သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – မီဒီယာနှင့် ဘကြီးမိုး

မောင်မိုးသူ – မီဒီယာနှင့် ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ မိုးမခ) ဇွန် ၂၄၊ ၂၀၁၅

Daily Eleven က အယ်ဒီတာ ၁၇ ဦး ကို တရားစွဲမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားစာကို ဘကြီးမိုးရပါတယ်။ ပထမတော့ မသွားဘူးလို့။ လူထုဦးစိန်ဝင်း သုံးနှစ်ပြည့်ဆွမ်းကျွေးမှာ တရားစွဲခံ အယ်ဒီတာလေးနဲ့ တွေ့လို့ မလာပါဘူးကွာလို့ ပြောလိုက်မိသေးတယ်။ ဒါပေမဲ့ သည်ကိစ္စက လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလိုပဲ ကိုယ့်မီဒီယာလောက က ရှားရှားပါးပါး ၁၇ ဦးတောင် တရားစွဲခံရတဲ့ကိစ္စ တက်သင့်တယ်၊ တက်ရမယ်ဆိုတဲ့စိတ်နဲ့ သွားတက်ခဲ့ပါတယ်။

ဘကြီးမိုးဟာ အသက် ၇၈ နှစ်ပြည့်ခဲ့ပြီမို့ ၇၉ နှစ်ထဲရောက်နေပါပြီ။ အန္တရာယ်ကင်း ပရိတ်လည်းမရွတ်တတ်လေတော့ သည်အတိုင်းပဲ ခပ်တည်တည်နဲ့ ရောက်သွားမိပါတယ်။ ဒေးလီးက အမှုနဲ့ ပတ်သက်ပြီး ဥပဒေအကျိုးဆောင် ဦးသိန်းသန်းဦး ကလည်း ဘကြီးမိုးတို့ရဲ့ အင်န်အယ်လ်ဒီက ရှေ့နေတွေ ဖြစ်တဲ့ ဦးအောင်သိန်းတို့ ဦးကိုနီတို့ကလည်း ဘကြီးမိုး အမှုဖြစ်ရင် လိုက်ပေးချင်ချင် ဖြစ်နေပုံရပါတယ်။

သူတို့တတွေက လိုက်ပေးချင်တာက အရေးမကြီးဘူး။ သူတို့လိုက်ပေးရင် မူလက စွပ်စွဲခံပုဂ္ဂိုလ်တွေကို အမြင်ကတ်နေတာ ၊ သူတို့ကိုပါ ပေါင်းပြီး အမြင်ကတ်ပြီး ထောင်ချမှာ သေချာတယ်ခင်ဗျ။ စကတည်းက တရားစွဲခံရတဲ့ပုဂ္ဂိုလ်တွေကို တကယ့် တကယ် ပုဒ်မအစစ်အမှန်က အမြင်ကတ်တဲ့ ပုဒ်မလေ။ စွပ်စွဲခံရသူတွေကို အမြင်ကတ်ရတဲ့အထဲ အမှုလိုက်ပေးတဲ့ ရှေ့နေတွေကို အမြင်ကတ်တာနဲ့ ပေါင်းလိုက်ရင် သေချာပေါက် နှစ်ထပ်ကွမ်း အမြင်ကတ်မှုနဲ့ ထောင်ကျမှာ ကျိန်းသေတယ်ခင်ဗျ ။

သည်နေရာမှာ ယခု ဘကြီးမိုးကို အမှုလိုက်လိုက်ချပေးချင်တဲ့ ရှေ့နေကြီးတွေရဲ့ ဆရာဆိုရင်လည်း မမှားပါဘူး။ ဘကြီးမိုးရဲ့ ရေးဖော်ရေးဖက်၊လုပ်ဖော်ကိုင်ဖက်၊ ထောင်ကျဖော်ထောင်ကျဖက်ရှေ့နေကြီး ဦးကိုယု ရှိတယ်ခင်ဗျ။ဘကြီးမိုးနဲ့သူနဲ့က အလွန်ရင်းနှီးသူတွေဖြစ်တော့ ဘကြီးမိုးက သူ့ကိုပြောဖူးပါတယ်။ကျုပ်သာ အမှုဖြစ်ရင် ခင်ဗျားကို မလိုက်ခိုင်းဘူးဆိုတော့ ဘာလို့လဲကွာတဲ့။ သူက ဘကြီးမိုးထက် ရှစ်နှစ်၊ကိုးနှစ်ကြီးပါတယ်။ဘာဖြစ်ရမှာလဲ၊ ခင်ဗျားလိုက်တဲ့အမှုတိုင်း သေဒဏ်ကျတာချည်းပဲ မဟုတ်လားဆိုတော့ သူလည်းခွကျသွားတယ်။

ဟုတ်ပါတယ်။ ဦးကိုယုဟာ သခင်စိုး အတွက် ထုချေလျှောက်လဲပါတယ်။ သခင်စိုး သေဒဏ်ကျပါတယ်။ အုန်းကျော်မြင့်လည်း သူပဲ လိုက်တာပဲခင်ဗျ။ သေဒဏ်ပဲကျတာပါ။

ကိုသိန်းသန်းဦးက လက်ပံတောင်းအမှုတို့၊ စာရေးဆရာထင်လင်းဦး အမှုတို့ လိုက်ခဲ့တာပဲ။သူတို့လည်းကျတာပဲလေ။ ဦးအောင်သိန်းဆိုရင်လည်း လက်ပံတန်းကျောင်းသားကိစ္စနဲ့ ဝန်းရံသူတွေကို အမှုလိုက်ပေးနေတာလေ။ကလေးတွေ ကျဦးမှာပါပဲ။

သည်အစိုးရက သူတို့ကို ဝေဖန်တိုက်ခိုက် ဆန့်ကျင်တဲ့သူတွေကို ဖမ်းဖို့ဆီးဖို့ လုပ်နေတာကလား။ဘယ်ရှေ့နေက ဘယ်အချက်အလက်တွေနဲ့ လျှောက်လျှောက်ချမှာပဲလေ။

ဘကြီးမိုးဘဝမှာလည်း စစ်ခုံရုံးမှာ တရားစွဲခံရဖူးပါတယ်။ စစ်ခုံရုံး တရားသူကြီးက စာရွက်ကလေးအတိုင်း ချတာပဲလေ။ ဘကြီးမိုးတို့ခေတ်က ကြမ်းခင်းဈေးက ထောင်သုံးနှစ်ရယ် ။ သည်တော့ အနိမ့်ဆုံး ထောင်သုံးနှစ်တော့ ကျတာပဲ။ နောက်ဆုံးတော့ ကြမ်းခင်းဈေးက ငါးနှစ်တို့၊ ခုနစ်နှစ်တို့ဖြစ်လာတယ်။ အဲ မင်းကိုနိုင်တို့ကျတော့ နှစ် ၆၀ တို့ ဘာတို့ချခဲ့တာပေါ့။ခွန်ထွန်းဦးတို့လည်း အများကြီးကျတာပဲ။

ဘကြီးမိုးဟာ ယခုလောလောလတ်လတ် ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ နာယက အဖြစ် ဆောင်ရွက်နေရပါတယ်။ရွှေဘိုဘက်က လယ်သမားတွေ  ထောင်ကျရင် လည်း ဘကြီးမိုးတို့ဖောင်ဒေးရှင်းက လှူရတာပဲလေ ။ ထိုနည်းတူ ယူနတီက စာနယ်ဇင်းပုဂ္ဂိုလ်တွေ  ထောင်ကျတော့လည်း လှူရပြန်တာပေါ့။ နိုင်ငံရေးအကျဉ်းသား တွေထောင်မကျဖို့၊ စာနယ်ဇင်းသမားတွေ ထောင်မကျစေကြောင်း ဆုတောင်းနေရတာကလွဲလို့ ဘကြီးမိုးဘာများတတ်နိုင်ဦးမှာလဲ။

ဘကြီးမိုးဟာ အစိုးရအဆက်ဆက်မီခဲ့ပါတယ်။ဖဆပလခေတ်မှာ ဆန့်ကျင်တဲ့ အတိုက်အခံသမားတွေ၊ သတင်းစာဆရာတွေ ထောင်ထဲရောက်ခဲ့တာပါပဲ။ ဆရာဗန်းမော်တင်အောင်တို့၊လူထုဦးလှ တို့ဆိုတာ အထင်ရှားဆုံးသတင်းစာဆရာ၊စာရေးဆရာတွေပေါ့။ ဆရာကြီးရွှေဥဒေါင်း တောင်အဆစ်ပါသေးခင်ဗျ။ ဘကြီးမိုးကျတော့ စစ်အုပ်ချုပ်ရေးနဲ့ ဓာတ်တည့်ပုံမပေါ်ဘူး။ အိမ်စောင့်အစိုးရတက်ချိန်မှာ အထိန်းသိမ်းခံရ၊ အဖမ်းခံရပါတယ်။ ၅၈၊ ၅၉ပေါ့ ။ နောက် စစ်အစိုးရတက်လာတဲ့ ၈၉ ကျတော့လည်း အဖမ်းခံရတာပဲခင်ဗျ။ ၅၉တို့ ၈၉ တို့နဲ့ ဘကြီးမိုး မတည့်လေသလား။ ဒါမှမဟုတ် စစ်အစိုးရဆိုသဟာကြီးတက်လာတိုင်း အမြင်ကတ်ပြီး သည်ငနဲတော့ ထောင်ထဲပို့ထားတာ ကောင်းမှာပဲဆိုပြီး ထောင်ထဲပို့ထားတာလားမှ မသိတာ။

ဘာပဲပြောပြောဘကြီးမိုးတယောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှာ ဝိုင်းဝန်းကူညီနေသူ၊ စာနယ်ဇင်းမှာ ဆောင်းပါးတွေရေးနေရတဲ့သူဖြစ်လေတော့ မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲခင်ဗျ။ ခက်တာက အန္တရာယ်ကင်း ပရိတ်လည်း မရွတ်တတ်တော့ မလွယ်ဘူးနော်။

စစ်အစိုးရအသွင်ပြောင်း လွှတ်တော်အစိုးရ သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းငါးနှစ်မှာ စစချင်းတော့ ဟုတ်ဟုတ် နဲ့  လက်ခုပ်ဩဘာတီးခဲ့ကြရတယ်ပေါ့ခင်ဗျ။ နောက် တဖြည်းဖြည်းချင်း မဟုတ် မဟတ်တွေဘဲများများလာတာလေ။ ကြာလေ များလေ တွေ့နေရ မြင်နေရလေတော့  မီဒီယာသမားတွေ၊ ကာတွန်းဆရာတွေ အတွက်တော့ ရေးစရာ ရေးကွက်တွေက ဖောခြင်းသောခြင်းပေါ့ခင်ဗျ။

မောင်ဝဏ္ဏ ရေးဖူးတဲ့ သမိန်ပေါသွပ် ကာတွန်းတစ်ပုဒ်ပဲ ထင်ပါရဲ့။ နောက်ပြန်ပစ်လည်း ပစ်မှတ်ထိတာပဲ။ ကျွမ်းထိုးပစ်လည်း ပစ်မှတ်တော့ထိတာပဲ။ ပစ်မှတ်က ပစ်မလွဲကြီး ဖြစ်နေတာကိုး ။ ပစ်တဲ့သူက တော်လို့မဟုတ်ပါဘူး။ ပစ်တဲ့သူက တော်လို့မဟုတ်ပါဘူး ။ ပစ်မှတ်က  အဆမတန်ကြီးနေလို့ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ခင်ဗျ သမ္မတကြီး ဦးသိန်းစိန်ရဲ့  လွှတ်တော်အစိုးရရဲ့ နောက်ဆုံးနှစ်သက်တမ်း ငါးနှစ်သက်တမ်းမှာ လက်ရဲဇက်ရဲ အလုပ်ရဲဆုံးပဲခင်ဗျ။ လယ်သိမ်းယာသိမ်းတွေလည်း ဆန္ဒပြရင် အမှုဖွင့်ထောင်ချတာပဲ။ ကျောင်းသားတွေလည်း ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြမှုတွေလုပ်လာတာ ၊ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်၊ သဘောတူညီမှုတွေရပြီးနောက်မှ ရိုက်တာ၊ဖမ်းတာ၊တရားစွဲတာ လုပ်တာပဲလေ။

မီဒီယာတွေ ကိစ္စကိုကြည့်၊ စာပေစိစစ်ရေးဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကစာနယ်ဇင်းတွေ ထုတ်ဝေခွင့်၊ရေးသားခွင့်ပေးခဲ့ပါတယ်။ မီဒီယာဆိုတာ ဝေဖန်ထောက်ပြရမယ့်တာဝန်ပဲလေ။ဒါကြောင့် စတုတ္ထမဏ္ဍိုင်လို့ ဆိုမဟုတ်လား။ အခုတော့ ကျောင်းသားလည်း ကျောင်းသားမို့ အတိုက်အခံလုပ်ရင် ရိုက်၊ လယ်သမားလည်း လယ်သမားမို့ ဆန္ဒပြရင်ဖမ်းထောင်ချ ၊မီဒီယာလည်း မီဒီယာမို့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရအဆက်ဆက်မှာ မီဒီယာသမားများ တရားစွဲအခံရဆုံးခေတ်ဟာ သည်ခေတ် သည်အစိုးရရဲ့ နောက်ဆုံးနှစ်ပါပဲ။

လွှတ်တော်နဲ့ အစိုးရကလည်း တစ်မျိုးကြီးပဲခင်ဗျ။ လွှတ်တော်တို့ ၊သမ္မတတို့က မဟာရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်းဖို့ ပြောထားပြီးသား။ ရန်ကုန်တိုင်းက ခွင့်ပြန်ပြုသတဲ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို ငါတို့အုပ်ချုပ်ရတဲ့ နောက်ဆုံးနှစ်မှာ မြို့သစ်လည်းဆောက်မှာပဲ၊ရွှေတိဂုံဝန်းကျင် စီမံကိန်းလည်းလုပ်မှာပဲ၊ရနိုင်သမျှ ငါ့လူတွေ ရအောင်ယူကြလို့ လုပ်နေကြသလား မပြောတတ်ပါဘူး။

အဆုံးအဖြတ်တွေကလည်း ခုတစ်မျိုး  တော်ကြာတစ်မျိုး ပဲဟာ။

ခုနောက်ဆုံးနှစ်မှာ ငါတို့ကို အတိုက်အခံလုပ်တဲ့ လူမှန်သမျှ ကျောင်းသား၊လယ်သမား၊အလုပ်သမား၊မီဒီယာမရွေးဘူး။ သည်တော့ မီဒီယာသမားတွေအားလုံး  ဦးအောင်သိန်းတို့ ၊ဦးသိန်းသန်းဦးတို့ သိရုံနဲ့ မရဘူးခင်ဗျ။ အန္တရာယ်ကင်း ပရိတ်တွေ ဘာတွေ အမြဲရွတ်နေကြမှဖြစ်မယ်။ ဘကြီးမိုးက တော့ အန္တရာယ်ကင်းပရိတ် မရသူမို့ ရသူတွေက ဖေ့စ်ဘုတ်ကဖြစ်ဖြစ် ၊အီးမေးလ်ကဖြစ်ဖြစ် ပေးပို့ကြပါ။ အဲ အဲသည်လို ပေးပို့ရင်လည်း ဘကြီးမိုးက ဖွင့်မဖတ်တတ်တော့ ရမှာ မဟုတ်ဘူးလေ။

မီဒီယာ နှင့် ဘကြီးမိုးပါ။

ကုမုဒြာဂျာနယ် အတွဲ  ၅၊ အမှတ် ၈၊ (၂၃ ဇွန်လ ၂၀၁၅) အင်္ဂါနေ့ထုတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts