ခင်လွန်း လူများ၊ ရုပ်ပုံလွှာများ

ခင်လွန်း – ကိုထက်မိုး (ခ) အိုးဝေဇော်ရဲ့ ပြန်ကျမိုးများ ဆယ်နှစ်အလွန်

ဓာတ်ပုံ – ရဲဘော်ထက်မိုး (ရှေ့ဆုံးတန်း အကျီင်္ အပြာကွက်ဝတ်ဆင်ထား)
ကို ၂၀၀၁ ခုနှစ်က ထိုင်းမြန်မာနယ်စပ် တနေရာတွင်ပြုလုပ်သော အခမ်းအနားတခု၌ နိုင်ငံရေးနယ်ပယ်အသီးသီးမှ
လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့ရစဉ်။

 ခင်လွန်း – ကိုထက်မိုး (ခ) အိုးဝေဇော်ရဲ့ ပြန်ကျမိုးများ ဆယ်နှစ်အလွန်

(မိုးမခ) ဇွန် ၁၈၊ ၂၀၁၅

ကျနော့် ဘ၀မှာ သမရိုးကျခင်မင်တွယ်တာရာ မိတ်ဆွေသူငယ်ချင်း ညီရင်းအကို မောင် ရင်းနှမလို နေခဲ့ကြသူတွေလည်းများလှ သလို ကျနော့် စိတ်နှလုံးသားက ပိုမိုလေးနက် ခိုင်ကျည်တဲ့စိတ်နဲ့ အလေးအမြတ်ပြုမိသူတွေကတော့ စာပေအနုပညာ ချစ်မြတ်နိုးမှု နဲ့ လောကအမြင် ဘ၀အမြင်၊ ပြီး တော့ ခေတ်ကတောင်းဆိုနေတဲ့ လိုအပ်ချက်တွေအပေါ် ကိုယ်ယုံကြည် ချက်ရှိတဲ့အတိုင်း၊ ကိုယ် လုပ်နိုင်စွမ်းရှိသမျှတာဝန်ယူကာ ဘ၀ကိုပုံပေး စွန့်လွှတ်အနစ်နာခံတတ်သူမျိုးတွေ ပေးဆပ်သွား သူတွေချည်းဖြစ်ပါတယ်။ အထူးသဖြင့် ခေတ်ဆိုးစနစ်ဆိုးကြီးကို ကိုယ်နိုင်ရာစွမ်းရာနဲ့ တွန်းလှန် ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေကိုပေါ့။

ဒီအထဲမှာ ကျနော်နဲ့ ၁၉၈၈ မတိုင်မီကတည်းက စာပေလောက ကဗျာလောကမှာ ရင်းနှီးခဲ့ကြရပြီး ၈-လေးလုံးဒ်ီမိုကရေစီအရေးတော်ပုံကြီးမှာ တက်ကြွလှုပ်ရှားခဲ့သူ၊ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ အမှုဆောင်နဲ့ ဗကသအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ကိုထက်မိုးလည်း ပါပါတယ်။

သူက ၈၉ မှာ ပုဒ်မ (၅)နဲ့ ထောင် (၃)နှစ်ကျခဲ့ပါတယ်။ ၉၃ မှာ ထောင်ကလွတ်ပြီးတဲ့ ဗကသ အဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းတဲ့အခါ ခေါင်းဆောင်ပိုင်းမှာပါခဲ့လို့ စစ်ထောက်လှမ်းရေးတွေ အိမ်ကို ၀င် ရောက်ရှာဖွေခံရတဲ့အတွက် တော်လှန်ရေးနယ်မြေကိုရောက်သွားခဲ့ပါတယ်။ အဲဒီ့တုန်းကတော့ ကျနော်စာပေလောကမှာပဲ တ၀ဲဝဲလည်နေတုန်းပေါ့။


ကိုထက်မိုး၏ ပြန်ကျမိုးများ (ဓာတ်ပုံမျှဝေသူ ခင်လွန်း)

ကျနော်တို့ပြန်ဆုံတော့ ထိုင်းဘက်ကမ်းမှာပါ၊ ကျနော်က တော်လှန်ရေးသတင်းစာတစောင်မှာ တာဝန်ယူထားတုန်း ပြန်တွေ့ကြတာပါ။ ကိုထက်မိုးကိုပြန်တွေ့တဲ့အခါ ကျနော့်မှာ အားမာန်လည်း တက်ရ၊ ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်ရပါတယ်။ သူက ကျောင်းသားတပ်မတော်မှာ ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင်နေချိန်ပေါ့။

သူနဲ့ပြန်ဆုံကြတယ်ဆိုပေမယ့်လည်း အမြဲတစေတွေ့ကြရတာတော့မဟုတ်ပါဘူး။ သူက တော်လှန် ရေးတာဝန်တွေအရ ရန်သူနဲ့အနီးဆုံးစစ်မြေပြင်တွေမှာ နေရတာများပါတယ်။ တခါတခါများမှာ သူ့ ဆီက လူကြုံနဲ့ရောက်လာတတ်တဲ့ သူ့ကဗျာလေးတွေ၊ တခါတခါ သူအချိန်ရတဲ့အခိုက် ၈ လေး လုံး အထွေထွေသပိတ်တိုက်ပွဲကြီးဆင်နွှဲနေစဉ်က အတွေ့အကြုံ တွေ ကို ဆောင်းပါးပုံသဏ္ဍန်နဲ့ ရေး ထားတာတွေ ကျနော်တာဝန်ယူနေရတဲ့ သတင်းစာစာမျက်နှာပေါ် ဖော်ပြပေးလို့ပေါ့။

တခါသားမှာတော့ သူတို့မိသားစုလေးရှိရာ ဒုက္ခသည်စခန်းထဲကို ကျနော်တို့သတင်းစာအဖွဲ့လည်း သွားပြီးနေဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက တောင်ပေါ်နဲ့တောင်အောက် မတ်စောက် စောက်ကြီးဖြစ်နေတဲ့နေရာကနေ သူဟာ ကျနော်တို့လိုအပ်မယ့်သစ်ဝါးတွေကိုထမ်းပိုးရင်း တက် လာနေတာကိုမြင်ရတဲ့အခါ ရန်ကုန်မြို့လည်စာပေလောကမှာ ကဗျာဆရာတယောက်အသွင်နဲ့ ကျွမ်းဝင်ရင်းနှီးခဲ့ရတဲ့သူအဖြစ် ဆက်စပ်လို့မရနိုင်လောက်အောင် သူက တကယ့်ပီဘိ သံမဏိ သားကျကျ တော်လှန်စစ်သည်ကြီးအသွင်ဖြစ်နေတဲ့ပုံရိပ်ကို ကျနော်မမေ့နိုင်ပါဘူး။

အဲဒီ့နောက်မှာတော့ ကျနော်တို့နှစ်ယောက်ဟာ တနေရာဆီ ကွဲသွားပြန်ပါရော။

မှတ်မှတ်ရရ သူ့ သားငယ်လေး ထက်မိုးတင်မွေးပြီးနောက်ပိုင်း သူ့ကိုပြန်ဆုံကြပြန်တဲ့အခါ ဒုက္ခသည်စခန်းလို အရာ ရာ မပြည့်မစုံတဲ့နေရာမှာ မွေးဖွားလာတဲ့သားလေးက ရောဂါဘယနဲ့ မကင်းပြန်တော့ ပိုလီယိုလို ဆန်ဆန် အရိုးပျော့ လေးဖြစ်နေရတဲ့အပေါ် သူ့ခံစားမှု က တော်တော်လေး စိတ်မသက်မသာစရာ ရှိ လှပါတယ်။

သာမာန်နေမှုထိုင်မှုဘ၀ အခြားမိသားစုတွေထဲက ဖခင်တဦးလို သူ့သားလေးအပေါ် အကောင်းဆုံး အပြည့်စုံဆုံးတွေကို မဖန်တီးပေးနိုင်ခဲ့တဲ့ တော်လှန်ရေးသမား ကဗျာဆရာတယောက်ရဲ့မျက်နှာ ဟာ တခါတရံနွမ်းလျ တခါတရံတော့လည်း နာကျည်းကြမ်းရှခက်မာနေသယောင်တောင် ထင်မိပါ တယ်။

တကယ်က ကိုထက်မိုးဟာ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ မျက်လုံးမျက်နှာ ရွှင်ရွှင်ပြပြ ရှိလှ သလို လောကကိုသူမြင်ပုံ တုန့်ပြန်ပုံတွေကလည်း ရွှင်ရွှင်ပြပြနဲ့ ဟာသဓာတ်ခံကောင်းကောင်းရှိတဲ့ လူစားမျိုးပါ။ သူရဲ့ချိုချိုမြမြရှိလှတဲ့ရယ်ဟန်ပြုံးဟန်မှာ ရောစွက်နေတတ်တာကတော့ နာနာကျည်း ကျည်း လွမ်းလွမ်းဆွတ်ဆွတ်ရှိလှတဲ့ သူ့ကဗျာတွေနဲ့အဆင်တူ အငေါ်တူးတူးသရော်ဓာတ်ကို ထင်း ထင်းကြီးမြင်နိုင်တာပါပဲ။

ဒါပေမဲ့ တနေ့သားမှာတော့ အဲဒီ့ အမြဲလိုလို ချိုချိုမြမြရှိလှတဲ့သူ့မျက်နှာနဲ့ဆန့်ကျင်ဘက် ခပ်နွမ်းနွမ်း ခပ်ယဲ့ယဲ့အသွင်အပြင်နဲ့ ကျနော့်ရှိရာနေရာလေးကို ရောက်လာပါတယ်။ လာရင်းက အစာအိမ် သွေးကြောပေါက် ဝေဒနာခံစားနေရလို့ အိပ်ရာထဲလဲနေတဲ့ကျနော့်ဆီ လူနာသတင်း လာမေးတာ ပါ။ အားကစားဘောင်းဘီတိုလေး ၀တ်လို့ပေါ့။ သူလည်း တလောလေးကတင် မဲဆောက်ဆေးရုံမှာ အသည်းအသန်ကုသမှုခံခဲ့ရသေးသတဲ့။ နှလုံးဖောက်လို့တဲ့။ ဒီ့အတွက် ကျန်းမာရေးပြန်လည်တည် ဆောက်နေရတာတဲ့။ ကျနော်မသိလိုက်ဘူး။ ကျနော့်မှာလည်း ကိုယ့်ဝေဒနာနဲ့ကိုယ်။

ကျနော်လည်းပြန်ကျန်းမာ၊ သူလည်း ပြန်ကျန်းမာလာရင် ပါရီကိုရောက်နေတဲ့ (ကိုတိုးကြီး) ကိုဗလ နဲ့ သုံးယောက်ပေါင်းပြီး တော်လှန်ရေးကျကျစာပေတွေ ထုတ်ဝေစီစဉ်ကျဖို့ ပြင်ဆင်ကြရမယ်တဲ့။ ကိုတိုးကြီးက ခင်ဗျားကိုပြောထားလားတဲ့။

သူ့လက်ထဲမှာ စာအုပ်လေးတွေပိုက်လို့။ ကျနော်လှမ်းကြည့်လိုက်တော့ အာရောဂျံဆိုတဲ့ ကျန်းမာ ရေးပညာပေးမဂ္ဂဇင်းစာအုပ်တွေ။ ကျနော်က သူ့ဇနီး မစိုး(နော်ကူး)၊ သမီးလေး စုကြည်မိုးနဲ့ သား လေး ထက်တင်မိုးတို့တော့ စခန်းထဲမှာပဲလားမေးတော့ ခေါင်းလေးဆတ်ပြတယ်။

အဲဒါဟာ နောက်ဆုံးပဲ။

သူက ကျနော့်ကိုလာအာပေးပြီး ပြန်သွားတော့ စက်ဘီးကလေးကိုစီးလို့ပေါ့။

ဒါဟာ အိုးဝေဇော်လို့ခေါ်ခေါ်၊ ကိုဘုန်းနိုင်လို့ခေါ်ခေါ်၊ ကိုထက်မိုးလို့ခေါ်ခေါ် ကျနော်တို့ရဲဘော်ကြီး တယောက်ကို ကျနော်တွေ့လိုက်ရတဲ့နောက်ဆုံးမြင်ကွင်းပါပဲ။

အခု ဇွန်လ ၁၅ ရက် ၂၀၁၅ မှာ သူကျဆုံးသွားတာ ဆယ်နှစ်ပြည့်ပါပြီ။

ကျနော် ကိုထက်မိုးကို လွမ်းမနေတော့ပါဘူး။ လွမ်းနေတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဘ၀ နေ၀င်ချိန်တွေမှာသာ ကိုထက်မိုးလို ခေတ်ကတောင်းဆိုနေတဲ့အချက်အလက်အခြေအနေတွေ အပေါ် ဘယ်လောက်ပေးဆပ်စွန့်လွှတ်သွားနိုင်သလဲ ဆိုတဲ့ အားမာန်မျိုးကိုသာ ကြိုးစားအားခဲရင်း အလေးနီပြုခြင်းအဖြစ်သာ။

ခင်လွန်း

၁၆၊ ဇွန်၊ ၂၀၁၅
ညနေ ၄း၀၀ နာရီ
…ပူးတွဲ။

ကိုထက်မိုးကျဆုံးပြီးနောက် သူရေးသားခဲ့တဲ့ကဗျာများနဲ့ သူ့အပေါ် လေးမြတ်ခံစားခဲ့ကြတဲ့ ရဲဘော် ရဲဘက်လုပ်ဖော်ကိုင်ဖက် များရဲ့ ကဗျာများ၊ ဆောင်းပါးများကို “ကိုထက်မိုး၏ပြန်ကျမိုးများ” ဆိုတဲ့ စာအုပ်တအုပ် ၂၀၀၆ ဇူလိုင်လမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ့ စာအုပ်မှာ စာရေးသူ ကိုယ်တိုင်ပါဝင် ရေးသားခဲ့တဲ့ “စက်ဘီးလေးနဲ့ပြန်သွားတယ်” ကဗျာကိုပါ အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါတယ်။
….

“ စက်ဘီးလေးနဲ့ပြန်သွားတယ် စက်ဘီးလေးနဲ့ပြန်သွားတယ်”

….

သူက

ရဲဘော်ကြီးလို့

အာလုပ်သံနဲ့ခေါ်လိုက်တယ်။

ဒီကွင်းဆက်ဟာ

၈၈- ၈၉

အာရုံရိပ်တွေနိုးသွား

ငါတို့ရဲ့အတိတ်များဆီ ပြန်သွား

တညတလျား ခင်ဗျား အပြောအကျသား ။

ရဲဘော်ကြီးတို့ရေ

ကဗျာတပုဒ် ဆောင်းပါးတပုဒ် ပို့လိုက်တယ်

ဒီမှာ

လတ်တလော “ စစ်ပူ” နေတော့

ခင်ဗျားတို့ရဲ့မြို့ပြ

အာလျကရှိပေမယ့် အလှမ်းသား

ခင်ဗျားတို့ကိုလည်း အလွမ်းသား

သြော်

ကျောင်းသား ကဗျာဆရာ စစ်သား

သူ့ဆောင်းပါးက

“သပိတ်တုန်းက” တဲ့

၈၈ – ဟာ

ခေတ်တခေတ်ကိုသစ်မယ့်လှိုင်း

ခင်ဗျား ဒီအတိုင်းပြောခဲ့တယ်မဟုတ်လား၊

သူ့ကဗျာမှာ

သူ့စာမှာ

သူ့ရဲ့ဟာသဓာတ်ခံ

လောကကိုပျက်ရယ်ပြုဟန် သရော်ဟန်အများသား

ပြီးတော့ ကိုယ်တိုင်လည်း

ဗိုလ်အောင်ဒင်လိုတဟားဟား

ပြုံးဖန့်ဖန့်မျက်လုံးအစုံက အထင်းသား

ခင်ဗျား ရုပ်ဝါအထင်းသား။

နောက်ဆုံးတရက်

ဘယ်ထင်မှာလဲ

စက်ဘီးလေးနဲ့လာခဲ့တယ်

လမ်းလျှောက်ဖိနပ်ဟောင်းလေးစီးလို့

အားကစားဘောင်းဘီတိုလေးဝတ်လို့

အာရောဂျံမဂ္ဂဇင်းလေးတွေပိုက်လို့

ဒါဟာ အစာအိမ်သွေးကြောတွေပေါက်နေတဲ့ကောင်ဆီ

နှလုံးသားတွေပေါက်ပြဲနေတဲ့ကောင် ရောက်လာခဲ့တယ်လို့

ခင်ဗျားရယ်

ကျနော်ရယ်

ကိုတိုးကြီးရယ်

အဲဒီအလုပ် လုပ်ကြမယ်ဗျာ

ခင်ဗျားနေကောင်းအောင်နေပါတဲ့ … သူက

ရင်ဘတ်မှာ မြားတန်းလန်းစိုက်လျက်ကြီး … သူက

အဲ့ဒီနေ့က စက်ဘီးလေးနဲ့ ပြန်သွားတယ် ညိုးလျလျ၊

ဟေ့လူထက်မိုး

ကိုထက်မိုး

ခင်ဗျားဗျာ

လုပ်လက်စ အလုပ်တွေ မဆုံးခင်

ပြောလက်စ စကားတွေ မဆုံးခင်

ရေးလက်စ စာတွေ မပြီးခင်

…..

…..

စက်ဘီးလေးနဲ့ပြန်သွားတယ် ။

စက်ဘီးလေးနဲ့ပြန်သွားတယ်

လုပ်လက်စ အလုပ်တွေမဆုံးခင်

ပြောလက်စ စကားတွေမဆုံးခင်

ရေးလက်စ စာတွေမပြီးခင်

ပြုံးဖန့်ဖန့်မျက်လုံးများနဲ့

ဗိုလ်အောင်ဒင်လိုတဟားဟား

လောကကြီးကို တဟားဟား

ခင်ဗျားရုပ်ဝါ အထင်းသား။

ခင်လွန်း

ဇူလိုင်။ ၁ ရက်၊ ၂၀၀၆

မှတ်ချက် – ရဲဘော်ထက်မိုး(ခ) ကိုမြင့်လွင်သည်
၂၀၀၃ မကဒတ သတ္တမအကြိမ်ညီလာခံတွင် ဗဟိုကော်မတီအဖြစ်ရွေးချယ်ခံရပြီး စည်းရုံးရေးဌာနတာဝန်ခံနှင့်
ဒေါင်းအိုးဝေစာစောင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်နေစဉ် ဇွန်လ ၁၆၊ ၂၀၀၅ ခုနှစ် အသက်
(၄၅)နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ကွယ်လွန်ကျဆုံးခဲ့သည်။

 

 

အယ်ဒီတာအဖွဲ့

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts