယွင်Geng Zhiyuan ကို တရုတ်တို့၏ တတိယမြောက်သံတမန်အဖြစ် ယူဆရပေမည်။ ကင်ကျိယွင်သည် ယခုနှစ်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအပါ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သူဖြစ်သည်။ အကယ်၍ ဒေါ်စုအား CPC နိုင်ငံတကာဆက်ဆံရေး ဌာနမှ ဖိတ်ကြားသည်ဆိုပါက ကင်ကျိယွင်သည် CPC နိုင်ငံတကာဆက်ဆံရေးဌာန၏ သံတမန် ဖြစ်ဘွယ်ရှိသည်။

ကင်ကျိယွင်သည် မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး တိကျသော သဘောထားများပြောလေ့ရှိပါသည်။ ထို့ပြင် သူသည် မော်စီတုန်းခေတ် CPC ဗဟိုကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကင်ပြောင်၏သားဖြစ်ပြီး တရုတ်ထိပ်ပိုင်းခေါင်းဆောင်းအဝန်းအဝိုင်းသို့ပေါက်ရောက်သူ ဖြစ်သည်။ မြန်မာပြည်အရေးနှင့်ပတ်သက်ပြီးကင်ကျိယွင်၏ ပြောကြားချက်များမှာ

– စစ်ပွဲမှ ကျော်ကျသော အမြောက်ဆံ ဗုံးဆံများကြောင့် တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရခြင်းများရှိ၍လည်းကောင်း၊ စစ်ဘေးဒုက္ခ သည်များပြေးဝင်လာခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်အရှေ့မြောက်ပိုင်းပဋိပက္ခဟာ တရုတ်ကို ဂယက် ရိုက်မှုကြီးမား။

– တရုတ်အနေနှင် မြန်မာ့အချုပ်အခြာ အာဏာကိုလေးစားပေမဲ့ မြန်မာပြည်တွင်း တိုင်းရင်းသားလူမျိုးများအား စစ်ရေးအရ ဖိနှိပ်နေသည်ကို မတွေ့မြင်လိုကြောင်း။ အရှေ့မြောက် ပဋိပက္ခအား ထိမ်းမနိုင် သိမ်းမရအခြေအနေသို့ ရောက်ရှိမည်ကိုမမြင် တွေ့လိုကြောင်း။

– လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာကောင်းပေမဲ့ကိုးကန့်အဖွဲ့ကို ဆွေးနွေးဘို့ လက်မခံဘူးဆိုရင် ပြဿနာ ဖြေရှင်းဘို့ ခက်ခဲမြဲ ခက်ခဲနေမှာဖြစ်ကြောင်း အဓိက အစိုးရသဘောထားသားသာဖြစ်ပြီး ယခင်ကလည်း အပစ်ရပ်နိုင်ခဲ့လို့ ငြိမ်းချမ်းရေးကာလများရှိခဲ့ကြောင်း။

– ကိုးကန်တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပေမဲ့ တရုတ် ဟန်လူမျိုးများဖြစ်ကြကြောင်း၊ တရုတ်တွေနဲ့ ဆွေးမျိုးသားချင်းများဖြစ်ကြကြောင်း။ မိမိဆွေမျိုးသားချင်းတွေ အတိုက်ခံနေရတဲ့အချိန်မှာ တရုတ်တို့အနေနှင့် မိမိသားချင်းများအတွက် စိတ် ပူကြောင်း။

– တိုင်းရင်းသားဆွေးနွေးပွဲမှာ အဓိက မပြေလည်တဲ့အချက်က အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား လက် နက်ချခိုင်းခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ချက်ချင်းကြီး လက်ခံရန် ခက်ခဲမည်ဖြစ်ကြောင်း။

စသည်တို့ဖြစ်ပြီး မြန်မာပြည်နှင့်ပတ်သက်သည့် နယ်စပ်တိုင်းရင်းသားအရေးနှင့်ပတ်သက်သည့် တရုတ်တို့၏ သဘောထား ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသည်။


ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts