သတင်းဆောင်းပါး

ဇာနီကြီး – ၂၀၁၅ မဲပေးပိုင်ခွင့်စာရင်း အံသြမိန်းမောသွားခြင်း

ဇာနီကြီး – ၂၀၁၅ မဲပေးပိုင်ခွင့်စာရင်း အံသြမိန်းမောသွားခြင်း

(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅

သတင်းစာထဲမှာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အရပ်ဖက် အဖွဲ့အစည်းများအား NLD ဖိတ်ခေါ် ဆိုတဲ့ သတင်းကို ပြူးနေအောင် ဖတ်မိလိုက်ပါတယ်။  ၂၀၁၅ မဲပေးပွဲကြီး ရောက်လာတော့မယ်။ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒပေးဖို့ ရပ်ကွက်၊ မြို့နယ် လ.ဝ.က မှာ အိမ်ထောင်စုစာရင်း ရှိသူများ အားလုံးမဲပေးခွင့်ရပါတယ်။ ထုံးစံအတိုင်း ၂၅%လောက်ကတော့ မဲလာ မပေးကြပါဘူး။ ခရီးလွန်နေလို့၊ နိုင်ငံခြားသွားနေလို့ စတဲ့အကြောင်းပြချက်တွေနဲ့  ဒါပေမဲ့ ရှိတဲ့လူတွေကပဲ မဲပေးကြတယ်။ ၂၀၁၀ တုန်းက ကြိုတင်မဲတွေ ယူထားပြီး ကြံခိုင်ရေးက အနိုင်ရသွားခဲ့တယ်။ ၂၀၁၁ မှာတော့ တရားမျှတစွာ ရွေးကောက်ပွဲဖြစ်လို့  မဲဆန္ဒအားလုံးနီးပါး ၄၃နယ် NLD နိုင်ပြီး၊ တစ်နေရာပဲ ရှုံးသွားတယ်လို့ ဆိုပါတယ်။

အခု ၂၀၁၅ မဲပေးပွဲကို ပြန်လည်ဆန်းစစ်ရင် ထုံးစံအတိုင်း မဲလာမပေးနိုင်သူများစွာ ရှိဦးမှာပါ။ NLD အနိုင်ရရှိဖို့သေချာသလောက် ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို  မြို့နယ်၊ ရပ်ကွက်၊ ခရိုင်၊ ပြည်နယ်တိုင်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတွေနဲ့ အုပ်ချုပ်နေပါတယ်။ မဲနိုင်တဲ့ လွှတ်တော်အမတ်ဆိုတာ ဘာမှလုပ်ပိုင်ခွင့်မရှိ။ ကိုယ့်နယ်ကို လုံးဝအုပ်ချုပ်ခွင့်လုံးဝမပေးတဲ့ ဖွဲစည်းပုံဖြစ်ပါတယ်။ ဒါကိုကြည့်နေစရာမလိုပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ထောက်ခံသူတိုင်း မဲပေးပြီး၊ အပြတ်အသတ် ၂၀၁၁ တုန်းကလို နိုင်ရဖို့အဓိကဖြစ်ပါတယ်။

 စာရေးသူ မှတ်ပုံတင်ပျောက်ဆုံး၊ အသစ်လုပ်ခြင်း

မကြာသေးမီအချိန်က မှတ်ပုံတင်ပျောက်သွားလို့ မြို့နယ် လ.ဝ.က ရုံးကို သွားခဲ့ပါတယ်။ လ.ဝ.က ရုံးတခါးထိပ်မှာတော့ အဝေးကမြင်နိုင်တဲ့ ဆိုင်းဘုတ်တင်ထားပါတယ်။ “တံစိုးလက်ဆောင်ပေးရန်မလို”  စာလုံးကိုကြည့်ပြီး ဘယ်လိုဖြစ်မှန်မသိ၊ ကိုယ့်မှတ်ပုံတင်အသစ်ရဖို့ လေးစားစွာချဉ်းကပ်ရပါတယ်။

ထုံးစံအတိုင်း ရပ်ကွက်တာဝန်ခံရဲ့အိမ်ကို ညမှာသွားပေးလိုက်ရင် ရတယ်ဆိုပေမဲ့၊ ကိုယ်တွေ့သိချင်လို့ လ.ဝ.က ရုံး ကိုယ်တိုင်လာခဲ့တယ်။ ကိုယ့်ရပ်ကွက်တာဝန်ခံက လူအေးဆေး ဆိုတော့ လောလောဆယ် စီမံကိန်းနဲ့ မှတ်ပုံတင် အခမဲ့နီးပါး လုပ်ပေးနေချိန်လဲဖြစ်နေလို့ အခက်ခဲမရှိပါဘူး။

ရံပုံငွေ ဘယ်လောက်ပေးမလဲ ..ဆိုပြီး ပထမလူကိုမေးတယ်။ ကျပ်တစ်ထောင်ဆိုရသလား ပြန်မေးတော့ ကျပ်တစ်ထောင်တန် အစိမ်းကိုယူပြီး စာအိတ်အလွတ်ထဲထည့်တယ်။ မှတ်ပုံတင်မြို့နယ်လူကြီးအခန်းကို လာ လိုက်ခဲ့ ဆိုပြီးခေါ်သွားတယ်။ လူကြီးကို ပြောပြပြီး ဆိုင်းထိုးခိုင်းတယ်။ ပထမလူ ရှေ့မှာပဲ ခုန စာအိတ်ထဲထည့်ထားတဲ့ အစိမ်းကျပ်တစ်ထောင် ပေးလိုက်တယ်။ မှတ်ပုံတင်အသစ်ရလာတယ်။ တနာရီတောင်မကြာပါဘူး။ ပွင့်လင်းမြင်သာစွာ လုပ်ပေးနေတဲ့ကာလ အားရှိစရာပါ။ နယ်မြို့မှာမို့လို ကျပ်တစ်ထောင်နဲ့ လုပ်ပေးတာ။ ရပ်ကွက်ထောက်ခံစာ ရံပုံငွေ ကျပ်တစ်ထောင်၊ ရဲစခန်းထောက်ခံစာ ရံပုံငွေ ကျပ်တစ်ထောင် သွားလုပ်ရင်း ပေးလိုက်ရတယ်။ နယ်မြို့ဆိုတော့ မော်တော်ဆိုင်ကယ်လေးနဲ့ ရွှတ်ဆိုမောင်းသွားပြီး ထောက်ခံစာယူလိုက်ရုံပေါ့။

နယ်မြို့၊ စီးပွားသိပ်မရှိတဲ့မြို့မို့အဆင်ပြေတယ်။ ရန်ကုန်ဆိုရင်တော့ ကျပ်သောင်း၊ သိန်း ကုန်ကျရုံတင်မကဘူး၊ ချက်ချင်းလဲမရဘူး။ ချက်ချင်းလိုချင်ရင် သိန်းနဲ့ချီပေးရမှာပါ။

ပုံစံ-၁၀  (ပုံစံ ၆၆/၆) အသစ်လုပ်ခြင်း

ကိုယ့်အလှည့်ကျတော့ မှတ်ပုံတင်ပျောက်သွားလို့ အသစ်လဲမယ်ဖို့၊ လိုအပ်တဲ့ ဖောင်ပေါ်မှာ ရပ်ကွက်ထောက်ခံစာ၊ ရဲထောက်ခံစာ၊ လက်မှတ်ထိုးပြီးသားဆိုတော့ အိုကေပါတယ်။ ခုန ပထမလူလိုပဲ မှတ်ပုံတင်အနီရောင်ကဒ်လေးထုတ်၊ အချက်လက်တွေရေးပြီး မြို့နယ်ဦးစီးမှုးဆီခေါ်သွား ကျပ်တစ်ထောင်ပေး၊ ပြီးသွားမယ်ထင်ခဲ့တယ်။ ပြသနာကြီးတစ်ခု ပေါ်လာတယ်။

စာရင်းစာအုပ် စာမျက်နှာ တစ်ရာကျော် ၅မိနစ်လောက် လှန်ပြီး “

ဦးဇာနီ နာမည်လိုက်ရှာတာ မတွေ့ဘူး။  ထင်တဲ့အတိုင်းပဲ … ခင်ဗျားတို့နာမည်မပါဘူး… သန်းကောင်စာရင်းတုန်းက ခင်ဗျားတို့ အိမ်မှာကိုယ်တိုင်ရှိသလား” မေးတယ်။

“ကျွန်တော်တို့ မိသားစုက ရန်ကုန်မှာဆိုတော့ သန်းကောင်စာရင်းစစ်တုန်းက မလာနိုင်ခဲ့ဘူး” လို့ဖြေလိုက်ရတယ်။

“ကဲဗျာ .. ဦးစီးမှုးဆီ သွားမယ်။ ဦးစီးမှုးက ပုံစံ(၁၀) ပြန်လုပ်ဖို့လိုရင်တော့ လုပ်လိုက်ပေါ့ဗျာ .. လာသွားမယ် ပြောပြီးခေါ်သွားတယ်။ ခင်ဗျား ပုံစံတဆယ် မူရင်းရှိသလား ..မေးတယ်။ ကိုယ့်ရဲ့ ပုံစံ(၁၀) လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ ကိုလည်း အတူယူသွားတယ်။

မြို့နယ်ဦးစီးမှုးကတော့ လုပ်နေကြလူဖြစ်လို့ ပုံစံ ၆၆/၆ အဟောင်းကိုမြင်တာနဲ့ တခါတည်း ဒီပုံစံက အကြုံးမဝင်တော့ဘူး။ ခင်ဗျားတို့ မဲစာရင်းထဲမှာ မပါဘူး။ ဒါကြောင့် ဒီပုံစံ ၆၆/၆ အသစ်ပြန်လုပ်ပေးမယ်။ ပြီးမှ မှတ်ပုံတင်အသစ်လုပ်ပေးမယ် ပြောလို့ ပုံစံ ၆၆/၆ ကို ကိုယ့်ရပ်ကွက်လူကြီးဆီ အမြန်ပြေး ကျပ်တစ်ထောင်ပေးပြီး ထောက်ခံစာသွားယူလိုက်ရတယ်။ မြို့နယ်ရုံးကို ပြန်လာတော့ ပုံစံ ၆၆/၆ (ပုံစံ-၁၀)  အသစ်၊ မှတ်ပုံတင်အသစ်  ၁၅မိနစ်အတွင် လုပ်ပြီးသွားပါတယ်။ ထိုက်သင့်တဲ့ ရံပုံငွေတော့ ပေးလိုက်ပါတယ်။ ဘယ်လောက်လဲလို့ သွားမေးရင် ကြည့်ပေးပါလို့ ပြောတယ်။ နိုင်ငံခြားက လာလုပ်တာမှန်းသိသွားရင်တော့ ရိတ်ကြောပေါ့။ နိုင်ငံခြားက ပြန်လာလုပ်ရင်လဲ ရန်ကုန်မှာနေတယ်လို့ ခပ်တည်တည်ပြောမှ ရံပုံငွေ ပေးရသက်သာမှာပါ။

အံသြမိန်းမောသွားခြင်း

အခုလို အိမ်ထောင်စုစာရင်း အသစ်လုပ်မထားရင် မဲစာရင်းထဲမပါအောင် လုပ်ထားခြင်းကို အံ့သြမိန်းမော မိပါတယ်။ မိတ်ဆွေ အစိုးရအရာရှိကြီူးတစ်ဦး ပြောစကားကို ကြားယောင်မိပါတယ်။ ငါတို့က အပေါ်စီးက ကြည့်တော့ စာကွက်၊ ဝါးကွက်တွေ သူများထက်ပိုမြင်တယ်။ အရေးကြီးတဲ့ လိုင်စင်၊ပါမစ်လောက်ပဲ ခရိုင်ရုံး၊ မြို့နယ်ရုံး ဌာနမှုးတွေကိုတောင် အသိမပေးပဲ ချပေးလိုက်ရင် ဘယ်သူမှမသိတော့ဘူး။ အဲ.. ၁၅၀၀ ဆင်းကဒ်၊ မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ ကားစာအုပ်၊ စက်ရုံအလုပ်ရုံ စစ်ဆေးခြင်း၊ ရဲ၊ ရှေ့နေ၊ အိမ်ခြံမြေ ရောင်းဝယ်၊ ငှားရမ်း၊ အခွန်ကောက် စတဲ့အသေးစားအလုပ် တွေတော့ အောက်ကလူတွေ လုပ်စားပါစေပေါ့ ..လို့ပြောပါတယ်။ တရားမျှတစွာ လုပ်ဆောင်နေတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်စုစာရင်း အသစ်လျှောက်မထားရင်၊ မရှိရင် မဲပေးခွင့်မရဘူး  …ဆိုတဲ့ ကန့်သတ်ချက်ကိုတော့ စာရေးသူ အခုမှ အံ့သြမိန်းမောစွာ သိရှိလိုက်ရပါတယ်။

မြန်မာနိုင်ငံလူဦးရေ

သန်းကောင်စာရင်းက လက်တွေကောက်ချိန်မှာ ကိုယ့်မှတ်ပုံတင်ရှိတဲ့ အရပ်ကိုပြန်ဖို့မဖြစ်နိုင်မှုများကြောင့် မှန်းခြေ မြန်မာလူဦးရေ သန်း၆၀ စာရင်းဇယားအရအဖွဲ့အစည်းအသီးသီးက ခန့်မှန်းထားပါတယ်။ တကယ်လဲ လူဦးရေ သန်း၆၀လောက် မြန်မာလူမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ်ကောက်တော့ ၅၂သန်းပဲ ဖြစ်သွားပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတော့ ကိုယ့်နေရပ်ကို ပြန်လာသတင်းမပို့သူများကြောင့် ဖြစ်ပါတယ်။

ဘယ်လိုလူများ ကိုယ့်မှတ်ပုံတင် ရပ်ရွာဒေသပြန်မလာနိုင်သလဲဆိုတော့

၁။ မသိနားမလည်သော မြန်မာလူမျိုးများ

၂။ မြန်မာပြည်တွင်းနေထိုင်ပြီး ကိုယ့်မှတ်ပုံတင်အရပ်ဒေသ ပြန်မလာနိုင်သူများ

၃။ ပြည်ပ (သို့မဟုတ်) သူပုန်ဘဝ ရောက်နေသူများ

(၃)မျိုးခွဲခြားနိုင်ပါတယ်။

ပထမ အမျိုး – မသိနားမလည်သော မြန်မာလူမျိုးများကို အခု အစိုးရက စီမံကိန်းချပြီး လက်ရှိကိုယ်နေထိုင်တဲ့နေရာမှပဲ မှတ်ပုံတင်တွေ လုပ်ပေးနေပါတယ်။ မှတ်ပုံတင် ဒေသနှစ်ခုမှာ နံပါတ်ရှိနေသူများစွာ ရှိပါတယ်။ ဒါကြောင့် တစ်ခုကို ဖျက်သိမ်းပစ်ဖို့ ပုံစံ ၆၆/၆ အသစ်ပြန်လုပ်ခိုင်းရတာပါ။ နယ်မြို့သွားတဲ့ ဘတ်စကားကို လ.ဝ.က ဒါမှမဟုတ် သက်ဆိုင်ရာ ရဲ၊ အာဏာပိုင်များက တစ်ယောက်ချင်းစစ်ဆေးရင် ၅၀% လူတစ်ဝက်လောက်က မှတ်ပုံတင်မရှိတာ အံ့သြမိန်းမောဘွယ် တွေ့ရပါလိမ့်မယ်။ အများစုက ရပ်ကွက်လူကြီးထောက်ခံစာနဲ့ ခရီးသွားကြတယ်။

ဒုတိယအမျိုး မှတ်ပုံတင်ရှိသူများကတော့ အများစုပါ။

တတိယအမျိုး ပြည်ပရောက်နေသူ၊ လက်နက်ကိုင်သူပုန်ဖြစ်နေသူများကတော့ စုစုပေါင်း မရှိဘူးဆိုရင်တောင် ၆သန်းအထက် ရှိနိုင်ပါတယ်။

NLD ထောက်ခံမဲရရှိရေး

နံပါတ်(၁)၊ (၂) မြန်မာလူမျိုးများကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုမဲပေးကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ တွေဝေလူမျိုးတွေကတော့ ကြံ့ခိုင်ရေးကို မဲပေးမယ်။ ဒေသခံတိုင်းရင်းသားများကတော့ ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးပါမယ်။

အခုဖြစ်နေတာက (၆)သန်းကျော်ရှိတဲ့ ပြည်ပရောက်နေသူ၊ လက်နက်ကိုင်သူပုန်နယ်မြေရောက်နေသူများအတွက် ဘယ်လိုစီစဉ်မလဲ ဆိုတာဖြစ်ပါတယ်။ အထက်ပါ ပုံစံ-၁၀ (ပုံစံ ၆၆/၆) အသစ်လုပ်ထားမှုကို ကြည့်ရင် လူမြောက်များစွာ မဲပေးပိုင်ခွင့်မရှိ ဖြစ်သွားပါပြီ။ ကြံခိုင်ရေးပါတီ နဲ့ ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှုတို့က လ.ဝ.က နဲ့ပူးပေါင်းပြီး သူတို့လူများကို ပုံစံ-၁၀ အသစ်လုပ်ပေးပြီးသွားပါပြီ။

၆သန်းကျော်တဲ့ နံပါတ်(၃) မဲဆန္ဒပေးနိုင်သူအုပ်စုကြီးက အလွန်များပြားပါတယ်။ တစ်ပြည်လုံး ၅၂သန်းနဲ့ပဲတွက်ရင် အသက်ပြည် မဲပေးနိုင်သူ သန်း၃၀လောက် ရှိပါတယ်။ ၆သန်းဆိုတာ ၂၀% အလွန်များပြားတဲ့ အုပ်စုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထောက်ခံသူများ ၂၀၁၅ ဆန္ဒမဲပေးပွဲကို အနိုင်ရဖို့ မဲစာရင်းဝင်ဖြစ်အောင် ပုံစံ ၆၆/၆ ကို အသစ်ပြန်လုပ်ကြဖို့ (ဒါမှမဟုတ်) မြန်မာနိုင်ငံသားတိုင်း မဲပေးခွင့်ရတဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် တိုက်တွန်းလိုက်ပါတယ်။

ဇာနီကြီး  ၁၉-ဇွန်-၂၀၁၅

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇာနီကြီး – ၂၀၁၅ မဲပေးပိုင်ခွင့်စာရင်း အံသြမိန်းမောသွားခြင်း
  1. သတင်းထူး​ပေါ့​နော်​။အချိန်​တိုအတွင်းလုပ်​​တော့ခံရအုံးမယ်​​ပေါ့​နော်​။ကျေးဇူးတင်​ပါတယ်

Comments are closed.