သတင်းဆောင်းပါး

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး (၃)

Photo / telegraph.co.uk

 

မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး (၃)
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၅

(ဂ) မြန်မာ့အပြောင်းအလဲများ
၁။ ပါတီစုံ

၂၀၀၈ ခြေဥအား အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပလိုက်သည်မှစ၍ မြန်မာပြည်တွင် အပြောင်းအလဲတခု စသည်။ အတိုက်အခံပါတီများ တိုင်းရင်းသားပါတီများပါလာသည်။ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပေါ်လာသည်။ ယခင် စစ်ဗိုလ်များ နှင့်ဆက်ဆံပြီး တသံသာကြားခဲ့သော တရုတ်တို့ အသံပေါင်းစုံကြားလာရတော့သည်။

သို့သော် တရုတ်တို့ လိုက်လျောညီထွေသည့် အပြောင်းအလဲပြုသည်။ ပါတီပေါင်းစုံ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံနှင့် ဆက်ဆံရေးကို လျင်မြန်စွာစတင်လိုက်သည်။ ထို့ပြင် စာပေ ယဉ်ကျေးမှု အနုပညာနယ်ပယ်အသီးသီးနှင့်လည်း တိုးတက် ဆက်ဆံလာသည်။

၂။ မြစ်ဆုံစီမံကိန်း
ဦးသိန်းစိန်အစိုးရတက်လာပြီး သိပ်မကြာမှီ ပြည်သူလူထု၏ဆန္ဒအရဆိုကာ မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက တဖက်သတ်
ရပ်ဆိုင်းလိုက်သည်။ ဦးသိန်းစိန်၏ သမတသက်တမ်းအတွင်း လုံးဝရပ်ဆိုင်းထားမည်ဟု ဆိုလိုက်သည်။

တရုတ်တို့ မှင်သက်သွားသည်။ တသက်လုံး လုပ်ချင်ရာလုပ်လာသည့် မြန်မာစစ်ခေါင်းဆောင်များက ပြည်သူ့ဆန္ဒ အ ကြောင်းပြချက်ဖြင့် ပိတ်လိုက်ခြင်းအပေါ် သူတို့အငိုက်မိသွားသည်။ ဗိုလ်သန်းရွှေနှင့် ဗိုလ်မောင်အေးမှအပ ကျန်စစ်ခေါင်း ဆောင်များ ဆက်လက်ပါဝင်သော အသွင်ပြောင်းအရပ်သားအစိုးရက မြစ်ဆုံစီမံကိန်းအပေါ်သဘောထားပြောင်း လဲလိုက် ခြင်းသည် မယုံနိုင်အောင်ဖြစ်သွားပုံရသည်။

မြစ်ဆုံကိစ္စ တရုတ် တုန့်ပြန်ကြိုးစားသေးသော်လည်းမရတော့။ ယမန်နှစ်က တရုတ်ကုမ္ပဏီမှ တရားစွဲမည်ဟု အသံထွက် လာသော်လည်း မြန်မာအစိုးရမှ တရားစွဲမှုကို ရင်ဆိုင်သွားမည်ဟုကြေငြာပြီးနောက် တရုတ်တို့ အသံတိတ်သွားသည်။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး မည်သည့်သဘောတူညီချက်များပါသည်ကို အများပြည်သူသိခွင့်မရ၍ သုံးသပ်ရန်ခက်ခဲ သည်။ သို့သော် MOU ခေါ် နားလည်မှုစာချွန်လွှာအဆင့်တွင် တရုတ်တို့ လုပ်ငန်းစလိုက်ပုံရသည်ဟုဆိုကြသည်။ ထို့ကြောင့် လုပ်ငန်းရပ်ခွင့်မြန်မာဖက်တွင် အသာရှိပုံရသည်။

မြစ်ဆုံကိစ္စရပ်တန့်သွားခြင်းသည် အမှန်တကယ်ပြည်သူဆန္ဒလေးစား၍လော သို့မဟုတ် စာချုပ်နှင့်ပတ်သက်ပြီး နောက် ဆက်တွဲ အပေးအယူမတည့်၍လော သို့မဟုတ် နိုင်ငံရေးကစားကွက်တခုလော အမျိုးမျိုး ပြောဆိုသုံးသပ်မှုရှိနေသော်လည်းးလက်တွေ့တွင် အရှိုက်ထိသော ထိုးနှက်ချက်တခု ဖြစ်သွားသည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် ပေါင်း၍ တရုတ်စီးပွား ရေးသမားများထင်တိုင်းကြဲခဲ့သော ခေတ်တခေတ်အတွက် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်သွားခဲ့သည်။

၃။ မြန်မာစစ်ခေါင်းဆောင်များ ရုန်းထွက်ချင်သလော

၁၉၈၈ အရေးအခင်းအပြီး အမေရိကန်နှင့် အနောက်၏ပိတ်ဆို့မှုအောက်တွင် မြန်မာစစ်အစိုးရသည် တရုတ်ကို နိုင်ငံရေး စစ်ရေး စီးပွားရေးဘက်စုံက အမှီပြုလာခဲ့ရသည်။ တရုတ်ကလည်း UN တွင် ဗီတို တဒိုင်းဒိုင်းသုံးပေးပြီး မြန်မာကိုကာကွယ်ပေး ခဲ့သလို နယ်စပ်ကုန်သွယ်ရေးဖွင့်ပေးပြီး မြန်မာတို့၏ နေ့စဉ်လူမှုဘဝကို ပြေလည်စေခဲ့သည်။ တဖက်မှလည်း မြန်မာ့သယံဇာ တများမှလည်းကောင်းမြန်မာပြည်အား စစ်လက်နက်ပစ္စည်းမျိုးစုံရောင်း၍လည်းကောင်း ပြန်လည်စီးပွားရှာခဲ့သည်။

ဤသို့ တရုတ်တနိုင်ငံတည်းအား မှီခိုရပ်တည်လာရသော မြန်မာစစ်ခေါင်းဆောင်များသည် ရေရှည်တွင် တရုတ်၏ မောက်
မာမှု အပေါ်စီးမှဆက်ဆံမှု တင်စီးမှုများကို ခံလာရသောကြောင် တရုတ်တပြည်ထဲ အားကိုးသည့်အခြေအနေမှ ဖေါက်ထွက် ရန်၂၀၁၀ အပြောင်းအလဲနှင့်အတူ စတင်ကြိုးစားလာပုံရသည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။ မိမိရပ်တည် နိုင်ရေးတခုတည်းသာကြည့်ခဲ့ပြီး နိုင်ငံတခုတည်းသာ အားပြုရပ်တည်ခဲ့သော မြန်မာစစ်ခေါင်းဆောင်များအား ထိုနိုင်ငံမှ လေးစားမှုမရှိသည် အပေါ်စီးမှဆက်ဆံသည်ဆိုသည်များမှာ အံ့သြစရာမရှိပေ။ ထိုအခြေအနေမှ သူတို့ရုန်းထွက်ချင် သည်မှာလည်း သဘာဝကျသည်ဟုပင် ဆိုရပေမည်။ တရုတ်တို့ကလည်း မြန်မာစစ်ခေါင်းဆောင်များ၏ သဘောထားနှင့် ခြေလှမ်းကို သတိပြုမိပုံရသည်။

၎။ ခြေချင်းလိမ်လာသော အနောက်
နှစ်၂၀ ခန့် တရုတ်တို့ချည်း ကျင်လည်လာသော မြန်မာပြည်တွင် ၂၀၁၀ နောက်မှစ၍ အမေရိကန် ဂျပန်နှင့် အနောက်အုပ်စုမှ သံတမန်များ ခြေချင်းလိမ်နေသည်ကိုတွေ့ရသည်။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အဝင်အထွက်များလာသည်။ အမေရိ ကန်သမတ အိုဘားမားဆိုလျှင် နှစ်ကျော့ပြန်လာ၍ သူတို့၏ မြန်မာပေါ်သဘောထားနှင့် မျှော်လင့်ချက်ကို ဖေါ်ပြခဲ့သည်။ ထို့ပြင် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း အနောက်အုပ်စု ထိပ်သီးနိုင်ငံများက တခမ်းတ နား ကြိုဆိုဧည့်ခံကြသည်။

ထို့ပြင် အနောက်မှ အရပ်ဖက်အဖွဲ့အစည်းများစွာလည်း ဝင်ရောက်လာခဲ့ရာ တရုတ်တို့ ခံတွင်းမတွေ့လှသော ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးဆိုသည်မှာလည်း မြန်မာပြည်တွင် ရေပန်းစားလာတော့သည်။ တိန်အန်မင်နှင့်ပတ်သက်ပြီးနောက် လူအခွင့်အရေးသံမကြားချင်သော တရုတ်တို့အဖို့ စိတ်မသက်သာဖွယ်အခြေအနေများ ဖြစ်တော့သည်။

မြန်မာသည် တရုတ်အတွက် မဟာဗျူဟာကျသည်ဟု တရုတ်တို့ဝန်ခံခဲ့ပြီဖြစ်သည်။ မိုင်ထောင်ချီသော နယ်နမိတ် ဆက်စပ် နေသည်။ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်လည်းဖြစ်သည်။ တရုတ်အတွက် မြန်မာသည် နိုင်ငံရေး စစ်ရေး စီးပွါးရေး အရ မဟာဗျူဟာကျသည်။ တရုတ်တို့၏ မဟာဗျူဟာကျသော မြန်မာပြည်တွင် အနောက်အုပ်စုမှ ပြိုင်ဘက်များ ခြေချင်းလိမ်နေ သောအခါ တရုတ်တို့အဖို့ မျက်စေ့ထဲ သဲဝင်သလိုဖြစ်တော့သည်။

မဆလ ခေတ်တလျောက်လုံး မြန်မာ့စီးပွါးရေးတွင်နေရာယူထားသော ဂျပန်၏နေရာတွင် နဝတတခေတ်လုံး တရုတ်မှနေ ရာယူထားရာ တရုတ်တို့အနေနှင့် ထိုအဆင့်အတန်းမှ လျှောမကျဘို့လိုသည်။

မည်သို့ပင်ဖြစ်စေ ယခင်ကာလများကဲ့ သြဇာခံနိုင်ငံ ဆက်ဆံရေးကာလများ ကုန်ဆုံးသွားပြီ။ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုမချစ်တောင်မှ အောင့်ကာနမ်းရတော့မည်။ နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများကပါ လက်ခံနိုင်သည့် တန်းတူညီမျှသည့်
အပြန်အလှန်လေးစားသည့် အပြန်အလှန် အကျိုးရှိသည့် ဆက်ဆံရေးတရပ် မြန်မာနှင့်ပြန်လည်ထူထောင်ဖို့ ဖြစ်လာပေပြီ။ အနောက်ပြိုင်ဘက်များနှင့်အတူ မြန်မာ့ကွင်းအတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ပေသည်။

၅။ ဖက်ဒရယ်နှင့်တရုတ်
၂၀၀၈ ခြေဥအရ တိုင်းရင်းသားဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ဆွေးနွေးပွဲများတွင် ဖက်ဒရယ်အကြောင်း ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးလျက်ရှိသည်။ တိုင်းရင်းသားများက ဖက်ဒရယ် တောင်းသည်။ အစိုးရကလည်း သဘောတူသည်ဟု ဆိုသည်။ နှစ်ဖက်နားလည်သောဖက်ဒရယ်ခြင်းတူပုံမရ။ လက်တွေ့တွင် ဗဟိုချုပ်ကိုင်မှု မည်မျှလျော့ချပေးမည်မသိရသေး။

သို့သော် တိုင်းရင်းသားပြသနာနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးသာကျင့်သုံးခဲ့သော တရုတ်တို့အတွက် ဖက်ဒရယ် သည် ကသိကအောက်ဖြစ်စရာ အနည်းငယ်တော့ရှိသည်။ သူ့တွင်လည်း မွန်ဂို တိဘက် စင်းကျန်းတို့ကဲ့သို့ ပြသနာရှင်းနေရ သော လူမျိုးများ ဒေသများ ရှိသည်။ သို့သော်မြန်မာပြည်နှင့်ဆက်နေသော ယူနန်ပြည်နယ်တွင်းရှိ တိုင်းရင်းသားကိုယ်ပိုင်အုပ် ချုပ်ရေးဒေသများ၌ ပြသနာကြီးကြီးမားမားမရှိဘဲ အောင်မြင်မှုရနေသည်။ ထို့ကြောင့် မြန်မာပြည်က ဘယ်ပုံစံကျင့်သုံး သည်ဖြစ်စေ ယူနန်ပြည်နယ်တွင်းသို့ ကြီးကြီးမားမား သက်ရောက်စရာမရှိဟု ယူဆရသည်။

သူ့အတွက် တခုတော့ကြိုပြင်စရာတော့ရှိသည်။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့အစည်းများ တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားရန်သာ လိုပေသည်။ တကယ် တော့ ဆက်လည်း ဆက်ဆံထားပြီးဖြစ်သည်။

၆။ မြန်မာအစိုးရနှင့် မှန်တန်းဆက်ဆံရေး
မြန်မာအခြေအနေ မည်သို့ ပြောင်းလဲသည်ဖြစ်စေ တရုတ်တို့အနေနှင့် အစိုးရချင်းဆက်ဆံရေးကို လျော့မချ။ အစိုးရဌာန အချင်းချင်းဆက်ဆံရေး အစိုးရဝန်ထမ်းများ လေ့ကျင့်သင်ကြားရေး အစိုးရဌာနအချင်းချင်း အကူအညီပေးရေး အစီအစဉ်များ စသည်တို့ကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဤသို့လုပ်ဆောင်မှုသည် မြန်မာအသွင်ပြောင်းစစ်အစိုးရအား ထောက်ခံအားပေးရန်ဆိုသည်ကို အဓိကထားပုံမရတော့ပေ။

မြန်မာပြည်တွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ အစိုးရချင်းဆက်ဆံရေး အစိုးရယန္တယားချင်း ဆက်ဆံရေးကို ပုံမပျက်
ကောင်းမွန်စွာ ထားရှိနိုင်ရန် ရည်ရွယ်ပုံရပေသည်။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး (၃)
  1. အလွန်စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တွေပါ။ ကျေးဇူးတင်ပါတယ်။
    – တရုပ်ပြည်ရဲ့ စီးပွားရေးမဟာဗြူးဟာ ရေနံ၊ဓါတ်ငွေ ပိုက်လိုင်းနဲ့ရထားလမ်း စီမံကိန်းက အလွန်အရေးပါလှပါတယ်။ ဒါမျိုးအခွင့်အရေး ယူနန်ပြည်နယ်ကနေ ဟိုး ဗီယက်နမ်ဘက်ကို ဖောက်ခွင့်မရပါဘူး။ တောင်တရုပ်ပင်လယ်အထွက်ကို ယူနန်ပြည်နယ် Yunna Province က ဗီယက်နမ်ကိုဖြက်သွားခွင့်မရတော့ တခြားတရုပ်ပြည်နယ်တခု Guangxi Province ကနေထွက်ရပါတယ်။ အခုမြန်မာပြည်ကို ဖောက်သွားခွင့်ရပေမဲ့ မြန်မာအစိုးရက ရထားလမ်းဖောက်ခွင့်ကို ရပ်ဆိုင်းထားပါတယ်။
    – အမေရိကန်ရေနံကုမဏီတွေ စင်ကာပူကျွန်းမှာ ရေနံချက်စက်၊ ရေနံလှောင်ရုံကြီးတွေ တည်ဆောက်ထားလို့ အမေရိကန်အစိုးရ လေယာဉ်တင်သင်္ဘောကြီးနဲ့ဖျက်သင်္ဘော၈စင်း အုပ်စုကြီး စင်ကာပူနဲ့ ၆မိုင်အကွာမှာ အချိန်မရွေးသွားလာခွင့်ရထားပါတယ်။ အိမ်နီးခြင်း မလေးရှား၊ အင်ဒိုနီးရှားတို့လည်း ခွင့်ပြုထားရပါတယ်။ အလားတူ ရေနံဓါတ်ငွေလိုင်းကြီး အပြည့်ဝအလုပ်လုပ်လာရင် တရုပ်စစ်တပ်ကြီး ဒီရထားလမ်းမှာ နေရာဝင်လာပါတော့မယ်။ သူတို့ပိုင်ပစ္စည်းကို ကာကွယ်ခွင့်ရှိတယ်မဟုတ်ပါလား။
    – တရုပ်က ကိုးကန့်ရှမ်းနဲ့ ဝ တိုင်းရင်းသားတပ်တွေကို သြဇာရှိပြီး၊ မြန်မာအစိုးရတပ်တွေ လာရောက်တိုက်ခိုက်ချေမှုန်းတာ လုံးဝလက်ခံမှာမဟုတ်ပါ။ ကချင်သူပုန်တွေတောင် တရုပ်စစ်တပ်မပါပဲ မြန်မာအစိုးရတပ်တွေ မနိုင်ဘူးဖြစ်နေပါတယ်။
    – လောလောဆယ်တော့ တရုပ်ပြည်ထဲ မြန်မာလက်နက်ကြီးတွေကျလို့ ဆိုပြီး တရုပ်စစ်တပ်ကြီး ယူနန်-မြန်မာနယ်စပ် ရောက်လာ၊ စစ်ရေးလေ့ကျင့် အင်အားပြနေပါတယ်။
    ဘာပဲဖြစ်ပါစေ.. တရုပ်ဝိသမ လောဘသမားတွေ မြန်မာပြည်တွင်းမှာ ထင်တိုင်းကြဲ မတရားစာချုပ်တွေ ရပ်တံ့ရမဲ့အချိန်ရောက်နေပါပြီ။ ဘိန်း၊ နံပါတ်ဖိုး ကူသန်းသူ ခေါင်းဆောင်တဲ့ အေရှားဝေါ ထိပ်ပိုင်းခေါင်းဆောင်များ နှုတ်ထွက်သွားရင် (ဒါမှမဟုတ်) ကုမဏီနာမည်ပြောင်းသွားရင် တရုပ်-မြန်မာစီးပွားရေး လမ်းမှန်ကိုရောက်လာမှာဖြစ်ပါတယ်။ ဇာနီကြီး

Comments are closed.