ဝင်းအောင်ကြီး ခေတ်ပြိုင်အတွေ့အကြုံ

ဝင်းအောင်ကြီး – ပြန်ကြားရေးဝန်ကြီး ရေကူးအသံလွှင့်စက်ရုံနဲ့ ကျနော်

ဝင်းအောင်ကြီး – ပြန်ကြားရေးဝန်ကြီး ရေကူးအသံလွှင့်စက်ရုံနဲ့ ကျနော်
ကျနော်တွေးမိသလို ရေးပါမည် (သူ့ဖေ့စ်ဘွတ် စီးရီး)

(မိုးမခ) ဇွန် ၂၄၊ ၂၀၁၅

မြန်မာ့အသံမှာ အနှစ် ၂၀ လောက်အလုပ်လုပ်ခဲ့တာမို့ ပြန်ကြားရေးဝန်ကြီးဆိုတ ကျနော်တို့ထက် အဆင့်များစွာပိုမြင့်လို့ နာမည်သာကြားဖူးပြီး၊ ဒီဖြစ်ရပ်မှာတော့ ခပ်လှမ်းလှမ်းမှာရှိ နားနဲ့ဆတ်ဆတ်ကြားခဲ့လို့ ပြောပြနိုင်တာပါ။

၁၉၅၉ ခု၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အင်ဂျင်နီယာချုပ်က လူတွေ့စစ်ဆေးပြီး ရေးပေးလိုက်တဲ့ စာကိုင်ကာ ရေကူးအသံလွှင့်စက်ရုံ (Transmitting Station) ကြီးကြပ်ရေး အင်ဂျင်နီယာ ဦးစိုးဝင်းထံ သွားပေးရာကနေ စက်မှုလက်ထောက်ဖြစ်လာတယ်။ တိုးကြောင်လေးဘူတာက ထောက်ကြံ့က လှမ်းမြင်ရ မိုးမှောင်လာရင် အနီရောင်မှိတ်တုတ်နဲ့ မီတာ ၃၀ မြင်တဲ့ antenna တိုင်ကြီးး၊ ဧက ၉၀ ကျယ်၊ လှိုင်းတိုစက်သုံးလုံး။ လှိုင်းလတ်စက် ၁ လုံး စသဖြင့် စနစ် ကျပြည့်စုံတဲ့ထဲ အရေးပေါ် စတူဒီယိုကနေ တွဲဘက်မြန်မာ့အသံလည်း လွှင့်နေတဲ့ဆီ တာဝန်ချထားပေးရင်း၊ “မင်းကံကောင်းတယ်၊ စောစောပိုင်းတုန်းက ဒီနေရာမှာ မြွေပေါ မြွေရှိတော့ ဖားလည်းရှိ၊ မိန်းမဆိုတာတော့ မူးလို့တောင်ရှူစရာမရှိ …” လို့ ရယ်စရာပြောတာမှတ်မိ။

ပြည်လမ်းက အသံလွှင့်ရုံကြီးပြီးသွားလို့ ပြောင်းသွားကြတော့ ၀န်ထမ်း ၁၀ ယောက်လောက်သူရဲခြောက် ကျန်ရစ်ခဲ့ကြရာသို့ ကျနော်တို့ အလှည့်ကျသွားလုပ်ရတယ်။ ၁၉၆၂ ခု၊ စစ်တပ်က အာဏာသိမ်းပြီးစ မတ်လထဲမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့် ရေကူးအသံလွှင့်စက်ရုံကို လာစစ်တော့ ဦးစိုးဝင်းက လိုက်ပြရင်း ပိတ်ထားတဲ့ အခန်းတခန်းနဲ့ပတ်သက်ပြီး အမေးနဲ့အဖြေကိစ္စပါ။ အနားမှာရှိကြတဲ့ ကျနော်တို့မျက်လုံးပြူးကာ ကိုယ့်ဆရာတော့ အလုပ်ပြုတ်ပြီလား စိုးရိမ်ခဲ့ပေမယ့် ဘာမှမဖြစ်၊ ပြန်ကြားရေးဝန်ကြီးလည်း ရာတန်တွေတရားမ၀င် ကြေညာတဲ့ကိစ္စမှာပါဝင်မှုနဲ့ ပြုတ်သွားပေမယ့် မြန်မာ့အသံ ၀န်ထမ်းတွေကြား ပြောစမှတ်အဖြစ်ကျန်ခဲ့တယ်။

နှစ်ပေါင်းများစွာ ကြာတဲ့အခါ၊ ကျနော်စာရေးနေတဲ့ ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စာရေးဆရာ မှူးသမိန်အဖြစ် ဦးမြလှိုင်က မိတ်ဆက်ပေးလို့ ပြန်ဆုံကြတယ်။ ကျနော်(မောင်အောင်မွန်) ဘာသာပြန်တဲ့ ခရမ်းရောင်လွင်ပြင် ( The Purple Plain by H.E. Bates) ကို ပေဖူးလွှာမှာ ၆ လနဲ့အပြတ်ထည့်ဖို့ ကြိုးစားချုံ့လို့မရ၊ မှူးသမိန်ကြိုးစားလည်း လက်လျှော့မို့ ကျနော့ဘာသာ ချုံ့ပေးဖို့ ပြောပြီး အယ်ဒီတာ မျိုးမြင့်ညိမ်းက တွက်ပေး၊ အဆင်ပြေသွားလို့ ပြန်မယ်အလုပ် မှူးသမိန်က နေဦးဗျ၊ ကျုပ်ရေကူး ရေကူးအသံလွှင့်စက်ရုံ သွားစစ်တုန်းကကိစ္စသိလား လို့မေးတာနဲ့ ခေါင်းညိတ်လိုက်ရ။

အားပါးတရရယ်ရင်း “ ပိတ်ထားတဲ့အခန်းက အိမ်သာဆိုတော့၊ ဟ … အိမ်သာက ၂ ခန်းတောင်လား မေးမိတာနဲ့ အင်ဂျင်နီယာက ပြန်ကြားရေးဝန်ကြီးဆိုတာ အဆင့်မြင့်ပါတယ်၊ အိမ်သာအထိမဆင်းပါနဲ့ အောက်ခြေက လုပ်ကြပါ့မယ်တဲ့၊ … ၀န်ကြီးးပါးမ၀တော့ ပြောသင့်မပြောသင့် မဆင်ခြင်မိတာနဲ့ ခပ်မြန်မြန်ပြန်လစ်ခဲ့ရတယ် …” လို့ ဆိုကာ ဦးမြလှိုင်နဲ့အတူ ရယ်နေတဲ့ထဲ လူငယ်မို့ ကျနော်ဝင်မပါခဲ့။

ဟော ခုတော့ မြေလိုချင်လို့ ရေကူးအသံလွှင့်စက်ရုံ (Transmitting Station) ကြီး ရောင်းပစ်တော့မယ် ဆိုပါလား။ ဘယ်သူမှမရှိကြတော့၊ မိုးသံကြားရင်အော်တဲ့ဖားတွေကိုစောင့်စားတဲ့ မြွေတွေကော ရှိနေသေးလား၊ မီးနီတိုင်မြင့်ကြီးမရှိတော့လို့ အမှောင်ထဲ ဖားရိုက်ကြရင်း မြွေကိုက်လေမလားလို့ လူငယ်တွေမပျင်းအောင် ရယ်စရာပြောလေရှိတဲ့ လက်ဦးဆရာ ဦးစိုးဝင်းကိုသတိရကာ ဆိုင်မဆိုင်မသိ၊ ခေါင်းထဲဝင်လာသလို တွေးမိကြောင်းပါ။

၂၀၁၅ ခု၊ ဇွန်လ ၂၃ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts