စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ

စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၅

ကျနော်ငယ်စဉ် မူလတန်းကျောင်းသားဘဝတွင် အိမ်က မုန့်ဖိုးပေးလေ့မရှိပေ။ မုန့်ဖိုးပေးလိုက်လျှင် ကိုယ့်သဘောနှင့်ကိုယ် ယင်နားစာတွေ မတည့်တာတွေဝယ်စားမှာ အစိုးရိမ်ကြီးကြသောကြောင့်ဖြစ်ပါသည်။ ထို့အတွက် ကျောင်းသွားပြီဆိုလျှင် အိမ်က စားစရာတခုခုစီစဉ်ပြီး ထည့်ပေးတတ်သည်။ တခါတလေလည်း မာလကာသီးကို ဓားနဲ့ပါးပါးလှီးပြီး သကြားဖြူးထား တာမျိုး တခါတရံ ထမင်းဗူးလေးတွင် ထမင်းနှင့်ဟင်း (သို့မဟုတ်) အီကြာကွေး စသည်တို့ဖြစ်သည်။ ကိုယ်ကလည်း ကလေး ဘဝဆိုတော့ သိပ်တော့အများကြီး မစားနိုင်ပါ။ အများဆုံးထည့်ပေးတတ်သည်က အီကြာကွေးဖြစ်သည်။ လူကြီးတွေ ဝယ်ရ တာလွယ်သလို ကိုယ်ကလည်း မမုန်းတမ်း စားလေ့ရှိသည်။ အဲဒီတုန်းကတော့ နံပြားတချပ် ဆယ်ပြားလား ပြားနှစ်ဆယ် လားပဲ ပေးရသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံပါသော တကျပ်တန် အစိမ်းလေးတွေကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြသည်။ အဲဒီလောက်ကြိုက်ခဲ့သော အီကြာကွေးဖြစ်ပါသည်။

စာဖတ်နိုင်သည့်အရွယ်ရောက်လာတော့ အီကြာကွေးဆိုသည်မှာ နာမည်ကြီး စာရေးဆရာကြီးတဦး၏ကလောင်နာမည် ဖြစ်မှန်း သိလာရသည်။

နောက် တက္ကသိုလ်တက် လက်ဖက်ရည်ဆိုင်တွေ ဘာတွေ ထိုင်နိုင်သည့်အရွယ်ရောက်တော့လည်း အီကြာကွေးမှာ မပါ မဖြစ်ပေ။ တနေ့တော့ တရုတ်သွေးပါသော သူငယ်ချင်းတယောက်က လက်ဖက်ရည်ဆိုင်တွင် အီကြာကွေးကိုကြည့်ပြီး ဒီ အီကြာကွေးမှာ သမိုင်းရှိတယ်ကွဟု ဆိုလေသည်။ ဘာသမိုင်းလည်းဆိုတော့ သူကလည်း ရေရေလည်လည် မေုပြာနိုင်။ အရာရှိဆိုး တယောက်နဲ့ပတ်သက်သလိုလိုသာ ခပ်ဝါးဝါး ပြောနိုင်သည်။

နောက်ပိုင်းကျတော့မှ စာအုပ်တွေဖတ်မိတော့ အနှီအီကြာကွေးမှာ သူပြောသလို အံ့မခန်းသမိုင်းကြောင်းရှိနေကြောင်း တွေ့ရလေတော့သည်။ သမိုင်းကြောင်းရှိတာမှ နှယ်နှယ်ရရမဟုတ်။ ဆွတ်ပျံ့ဖွယ် သံဝေဂယူဖွယ် သမိုင်းဇာတ်လမ်းလေး ရှိနေခဲ့ခြင်း ဖြစ်လေသည်။

တရုတ်ပြည် ဆွန်မင်းဆက်ခေတ်တွင် စစ်သူကြီးယွဲ့ဖေးသည် တိုင်းတပါးမှကျူးကျော်လာသူများကို ရွပ်ရွပ်ချွံချွံခုခံလေ သည်။ ထိုအခါ ပြည်သူလူထုကြားထဲတွင် စစ်သူကြီး၏ အရှိန်အဝါနှင့် အောင်မြင်မှုကြီးလာသည်ကို မရှုစိမ့်နိုင်သည့် နန်းရင်း ဝန်ကြီး ချင်ဟွေ့ (Qui Hui) ခေါ် ချင်ကွေ့က (Qin Gui) ဘုရင်ကိုကုန်းချောကာ စစ်သူကြီးကို ကွပ်မျက်စေသည်။ အရှိန် အဝါကြီးပြီး အစွမ်းကောင်းသောစစ်သူကြီး မရှိတော့သည်နှင့် ဆွန်မင်းဆက်လည်းပျက်သုန်းကာ တိုင်းပြည်လည်း သူတပါး လက်အောက် ကျရောက်သွားတော့သည်။ နောင် နှစ်ဆယ့်တစ်နှစ်အကြာမှ အမှုမှန်ပေါ်ကာ တခမ်းတနား သင်္ဂြိုဟ်သမှုပြုပြီး သူ၏ဂူသင်းင်္ချိုင်းရှေ့တွင် သူ့ကိုချောက်တွန်းခဲ့သည့် ချင်ဟွေ့နှင့်ကြံရာပါများကို ဒူးထောက်နေဟန်ရုပ်တုများ ထုလုပ်ခဲ့ သည်။ ထိုရုပ်တုများကို ပထမက ကျောက်ဖြင့်ထုလုပ်ခဲ့ရာ ရိုက်ချိုးဖျက်ဆီးကြသဖြင့် သံနှင့်သွန်းလုပ်ရသော်လည်း တံထွေး နှင့်ထွေးကြသေးသည်ဟု ဆိုသည်။ ထိုမျှအထိ စိတ်မပြေနိုင်သေးသဖြင့် ချင်ဟွေ့နှင့်သူ့ဇနီးသည်ပုံစံ အရုပ်နှစ်ခုလုပ်ပြီး ပူး ကာ ကြော်စားကြလေသည်။ နောင်နှစ်ပေါင်းအတော်ကြာသောအခါမှ အရုပ်မလုပ်တော့ပဲ ဂျုံမှုန့်ပျော့နှစ်တောင့်ကို ပူးကာ ကြော်စားကြလေသည်။ အီကြာကွေး၏ တရုတ်လိုအဓိပ္ပါယ်မှာ ဆီနှင့်ကြော်တဲ့မကောင်းဆိုးဝါးကောင်ဟူ၍ အနက်ရလေ သည်။ သံဝေဂရစရာ အီကြာကွေးသမိုင်းကြောင်းပါတကား။

မနုဿတ ဘာဝေါ ဒုလ္လဘောဆိုသည့်ရခဲလှသည့်လူ့ဘဝကြီးကိုရပြီးကာမှ ရှင်တုန်းကလည်း လူတွေမုန်း သေတာတောင်မှ အရုပ်ကို မုန့်လုပ်ပြီး ကြော်စားတာခံရသည်ဆိုတော့သိပ်မဟန်ဟု ဆိုရမည် ဖြစ်သည်။ အရင်းရှုံးသည့်လူတွေဟုလည်း ဆိုနိုင်သည်။

ထိုကဲ့သို့ မုန့်အဖြစ် ကြော်မစားခံရသော်လည်း အဲဒီလောက်နီးပါး အမုန်းခံခဲ့ရသူတွေလည်း ရှိသည်။ ရောမသမိုင်းမှ နီရိုး ဘုရင်ကို ရောမမြို့သူ မြို့သားများက စိတ်နာလှသဖြင့် သူ့နာမည်ကို သမိုင်းမှတ်တမ်းများမှဖျက်ပစ်ကြပြီး သူဆောက်လုပ်ခဲ့သည့်အဆောက်အအုံများနှင့် ရုပ်တုများကိုပါ ဖျက်ဆီးပစ်ခဲ့ကြသည်။ သူ့နာမည်ကိုပင် မမြင်ချင်ကြသောသဘော ဖြစ် သည်။

ကျနော် ရွှေတိဂုံစေတီတော်ကြီးကို အကြိမ်ပေါင်းများစွာ ဖူးမျှော်ခဲ့ဖူးရာ စေတီတော်ပေါ်ရောက်တိုင်း နေရာလေးတခုကို သတိထားကြည့်မိပါသည်။ စေတီတော်ကြီးပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည် ခေါင်ဆောင်ကြီးများအား လုပ်ကြံ မှုကို စီစဉ်ခဲ့သည့်ပုဂ္ဂိုလ်ကြီးတဦးက လှူဒါန်းခဲ့သော တန်ဆောင်းလေးနှင့်ဆင်းတုတော် ရှိပါသည်။ သူ့နာမည်လည်း ကမ္ဗည်းထိုးထားသည်ကို တွေ့ရပါသည်။ စေတီတော်ကြီး၏ အခြားနေရာများတွင် ပျားပန်းခတ်မျှ ကြည်ညို ဝတ်ပြုသူ များသော်လည်း ထိုနေရာလေးတွင် ဝတ်ပြုနေသူကို ကျနော်ဖြင့် တကြိမ်မှ မတွေ့ခဲ့ဖူးပါ။ ဘာသာရေးလေးစားသော ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးများလည်းဖြစ် ခွင့်လွှတ်တတ်သူများလည်းဖြစ်သဖြင့် အရုပ်ဆိုးသောအပြုအမူများကို မလုပ်ကြသော် လည်း ဝတ်ပြုသူလည်း မရှိသလောက်ဖြစ်သည်ကို တွေ့ရပါသည်။ ထိုနာမည် ကမ္ဗည်းထိုးထားသော စေတီတန်ဆောင်း အတွင်းသို့ ဝင်ထိုင်ဖို့တောင် စိတ်မသန့်ကြဟန် တူပါသည်။ အမှန်တော့ကျနော် ကိုယ်တိုင်လည်း ဝင်မထိုင်ခဲ့ဖူးပါ။

နာမည်တလုံးသည် ဒီမျှအထိ အရေးကြီးပေသည်တကားဟုသာ မြည်တမ်းမိပါတော့သည်။ နာမည်ပျက်ရင် ဘယ်လိုမှ သုံး လို့မရဘူးဆိုတာကတော့ သေချာပါသည်။ နာမည်ပျက်တယ်လို့တောင် မသုံးချင် နာမည်သေသွားတယ်လို့ ကျနော် သုံးချင် သည်။ ထို့ကြောင့်ပင် ဇောတိက သင်္ကန်းတိုက်တို့ ဇီဝကဆေးဆိုင်တို့ မကြာခဏမြင်ဖူးသော်လည်း ရှင်ဒေဝဒတ် စတိုးတို့ အဇာတသတ် လက်ဖက်ရည်ဆိုင်တို့ ဘယ်တုန်းကမျှ မမြင်ခဲ့ဖူးတာ ဖြစ်ပါသည်။ နာမည်က သုံးလို့မရလောက်အောင် သေ သွားခဲ့သောကြောင့် ဖြစ်ပါသည်။ နာမည်သေပြီဆိုလျှင် လူတွေ၏အမုန်းကိုပါ ရပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် လူသေ သော်လည်း နာမည်မသေပါစေနဲ့ဟု ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

ဒီလိုဆိုတော့လူတွေ၏ အမုန်းမခံရအောင် ကြိုးစားလို့တော့ ဆိုစရာရှိသည်။ ဒီမှာလည်း ကွဲပြားတာတွေ ရှိပြန်သည်။ ရှိရှိ သမျှ လူတွေအားလုံး၏ ကြိုက်နှစ်သက်ခြင်း မုန်းသူ လုံးဝမရှိခြင်းဆိုသည့်အချက်ကတော့ မဖြစ်နိုင်ပါ။ မည်မျှလောက် ကောင်းသူဖြစ်စေ မကြိုက်သူ မုန်းသူကတော့ ကျိန်းသေရှိမည်သာ ဖြစ်သည်။

မနာလိုဝန်တိုစိတ်ကြောင့်လည်းကောင်း အယူအဆချင်း မတူညီကြသောကြောင့်လည်းကောင်း သူ့အကျိုးစီးပွားကို ထိခိုက် သောကြောင့်လည်းကောင်း လူကောင်းသူကောင်းများပင်လျှင် မုန်းတီးသူများ ရှိနိုင်သည်။ ရှိနိုင်သည်တောင်မဟုတ်။ ရှိကို ရှိနေလိမ့်မည်ဖြစ်ကြောင်း သေချာပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ပင်လျှင် ကျောက်တုံးကြီးဆင်ပြီး တွန်းချခံရခြင်း ဆင်နဲ့တိုက်ခြင်း လေးသမားများကိုလွှတ်ပြီး လုပ်ကြံစေ ခြင်း အရက်သမားများကို အသပြာပေးကာ အဆဲခိုင်းခြင်း စသည်တို့ကို ခံခဲ့ရသည်။

သခင်ယေရှုသည်လည်း ထိုကဲ့သို့သော လူတစုကြောင့်ပင် ကားစင်တင်ခံခဲ့ရသည်။ ရန်ပြုခံခဲ့ရသည်။

မြန်မာပြည်သူတရပ်လုံးချစ်ခင်သော ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်ကြံခံခဲ့ရသည်။ အမေရိကန် သမ္မတကြီး အေဘရာဟမ်လင်ကွန်းတို့အကြမ်းမဖက်သော လမ်းစဉ်ဖြင့်နာမည်ကြီးသော မဟတ္တမဂန္ဒီတို့လို ပုဂ္ဂိုလ်ကြီးတွေလည်း လုပ်ကြံခံခဲ့ရသည်။

စာရေးဆရာများထဲတွင်လည်း ဆရာကြီး ရွှေဥဒေါင်းဆိုလျှင် သူ့ခေတ်က တိရိစ္ဆာန်နာမည်နှင့်စာရေးဆရာဟုပင် အပြောခံ ခဲ့ရဖူးသည်ဟု ဆိုသည်။ ဦးသိန်းဖေမြင့်ဆိုလျှင် မနက်မိုးလင်းလျှင် သွားတိုက်ဆေး သွားပွတ်တံနှင့် သွားတိုက်မိသဖြင့် ဘူဇွာဆန်သည် အရင်းရှင်ဆန်သည်ဟု အပြောခံခဲ့ရဖူးသည်ဟု ဆိုသည်။ အပြစ်တင် အပြစ်ပြောလုပ်မည့်သူကတော့မ လွတ်ရအောင် ရှာကြံပြောတတ်သောသဘောဖြစ်သည်။ ထိုကဲ့သို့အတိုက်ခိုက်ခံရသော်လည်း သူတို့၏ စာပေအနုပညာ အသိပညာများကား နောင်လာနောက်သားများအတွက် လမ်းပြရန်ကျန်နေခဲ့ပြီ ဖြစ်သည်။

တကယ့်အကျင့်စာရိတ္တ ပညာပြည့်ဝသော ပုဂ္ဂိုလ်ကျော်ကြီးများပင် မုန်းတီးသူများရှိခဲ့သည်ဆိုတော့ လူအားလုံးကြိုက် အောင်လုပ်ရန်တော့ မဖြစ်နိုင်ပေ။ နောင်လည်း ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်ပါ။ လူအများစုက ကိုယ့်ကို နှစ် သက်လက်ခံသည်ဆိုလျှင်ပင် အောင်မြင်သူဟု ဆိုနိုင်ပေပြီ။

ဒီတော့ အများနှင့်ဆက်ဆံပတ်သက်ရသော နိုင်ငံရေးသမား စာရေးဆရာ ဂီတအနုပညာရှင် စီးပွားရေးသမား စသူတို့သည် အများ၏ အသံကို အမြဲနားစွင့်ရန် လိုသည်။ အများစုက ကိုယ့်ကိုထောက်ခံသည် နှစ်သက်သည်ဆိုလျှင်ပင် ကိုယ့်လုပ်ရပ် အမှန် အမှားကို မှန်ကြည့်သလို ပြန်ကြည့်နိုင်ပြီ ဖြစ်သည်။ ကိုယ့်ကို အများစုက မကြိုက်နှစ်သက်ပဲ ကိုယ်နဲ့ပတ်သက်သူ ကိုယ့်ကျေးဇူးခံ ကျေးဇူးစားရှိသူများကသာ ထောက်ခံနေသည်ဆိုလျှင်တော့ ပြန်စဉ်းစားပေတော့။ ကိုယ်မှားနေပြီ။ အများစု ၏သဘောထားများသည် မှန်လေ့ရှိသည်။ ကိုယ့်အနီးအနားကလူတွေက ကိုယ့်ကိုညာနေတာ ဖြစ်နိုင်သည်။ ကိုယ့်အမှား ကိုယ် မပြင်နိုင်လျှင်တော့သမိုင်းအမှိုက်ပုံးထဲ အလိုအလျောက်ရောက်သွားလိမ့်မည်။

ကိုယ့်ကို အများစုကထောက်ခံပြီး ကန့်ကွက်သူ အနည်းစုဆိုလျှင်တော ရှေ့သာဆက်သွားပေတော့။ အောင်မြင်သူဟု ပြော နိုင်ပြီ။ သို့သော် ကိုယ့်ကိုမလိုလားသူတွေ၏ ဆန့်ကျင်မှုကိုတော့ သတိတော့ထားရပေမည်။ ဂရုစိုက်စရာတော့မလို သတိ တော့ထား အဲဒီလိုဖြစ်ပါသည်။

ထို့ကြောင့် လူတိုင်းအတွက် ရခဲလှသောလူ့ဘဝကြီးတွင် သေပြီးနောက်မှာပင် အကြော်ခံရသော အီကြာကွေးလိုလူ မဖြစ်စေရေးနှင့် ထိုသို့မဖြစ်စေရန်အတွက် အများစု၏ဆန္ဒသဘောထားကို နားစွင့်ရမည်။ အများစု၏နှစ်သက်မှုကို ရယူနိုင် ရန်နှင့် အနည်းစု၏ဆန့်ကျင်မှုများကိုတော့ သတိထားရန်လိုအပ်ပါကြောင်း တွေးမိပါတော့သည်။

မှီငြမ်း
– တရုတ်နိုင်ငံသွား နေ့စဉ် မှတ်စာတမ်း (ဒေါက်တာလှဘေ)
– သူတို့နှင့် ကျွန်တော် (အောင်သင်း)

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

4 thoughts on “စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ

  1. Your article is very informative and the readers (including me) can improve their general knowledge. Be honest, I did not know the back-ground story of Ee-kyar-kway. Once, I asked a Chinese friend about Ee-kyar-kway. He told me that it is pronounced “Yu-ja-gwe” in Standard Chinese (Mandarin?) and it means “dough fried in hot oil”, however, he did not tell me the back-ground story. I thank you for that information.

  2. “စံလှကြီး” ဆိုတာကုန်းဘောင်ဆင်ဖြူရှင်လက်ထက်က တရုတ်ကျူးကျော်မှု ကို အောင်မြင်စွာ တွန်းလှန်ခဲ့တဲ့ ကောင်းတုံခံတပ် ကတပ်မှူးတယောက်အမည်ပါ။ “ဗလမင်းထင်” နဲ့ “စံလှကြီး” တို့ လူသေပြီးအရိုးပါဆွေးလောက်ပြီဖြစ်ပေမဲ့ နာမည်မသေတာကတော့ တူမောင့် ကလောင်နာမည်က သက်သေပြနေပါတယ်။ သူတို့နောက်မှပေါ်တဲ့ ရတနာပုံခေတ် လက်ထက်တော်ကလေးလို့ခေါ်တဲ့ သီပေါမင်းခေတ်မှာ နာမည်ဆိုးတွင်ကျန်ရစ်တဲ့ လူရမ်းကား “ရနောင်မောင်မောင်တုတ်” ကတော့ လူရောနာမည်ပါသေသွားခဲ့ပါပြီ။ ငယ်ငယ်က ဝဝတုတ်တုတ်ကလေးမို့ မိဘက ချစ်စနိုးနဲ့ “မောင်မောင်တုတ်”လို့နာမည်ပေးလိုက်တဲ့ကလေးတွေလည်း သမိုင်းသိလာတဲ့အခါ နာမည်ပြောင်း ကြတော့တာဘဲ။

    1. ဆရာ Ko Zaw ရေ ချီးကျူးစကားအတွက် ကျေးဇူးပါနော်။ နောင်လည်း ဖတ်ရှု အားပေး အကြံပြုနိုင်ပါတယ်။
      Thank you very much for your compliment, Uncle Khin Maung Saw. Yes, it is also pornounced as Yu-ja-gwe in Chinese language. At first, I intened to write it also. But I forgot it. I think we myanmar pepole may have changed that pronunciation into Ee-kyar-kway which is more easy for our mother tongue.
      အန်ကယ် ဒေါက်တာ မောင်မောင်ကြီး ခင်ဗျာ အန်ကယ်ပြောတဲ့အတိုင်းပါပဲ။ ကျနော်က ခပ်ငယ်ငယ်တည်းက ကောင်းတုံခံတပ် တိုက်ပွဲတွေနဲ့ အဲဒီခံတပ်ကို အုပ်ချုပ်တဲ့ တပ်မှူးနှစ်ယောက် အကြောင်းကို ဖတ်ခဲ့ဖူးပါတယ်။ တရုတ်တပ်တွေက နောက်ဆုံးမှာ သူတို့ကို မြင်ချင်တယ် ဆိုလို့ မြန်မာဘက်က ပြရတာလည်း သဘောကျခဲ့ပါတယ်။ နောက်ပြီး သူတို့ဟာ ကုန်းဘောင်မင်းဆက် သုံးဆက်လုံး အမှုထမ်းခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒါနဲ့ ကလောင်နာမည် ရွေးတော့ ဒီနာမည်ကို ရွေးဖြစ်သွားပါတယ်။

Comments are closed.