ဖိုးထက် သရော်စာ

ဖိုးထက် – အိပ်မက်ထဲက အဆိုကျော်

ဖိုးထက် – အိပ်မက်ထဲက အဆိုကျော်
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၅

“ဟောဒီက ပဲပြုတ်”

မနက်ခင်း စောစောစီးစီး အိပ်ကောင်းနေစဉ်မှာ လမ်းပေါ်က ပဲပြုတ်သည်၏ အော်သံကို ကြားတိုင်း မသူဇာက စောင်ခေါင်းမြီး ထခြုံသည်။ ကိုသောင်းမြင့်ကတော့ သူ့မိန်းမ မသူဇာလို မဟုတ်။ အဆိုပါ ပဲပြုတ်သည်၏ မာစတာကီးမှီသော အော်သံကြီးကို မကြားရတော့သည်အထိ စွဲစွဲလန်းလန်း နားစွန့်ရင်း အိပ်ယာထဲမှာ အပျင်းကြီးနေတတ်သည်။

ကိုသောင်းမြင့်က ဂီတ အနုပညာနဲ့ မဝေးသောသူ။ လူပျိုဘ၀ မသူဇာနှင့် မရခင်က သူတို့ ဘော်ဒါတွေ အပျော်သဘော ဖွဲ့ထားသည့် တီးဝိုင်းလေးမှာ ဘေ့စ်ဂစ်တာတီးသည်။ ရက်သမ်ခေါက်သည်။ တီးဝိုင်း ဆိုကြတော့မယ်၊ တိုက်ကြတော့မယ်ဆိုလျှင် မာစတာကီး ချိန်ကြသည်။ E ကီးလို့လဲ တစ်ချို့က ခေါ်ကြသည်။ သက်ဆိုင်ရာ instrument တွေကို မာစတာကီး E ကီးနဲ့ ချိန်သည်။ အဆိုရှင်က ထိုမာစတာကီးကိုမမှီမှသာ ကီးချိန်းတီးသည်။ ကီးချိန်းတယ်ဆိုတာကလဲ instrument တွေကို ထပ်မချိန်တော့ဘဲ ကီးချိန်းတီးပေးလိုက်ကြသည်။ ဆိုလိုတာက E ကီးကို G ကီး၊ C ကီး လောက် ပြောင်းကာ တီးလိုက်ကြသည်။ ဆိုသူလဲ အဆင်ပြေ၊ တီးကြသူတွေလဲ အဆင်ပြေ။

ကိုသောင်းမြင့်တို့ကတော့ အပျော်သဘော၊ ၀ါသနာ သဘောဆိုတော့ သိပ်ပြီး လေးလေးနက်နက် ထားတာ မဟုတ်။ သို့သော်လည်း ဂီတအခြေခံလောက်ကိုတော့ နားလည်သည်။ ဘယ်သံလား၊ ညာသံလား၊ အလယ်သံလား။ ကိုတိုးကြီးခေါ် အဆိုတော်ကြီး ခင်မောင်တိုးကြတော့ ဘယ်သံ။ မျိုးကြီးတို့ကြတော့ ညာသံ။ ဒီလောက်ထိ သိနေတော့ သီချင်းဆိုလျှင် ကြိုက်ဘဲ ကြိုက်တတ်ပြီး သိပ်နားမလည်သော မသူဇာကို ဆရာကြီး လုပ်လို့ လုံလောက်နေပြီ။

တမြန်မနေ့က တီဗွီ အစီအစဉ် တစ်ခုကို မသူဇာနှင့် ကိုသောင်းမြင့်တို့ အတူတူထိုင်ကြည့်ကြရင်း နိုင်ငံကျော် အဆိုတော် အမျိုးသမီး၏ ကိုယ့်ထမင်း ကိုယ်စားပြီး လူသောက်မြင်ကတ်အောင် ပြောသွား ဖြေသွားတာတွေကို တွေ့လိုက်၊ ကြားလိုက်ကြ၏။ မသူဇာကတော့ မိန်းမချင်းမို့ သက်သက်သာသာ ဝေဖန်သည်။ “ဟယ် ဒီကောင်မလေးနှယ်ဟယ် အနုပညာရှင်ဖြစ်ပြီး စကားပြောတာ သိပ်ပြီး proud ဖြစ်တာဘဲ။ သူတို့ ဘုရားတောင် အဝေဖန်ခံရသေးတာဘဲ။ သူ့ကို ဝေဖန်တာနဲ့ ဒီလိုကြီး ပြန်ပြောစရာလား” ဟု ပြောသည်။

အသွင်မတူ အိမ်သူ မဖြစ်ဆိုသည့် စကားသည် တစ်ခါတစ်ရံ အလွန်မှားပါသည်။ ကိုသောင်းမြင့် နှင့် မသူဇာတို့ နှစ်ဦးကား အသွင်မတူ၊ သဘောမညီတာက များသည်။ အခုလဲ ကိုသောင်းမြင့်က အဆိုတော် အမျိုးသမီးဘက်က ရပ်တည်သည်။ အားပေးသည်။ ကောင်းတယ်။ ပြောပြစ်။ မှန်တာ ပြောတာဘဲဟု အားပေးသည်။ သူ့ဘာသာ စိတ်ထဲက အားပေးတာ ဘာပြဿနာမှ ဖြစ်စရာ အကြောင်းမရှိ။ မနောကံကို သတိမကပ်ဘဲ ၀စီကံ ပြောင်းသောအခါ မသူဇာနှင့် ထိပ်တိုက်တိုးလေတော့သည်။

“ကိုသောင်း..ရှင့်ကို ကျွန်မပြောအုံးမယ်။ ကျွန်မက အဲဒီအဆိုတော်ကို တိုက်ခိုက်တဲ့ သူတွေကို မှန်တယ်လို့ ပြောနေတာ မဟုတ်ဘူး။ အနုပညာရှင်ဆိုတာ ပြည်သူလူထု ပရိတ်သတ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အောင်မြင်ကျော်ကြားလာရတာ။ ပုထုဇဉ်သဘောအရ ကိုယ့်ကို အားပေးသူ၊ တော်တယ်၊ တတ်တယ်လို့ ပြောသူကို ကျေနပ်မှာဘဲ။ ကိုယ့်ကိုယ် တိုက်ခိုက်သူဆိုရင် ပြန်ပြီး တိုက်ခိုက်မှာဘဲ။ ဒါ သဘာဝ။ ဒါပေမယ့် အနုပညာရှင်ဆိုတာ ဒီလို လုပ်လို့မရဘူး။ ကိုယ့်ကို စော်ကား၊ မော်ကား တိုက်ခိုက်ရင်တောင် အလိမ္မာနဲ့ ရှောင်ထွက်နိုင်ရမယ်။ ချိုချိုသာသာ ပြန်ပြောရမယ်။ ဒါမှ ပရိတ်သတ်ကို တကယ်လေးစားတဲ့ အနုပညာရှင်၊ ကျပ်ပြည့်တဲ့ အနုပညာရှင်ဖြစ်မှာ။ အခုတော့ ပြန်ပြောလိုက်တာများ လမ်းဘေးက မိန်းကလေးလိုဘဲ။ ကျွန်မက ဒါကို ပြောချင်တာ။ ဒါကို ရှင်က ဘာမှ အားပေးနေစရာ အကြောင်းမရှိဘူး။ အနုပညာရှင်ဆိုတာ သူများထက် ပိုပြီး အနေအထိုင်၊ အပြောအဆို ဆင်ကို ဆင်ချင်ရမှာ” ဟု ပြန်ပက်လေတော့သည်။

“စကားနည်း ရန်စဲ။ ငါ့ဘာသာ အားပေးတာတောင် လွတ်လွတ်လပ်လပ် အားပေးလို့ မရဘူး။ ဒီမိန်းမနဲ့ ပြိုင်တုဖက် ပြောနေလဲ အာရပ်တွေနဲ့ အစ္စရေး ပြဿနာထက် ပိုရှည်ကြာသွားနိုင်တယ်။ ပြန်မပြောတာဘဲ ကောင်းတယ်” ဟု ၀စီပိတ်အကျင့်ကို ကိုသောင်းမြင့် ကျင့်လိုက်သည်။ မသူဇာက သူ့လင်တော်မောင် ဘာများ ပြန်ပြောလေမလဲဟု ခဏစောင့်ကြည့်သည်။ ဘာအသံမှ ပြန်ကြားသံ မကြားရတော့ သူ့ဘာသာ မီးဖိုချောင်ဖက် ထသွားပြီး အိမ်မှု ကိစ္စများ ပြုနေလိုက်တော့သည်။

ကိုသောင်းမြင့်က ထို အဆိုတော် အမျိုးသမီးကို သိပ်ကြိုက်သည်။ နာမည်နဲ့ အသားအရည် မလိုက်ဖက်ပေမယ့် အသံကောင်းလွန်းသည့် သူ့ကို ငှက်သာဆိုလျှင် ဖမ်းချုပ်ပြီး လှောင်အိမ်ထဲ ထည့်၊ အမြဲ တေးသီနေအောင် ထားချင်သည်။ နောက်ပြီး ဆိုပုံ၊ ဆိုဟန် Style ကို ကြိုက်သည်။ မှောက်လျက် သီချင်းဆိုသည်။ လေးဘက်ထောက် သီချင်းဆိုသည်။ ပက်လက်လှန် သီချင်းဆိုသည်။ ဘေးတစောင်း သီချင်းဆိုသည်။ တစ်ခါတစ်ရံ ခြေတစ်ဖက်၊ လက်တစ်ဖက်ဘဲ ၀သုန်ဒ္ဒြရေ ကမ္ဘာမြေကြီးနှင့် ထိကာ သီချင်းဆိုသည်။ ဒါတွေကို ခိုက်သည်။ တော်ရုံ တန်ရုံ ဇနဲ့တော့ သူ့လို ဘယ်အဆိုတော်များ ဆိုနိုင်မှာလဲလို့ အားပေးသည်။

သူ့ဘာသာ သူများ သီချင်း ကော်ပီ ဆိုတယ် ပြောပြော မူရင်း အဆိုရှင် ဆလင်းဒီယွန်ဆိုသည့် အဘွားကြီးတွေ ထက်တောင် ကြိုက်သေးသည်။ ဂစ်တာ အခြေခံလောက် နားလည်သူပီပီ နှစ်ဘား၊ သုံးဘားလောက်အထိ အသံကို ဆွဲတင် ဆိုနိုင်သည့် သူ့ကို ချီးကျူးလို့ မဆုံး။ ညနက်သန်းခေါင် လူခြေတိတ်ချိန် မီးသတ်ကား ဥသြဆွဲသလို အသံ သြ သြကြီးကို ထပ်ခါ ထပ်ခါ နားထောင်သည်။ နောက်ပြီး ထိုအဆိုတော်၏ အင်္ဂလိပ် အသံထွက်ကို ကြည်ညိုလို့ကို မဆုံး။ တကယ့် နေးတစ်စပီကာတွေလို ကောင်းလိုက်သည့် အသံထွက်။ ပါတီကို ဖာထီလို့ အသံထွက်တာများ ကြိုက်လွန်းလို့ အတုခိုးပြီး လ္ဘက်ရည်ဆိုင်မှာ “ဂျဖာထီ” တစ်ပွဲဟု သွားမှာလို့ စားပွဲထိုး ကောင်လေးနှင့် စကားများရသေးသည်။ ဒီလောက်တောင် အသဲစွဲ ကြိုက်ရသူဖြစ်သည်။

ကိုသောင်းမြင့် ဒီအဆိုတော်ကို အကြိုက်ဆုံးက ၀တ်စား ဆင်ယင်ပုံ။ ခိုက်သည်။ အတော် ခိုက်သည်။ ကြိုက်သည်။ အတော် ကြိုက်သည်။ အလွန် ဖက်ရှင် အမြင်ရှိသော သူလို့ ထင်သည်။ အရောင်တွေရွေးချယ်တာများ “အသားမည်း အရဲဆင်” ဆိုသည့် မြန်မာစကားကို အနှုတ်လက္ခဏာမှ အပေါင်းလက္ခဏာ ဆောင်စေသော သူလို့ မြင်သည်။ ကိုသောင်းမြင့် တူတစ်ကောင် အလွန်ကြိုက်သည့် Star War ထဲက ဂြိုဟ်သားခေါင်းဆောင်ကြီး ၀တ်သလို နောက်က ပန်းဝတ်ဖတ်ကြီး ထောင်ဝတ်ထားသလို ၀တ်တာများ မြန်မာပြည်မှာ လမ်းသစ်ဖောက်တဲ့ သူလို့ မြင်သည်။ လမ်းသစ်ဖောက်သူ။ အတွေးသစ်တွေးသူ။

သူဒီလောက် ခိုက်၊ ကြိုက်သော အဆိုတော် ကို မသူဇာက အနုပညာရှင်ဆိုတာ ပရိတ်သတ်ကို လေးစားရတယ်။ နှိမ်ချတဲ့ စကား မပြောရဘူး။ ပရိတ်သတ်မှားနေစေအုံးတော့ အဲဒီလောက် နှိမ်ချိုး မပြောရဘူးဟု ပါမောက္ခလေသံနှင့် ဝေဖန်တော့ အားမတန်လို့ မာန်လျှော့လိုက်ရသော်လည်း နည်းနည်းမှ ကျေနပ်တာ မဟုတ်။

လူဆိုတာ မျိုးက မိမိ မကျေနပ်တာကို နှုတ်က သော်လည်းကောင်း၊ အမူအရာဖြင့်သော်လည်းကောင်း တစ်ခုခုနှင့်တော့ ပြသလိုက်ရမှ စားဝင်၊ အိပ်ပျော်သည့် သတ္တ၀ါ။ အခု သူ့မကျေနပ်ချက်တွေကို နှုတ်ကလဲ မပြောလိုက်ရ၊ အမူအရာလဲ မပြလိုက်ရ ဖြစ်ခဲ့သည့် ကိုသောင်းမြင့် တစ်ယောက် သူ့ရင်ထဲမှာ အစိုင်အခဲကြီးက ကြီးထွားလာသည်။ ပွင့်အံထွက်ချင်လာသည်။ ထို့ကြောင့် ထိုညက ကိုသောင်းမြင့် အိပ်ပျော်တော့ အိပ်မက် မက်ပြန်သည်။

အိပ်မက်ထဲမှာ သူ့မိန်းမ သူဇာက ဘာမှန်းကို မသိရသည့် ဂြိုဟ်သား အ၀တ်အစား ဒီဇိုင်းကြီးနှင့် ပက်လက်လှန်လိုက်၊ လေးဘက်ထောက်လိုက်၊ ကင်းမြီးကောက် ထောင်လိုက်ဖြင့် သီချင်း ဆိုသည်တဲ့။ ဆိုတဲ့ သီချင်းကို ကိုသောင်းမြင့် မသိသော်လည်း အသံက မီးသတ်ကား  ဥသြဆွဲတာလို့ဘဲ ကြားသည်။

ကိုသောင်းမြင့်တစ်ယောက် သူ့မိန်းမကို ဒီတစ်ခေါက်လောက် ဘယ်သော အခါမှ မစွဲလန်း၊ မနှစ်သက်ဘူးခဲ့။ ဘာဆိုလို့ ဆိုမှန်း မသိသော အသံသြ သြကြီးကို နားထောင်လို့ ကောင်းဆဲမှာ သူ့နားရွက်ကို အဆိုတော် မသူဇာက ကင်းမြီးကောက်ထောင်ပြီး ခြေမနှင့် ခြေညှိုး ညှပ်ကာ သူ့နားရွက်ကို လာဆွဲသတဲ့။

တကယ်ကျတော့ အပြင်ကမ္ဘာမှာ ဘယ်မှာ မီးလောင်မှန်း မသိလို့ မီးသတ်ကားတွေ အိမ်ရှေ့က ဥသြစွဲကာ အပြင်းမောင်းသွားကြခြင်းဖြစ်သည်။ ပြီးတော့ မသူဇာက ဒီလောက် အသဲတုန်လှုပ်ဖွယ် အခြေအနေမှာမှ ပြုံးတော်မူကာ အိပ်မက် ယောင်နေသော သူ့ယောင်္ကျားကို စိတ်မရှည်တော့ဘဲ နားရွက်ဆွဲလိမ်ကာ အိပ်နေရာက နိုးလာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပေတော့သည်။

ဖိုးထက်

Photo Credit – http://returntofleet.com/2012/12/08/fun-comic-book-album-cover-parodies-by-uwe-de-witt/joker-lady-gaga-comic-book-album-cover-parody-by-uwe-dewitt/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts