ရသဆောင်းပါးစုံ သားကြီးမောင်ဇေယျ

သားကြီး မောင်ဇေယျ – ဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ

သားကြီး မောင်ဇေယျ – ဥပဒေ စစ်မြေပြင်က ခွပ်ဒေါင်းများ
(၁၀ ကြိမ်မြောက် (ဇွန် ၉၊ ၂၀၁၅) ရုံးထုတ်)
(မိုးမခ) ၂၁၊ ၂၀၁၅

‘တရာသူကြီးမင်း ခဏနေပါအုံး အရေးပေါ်ကန့်ကွက်စရာရှိတယ်’

တရားရုံးစစ်ဆေးနေတုန်း ကျယ်ကျယ်လောင်လောင်အသံတခုကြောင့် အားလုံးနောက်လှည့်ကြည့်လိုက်ကြပါတယ်။ မျက မှန်ကြီး တ၀င့်ဝင့်နဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ပါ။ သူနူတ်ခမ်းမှာ အနီရောင် ကွမ်းသွေးတွေပေလို့ ….။

ကျောင်းသားတွေကိုရိုက်တုန်းက ထက်ပိုင်းကျိုးကျန်ခဲ့တယ်လို့ တရားခံရှေ့နေ ဦးအောင်သိန်း သက်သေတင်ထာတဲ့ နံ ပါတ်ဒုတ်တချောင်းဟာ  တရားလိုရဲမှူး ရှေ့စားပွဲပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေပါတယ်။

‘ကနေ့ အမှုစစ်ဆေးတဲ့အချိန်မှာ စွပ်စွဲခံရသူမပြည့်စုံပဲ တရားသူကြီးက အမှုကိုစစ်တယ်။ အဲဒီတော့ ကျင့်ထုံး ပုဒ်မ ၅၃ အရ လူမစုံရင် စစ်လို့မရဘူး။ ရှေ့နေက ကျင့်ထုံး ပုဒ်မ ၂၀၅ အရ တာဝန်ယူပါတယ်ဆိုမှ စစ်လို့ရတာကို ဒီအတိုင်းစစ်သွားတယ်။ ဒီအတိုင်းစစ်သွားတဲ့အတွက် တရားနည်းလမ်းမကျဘူး။ တရားမျှတမှုကို ထိခိုက်စေတယ်’

ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းထောက်တွေကို ပြောပြပါတယ်။

ဒီနေ့တရားရုံးစစ်ဆေးရာမှာ မတက်ရောက်နိုင်တဲ့ အစွပ်စွဲခံရသူတွေဟာ ဘယ်သူတွေပါလဲ။ ဘာကြောင့်ပါလဲ။

‘ဟော   နောက်ဆုံးသတင်းဝင်လာတယ် ကိုခင်လှိုင်က အချုပ်ကားနဲ့သယ်လာရင်း ဆေးရုံကိုရောက်သွားတယ်။

အခြေအနေက ၀ဲဖက်ရင်ဘတ်အောင့်တယ်။ ရိုက်ခံထားရတဲ နံရိုးနေရာတွေက ပြန်အောင့်နေတယ်။ ချောင်းဆိုးရင်သွေးပါ တယ်။ အံရင်လည်း သွေးပါတယ်။ သွေးပေါင်ချိန်က မတည်ငြိမ်ဘူး၊ စကားလည်း ကောင်းကောင်းမပြောနိုင်ဘူး’

ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကလည်း တရားစွဲခံထားရတဲ့ ၀န်းရံ ကိုတင်ဝင်းဟာ တရားရုံးမှာမူးလဲပြီး ဆေးရုံတင်လိုက်ရပါသေးတယ်။

‘ကိုတင်ဝင်းက အသက်ရှူလမ်းကြောင်းမှာ အရိုက်ခံထားရတာ လယ်ပင်းကို အရိုက်ခံထား၇တာ။ အခုတင်ပဆုံရိုးက အရိုး နဲ့ အစားထိုးရတယ်။ ဦးခေါင်းပိုင်းမှာ ထိခိုက်ထားတာတွေရှိတယ်။ ဆက်ခွဲရဦးမယ်။ ထောင်မှာ ဆေးဝါးကုသဖို့ လုံလောက်မှု မရှိဘူး “

ဦးရောဘတ်စန်းအောင်က သတင်းထောက်တွေကို ကိုတင်ဝင်းကျန်းမာရေးအခြေအနေကို ဆက်ပြောပါတယ်။

သူတို့နှစ်ယောက်လုံးဟာ မတ်လ ၁၀ ရက်နေ့က အရိုက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် ခုလိုဖြစ်ရတာလို့ ခန်းမှန်းရပါတယ်။

‘ခေါင်းအရိုက်ခံထားရတဲ့ သူ ၁၆ ယောက်လောက် ဒီအထဲမှာ ကျန်သေးတယ်။ ဒါပေမယ့် ထောင်ဆေးရုံက လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးလို့ ဒီအခြေနေကိုရောက်နေရတာ။ ကျနော်က နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို ပြောချင်တာက အိပ်မ နေပါနဲ့။ ကျနော်တို့လူတွေ ဒုက္ခရောက်နေပါတယ်။ ထောင်ကို ၀င်စစ်ဆေးပေးပါ။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ၀င်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းမှာ ဒဏ်ရာရထားသူတွေ တော်တော်များများရှိတယ်’

သပိတ်မှောက်ကျောင်းသားတွေကို ရဲအဖွဲ့ ကခုလို ရိုက်နှက်ခွင့်ရှိပါသလား။

ဥပဒေက ရိုက်ခွင့်ပေးခိုင်းတာမဟုတ်ဘူး၊ လူစုခွဲ ခိုင်းထားတာ။ သူတို့က ရိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို ရိုက်နှက်ခွင့်မရှိပဲ ဘာကြောင့် ခုလို ရိုက်နှက်ရသလဲဆိုတဲ့မေးခွန်းဟာ အများသူငါ ကြား ထဲမှာ မေးခွန်းထုတ်စရာတခုဖြစ်နေပါတယ်။

မှတ်မှတ်ရရပါပဲ။ DVB သတင်းထောက် ကိုဖိုးကျော်နဲ့ ကိုကောင်းထက်ကျော်တို့က နေ့လည် ၁၂း၀၀ မှာ တကြိမ်၊ ညနေ ၂း ၀၀ မှာ တကြိမ် တရားရုံးကနေ တိုက်ရိုက်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

ပညာရေးတောင်းဆိုမှုဟာ အာဏာတောင်းဆိုမှုမဟုတ်ဘူး။ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ထိုင်ခုံကို တောင်းဆိုတာမဟုတ်ဘူး။ သူတို့တောင်းနေတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ နိမ့်ကျနေတဲ့ ပညာရေးကိုမြှင့်တင်ပေးဖို့တောင်းတာ။

အဲဒီနေ့က တရားရုံးကို  မနက်စောစောပိုင်းကတည်းက ကြွလာတဲ့ ရွှေည၀ါ ဆရာတော်က မိန့်ပါတယ်။

ကျောင်းသားတွေ နိုင်ငံရေးမှာ ပါဝင်သင့်သလားဆိုတာနဲ့ပတ်သက်လို့လည်း ဆရာတော်က ခုလိုမိန့်ကြားပါတယ်။

ကျောင်းသားမပါတဲ့ နိုင်ငံရေး နိုင်ငံရေးမပါတဲ့ ကျောင်းသားဟာ အသက်မ၀င်ဘူး။

ကျောင်းသားတွေ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့်ဆိုတာ အမြဲတန်းလိုလို ငြင်းခုန်နေရတဲ့ ပြသနာတခုပါ။ သေချာတာက မြန်မာ့နိုင်ငံရေးဦးဆောင်မှုမှာ ကျောင်းသားတွေပါဝင်လာတာကို လူထုကထောက်ခံခဲ့တာ သမိုင်းအဆက်ဆက်ပါ။ ဒီလို ကျောင်းသားတွေ နိုင်ငံရေးဦးဆောင်ခဲ့တာကြောင့် လွပ်လပ်ရေးရခဲ့သလို ဒီနေ့ စစ်ကျွန်ဘ၀က လွတ်မြောက်ရေးတိုက်ပွဲ တွေဟာလည်း အရှိန်အဟုန်မြင့်တက်ခဲ့ရတာပါ။ နိုင်ငံရေးအဖွဲ့အစည်းတွေ အာဏာရရှိရေး ကြိုးပမ်းနေလို့ ပြည်သူတွေနဲ့ ကင်းကွာနေချိန်မှာ ကျောင်းသားတွေဟာ ပြည်သူတွေနဲ့ လက်ချင်းချိတ် ရပ်တည်လေ့ရှိတယ်လို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ်။

ဒီမိုကရေစီပညာရေးသပိတ်ကို နိုင်ငံရေးအဖွဲ့အစည်းတွေက ခတ်ရှောင်ရှောင် လုပ်နေချိန်မှာပဲ အမေရိကန်ရောက်မြန်မာ တွေက ပြည်သူ့ဂုဏ်ရည်ဆုကို ကျောင်းသားသပိတ်ခေါင်းဆောင် မဖြိုးဖြိုးအောင်ကို ပေးအပ်လိုက်ကြပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရတယ်ဆိုတာဟာ ကျောင်းသားထုတရပ်လုံးကို အင်မတန်ကြီးမားတဲ့ ဂုဏ်ပြုမှုပါ။ ကျောင်းသားထု တရပ်လုံးရဲ့ အမျိုးသားပညာရေး ဂုဏ်ပြုမှုလည်းဖြစ်သလို ဥပဒေရဲ့ ရှေ့နောက်မညီညွတ်မှု၊ ကမောက်ကမဖြစ်မှုကို ပြင် ဆင်ဖို့ကြိုးစားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာပါ။

လို့ကျောင်သားမိဘတယောက်က ပြောပါတယ်။

ဒီဗွီဘီသတင်းထောက် မခင်မင်းဇော်နဲ့ မဖြိုးဖြိုးအောင်တို့အင်တာဗျူးရာမှာ

မဖြိုးဖြိုးအောင်က

ဒီဆုကိုချီမြှင့်ခံထားရတာက ဗကသများအဖွဲ့ချုပ်ကို ကိုယ်စားပြုချီးမြှင့်ခံရတယ်လို ကျမနေနဲ့ယူဆပါတယ်။

လက်ရှိအနေအထားမှာလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ ပညာရေးဟာ အရေးကြီးတဲ့အခန်းက ပါဝင်ပါတယ်။ ပြည်တွင်းကပြည်သူတွေ ပြည်ပက ပြည်သူတွေက ပညာရေးပြုပြင်ပြောင်းလဲရေးဟာ အရေးကြီးတယ်လို့ လက်ခံသလို လက်ရှိပညာရေးသပိတ်ကိုလည်း ထောက်ခံကြတယ်ဆိုတာ ဒီဆုပေးတာကို ကြည့်ရင်သိနိုင်ပါတယ် လို့ သွက်သွက်လက် လက် ချက်ချက်ချာချာ ပြောပါတယ်။

ဒီဗွီဘီသတင်းထောက် မခင်မင်းဇော်ဟာ တချိန်က ဗကသကျောင်းသူတယောက်ဖြစ်ခဲ့တာမို့ မဖြိုးဖြိုးအောင်နဲ့ တွေ့ဆုံမေး မြန်းခန်း ရိုက်ကူးရာမှာ သတင်းထောက်တယောက်နဲ့ ကျောင်းသားခေါင်းဆောင်တယောက် အပြန်အလှန်မေးမြန်းနေပုံထက် ညီအမနှစ်ယောက် မမျှော်လင့်ပဲတွေ့ရလို့ အားရ ကျေနပ်ဂုဏ်ယူတဲ့အမူအရာတွေ ပိုမိုပေါ်လွင်နေပါတယ်။

အဲဒီနေ့က တရားရုံးကို စောစောနားပါတယ်။

နေရောင်ကွယ်ပျောက်စပြုနေပါပြီ။ မခင်မင်းဇော်နဲ့ ကျောင်းသားမိခင် ဒေါ်လဲ့လဲ့မိုး တို့တွေ့ဆုံမေးမြန်းခန်းကို မိုးထဲလေထဲ မှာပဲ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

အပြန်လမ်း  မိုးတဖွဲဖွဲအောက်မှာ သာယာဝတီထောင်ထွက် နိုင်ကျဉ်းဟောင်း ကားဆရာကိုဝင်းကိုဟာ ကားကို သတိနဲ့ ဖြေးဖြေးမောင်းနေပါတယ်။ ကျနော်ရယ်၊ ကိုရန်နိုင်ရယ်၊ မခင်မင်းဇော်ရယ်၊ ကိုဉာဏ်ကြီးရယ်။ နိုင်ကျဉ်းဟောင်း တယောက် ရယ် အမှောင်ခေတ်က ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောလာကြပါတယ်။

လမ်းတ၀က်လောက်ရောက်တော့ လဖက်ရည်ဆိုင်တဆိုင်ဝင်ပြီး မနက်စာ တိုဟူးသုတ်နဲ့ ထမင်းစားကြပါတယ်။ ဒကာက တော့ မခင်မင်းဇော်ပါ။

ရန်ကုန်ဝင်တော့ ည ၈ နာရီ ရှိနေပါပြီ။ တာမွေ အောင်မင်္ဂလာလမ်းက တည်းအိမ်မှာ မခင်မင်းဇော်ကို အရင်ပို့ခဲ့ပါတယ်။ ကျနော်တို့ ရှိစုမဲ့စု ထောင်တန် ခပ်ကျေကျေကလေးတွေ၊ ငါးရာတန်ခပ်နွမ်းနွမ်းကလေးတွေကို စုပြီး ကားဆရာကို ပေးပါ တယ်။ သူ့ကလည်း ရဲဘော်ချင်းကူညီတတ်သူမို့ ကျေကျေနပ်နပ်လက်ခံပါတယ်။

အခက်အခဲတွေကြားမှာ ရဲဘော်များနဲ့ ခရီးရှည်သွားရတာ ကျေနပ်စရာပါ။

သပိတ်မှောက်ကျောင်းသားတွေလည်း ကျနော်တို့လို အရွယ်ရလာတဲ့အခါ ခရီးရှည်သွားရမယ့် ရဲဘော်တွေရှိနေပါပြီ။

သားကြီးမောင်ဇေယျ
ဇွန် ၁၈၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts