ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၁၁)

  မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၁၁)
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၅
ဗမာပြည်
ယမ်းငွေ့သုန်မှုန်နေတဲ့ တိုင်းပြည်
တိုက်ပွဲသံတွေ အုံကြွပေါက်ကွဲ
အမြဲဝတ်ဆင်ထားတဲ့ တိုင်းပြည်
စစ်တပ်သေနတ်ရှိတဲ့ အရိုင်းအစိုင်း
ထင်တိုင်းကျဲခွင့် ရထားတဲ့ တိုင်းပြည်။

စတေးခံခဲ့ရတဲ့ လူ့ဘ၀ လူ့အသက်
အာဏါ လျှာကြမ်းနဲ့လျှက် မြိန်ယှက်
သွေးဆာသွေးငတ်နေတဲ့ စစ်ဘီလူးသရဲ ညမဲမဲ
တိုင်းပြည်ဟာ အဲဒီညပဲ။

သွေးချောင်း သွေးမြစ်တွေ
အမှောင်ထုထဲ တဒီးဒီးတဝေါဝေါ အော်မြည်
တိုင်းပြည်ဟာ အဲဒီညပဲ
ဒီမိုကရေစီ တောင်းဆိုတိုင်း
အမှောင်ထုလက်မဲကြီးက လည်မြိုညှစ်တယ်
တိုင်းပြည်ဟာ အဲဒီညပဲ
ငတ်ပြတ် လှိုက်မော နှောင်ကြိုးတင်းကြပ်
ဇောချွေးအထပ်ထပ် စေးထန်နေ့များအား
ဘီလူးသရဲညက အေးစက်သံလိုက်နဲ့ ၀ါးမြိုဆွဲစား
ဖျောက်ဖျက်ဖို့ ကြိုးစားဆဲ ကြိုးစားမြဲ
တိုင်းပြည်ဟာ အဲဒီတိုက်ပွဲ ပဋိပက္ခညပါပဲ။

လွတ်လပ်ရေးစိတ်ဓါတ်မြှင့်တင်
ဇွဲသတ္တိ အသိန်းအသောင်းပိုင်ရှင်
တိုင်းပြည်မြေတခွင်လုံး လွတ်လပ်သွားစေသား
အမြင့်မြတ်ဆုံး ပေးဆပ် စွန့်လွှတ်စွန့်စား
သူတို့ ခွန်အား အလင်းဖြစ်စေခဲ့
နှောင်ကြိုးကို တဖြောင်းဖြောင်း ရိုက်ချိုးခဲ့
တိုင်းပြည်ရဲ့ သားကောင်း သမီးကောင်း   ခွပ်ဒေါင်း
ကျောင်းသား သူရဲကောင်း ခွပ်ဒေါင်း
ခွပ်ဒေါင်းအလံ အမြင့်မားဆုံးလွှင့်ထူနေလျှက်ပဲ။

မောင်စိုးချိန်
ဧပြီ ၉-၂၀၁၅

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts