Khaing Aung Kyaw

သွေးနဲ့ ရေးသည့်မြေမို့ မျက်ရည်နဲ့ တွေးသည့် ဝေဒနာ (Khaing Aung Kyaw (New York)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သွေးနဲ့ ရေးသည့်မြေမို့ မျက်ရည်နဲ့ တွေးသည့် ဝေဒနာ
ခိုင်အောင်ကျော် (နယူးယောက်)၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၃
စစ်တွေမှ အသက်အငယ်ဆုံး စာရေးဆရာ ဝေဟင်အောင်၏ သွေးနဲ့ ရေးသည့် မြေ စာအုပ်ဖြန့် ချီပွဲ သတင်းကို ဖတ်ရမြင်ရသည် ။ ရှေးဦးစွာ ၀မ်းသာဂုဏ်ပြုပါကြောင်း ပြောချင်သည် ။ လွန်ခဲ့ သောနှစ်ပေါင်း-၂၀-လောက်ကနှင့်  ယခုအထိ ကျွန်တော်သည် ရခိုင်သမိုင်းသုတေသီ-ရခိုင်စာရေးဆရာကြီးများ၏ နေရာတွင် မျိုးဆက်သစ်လူငယ်များက လက်ဆင့်ကမ်းတာဝန်ယူဆောင်ရွက်ကြမည့် အရေးကို ရေဒီိယိုများမှ၎င်း-ပြည်ပထုတ်ဂျာနယ်-စာစောင်များတွင်၎င်း ရေးသားထုတ်လွှင့်ခဲ့ ဖူးသည် ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ၏ ရခိုင်သမိုင်းသုတေသီတို့ သည် အနိစ္စသင်္ခါရသဘောကို မလွန်ဆိုင်နိုင်သောကြောင့် တဖြုတ်ဖြုတ်ကြွေလွင့် ခဲ့ကြရပြီကို သတိထားမိ၍ဖြစ်သည် ။
အမေရိကပြည်ထောင်စု နယူးယောက်မြို့ တွင် ကျွန်တော်နှင့် ဆရာဦးအေးကျော် ( အမျိုးသားစာပေဆုရ ) သည် စာပေအကြောင်းများနှင့်၎င်း အခါအလပ် ပြောဆိုဆွေးနွေးနေဖြစ်သည် ။ ကျွန်တော်က စာရေးနိုင်သော်လည်း ဆရာဦးအေးကျော်မှာ မျက်စေ့မမြင်သောကြောင့်တစ်ကြောင်း-ကွန်ပြူတာမရိုက်တတ်၍၄င်း ကိုယ်တိုင်ကိုယ်ကျ စာပေများကို မရေးသားနိုင် ။ သို့ သော် ဆရာဦးအေးကျော်၏ နုတ်မှပြောဆိုသော စကားများကို အသံသွင်းဖမ်းယူပြီး ရေးသားဖြန့် ချီပေးခဲ့ ကြသော လူငယ်များ၏ ကျေးဇူးကြောင့် ဆရာဦးအေးကျော်၏ စာပေအနှစ်သာရများ ထွက်ပေါ်နိုင်ခဲ့ သည် ။
မှတ်မှတ်ရရ ပြောရမည်ထင်သည် ။ တစ်နေ့ တွင် ရခိုင်လူမျိုးများ၏ တစ်ခုသော ဆွမ်းကျွေးအလှူ ( သီတင်းကျွတ်လား-တန်ဆောင်မုန်းပွဲတော် တရားနာပွဲလား ) မပြောတတ်တော့။ ၄င်းပွဲတော်တွင် ကျွန်တော်နှင့် ဆရာဦးအေးကျော် တွေ့ ဆုံကြသည် ။ တရားနာ ရေစက်ချရာတွင်လည်း အတူတကွ ရေစက်ချခဲ့ ကြသည် ။ ပြန်ခါနီးတွင် ကျွန်တော်က ဆရာဦးအေးကျော်အား နုတ်မှပြောဆိုပြီး များများသာ စာပေများထွက်ပေါ်လာအောင် ပြောဆိုပေးဖို့  အထူးတိုက်တွန်းပါကြောင်း တစ်လေးတစ်တစား ပြောဆိုခဲ့ သည် ။ ဆရာဦးအေးကျော်မှ ကျွန်တော့်အား ပြန်လည် ဖြေကြားပြောဆိုရာ၌ သူ့ အသံသည် ဖျော့ဖျော့လေး တိုးနေပြီး လေသံငယ်များဖြင့် ဖြစ်နေရှာသည် ။ သူကလည်း လူငယ်များကို နုတ်မှ တ်ေတော် ကလေး ပြောဆိုပြခဲ့ သည် ။ ခုတော့ ဆရာကြီး ဦးအေးကျော်ကား ကွယ်လွန်ဆုံးပါးခဲ့ ရှာပြီ ။
ကျွန်တော်သည် ပညာရေးတွင်၎င်း-သုတေသီစာပေများတွင်၎င်း- ခေတ်ပေါ်စာပေများ ရေးသားကြသည့်အခါတွင်၎င်း မျိုးဆက်သစ်များ၏ အခမ်းကဏ္ဍကို အစဉ်အမြဲ တွေးတောနေမိသူဖြစ်သည် ။  အင်္ဂလိပ်ခေတ်ဟု ခေါ်ဆိုသော ခေတ်ကာလတွင် ရခိုင်လူမျိုးတို့ သည် အင်္ဂလိပ်ဘာသာ အပြောအဆို အရေးအသားများ၌ ကျွမ်းကျင်ထူးချွန် သော လူမျိုးများဖြစ်ခဲ့ ကြသည် ။ ခုတော့ ဒဏ္ဍာရီလေး ဖြစ်သွားပြီ ။ သို့အတူ ရခိုင်သမိုင်းသုတေသီ စာပေများရေးသား ဖေါ်ထုတ်ကြသည့် သမိုင်းစာပေပညာရှင်များသည် လက်ချိုးရေတွက်လျှင်ပင် ဆယ်ချောင်းမျှ မပြည့်တော့ ။ ၄င်းဆယ်ချောင်းကား မကြာခင် ပျောက်ကွယ်သွားလျှင် နောက်ဆယ်ချောင်းသည် ရှိလာလေပါ့မလားဆိုသော အချက်က ကျွန်တော့်ရင်ကို ကြီးမားစွာ ထိုးနှက်နေတော့သည် ။
ခေတ်ပေါ်စာပေများကို ရေးသားနေသော လူငယ်များတို့ သည်လည်း ပေါ်ထွက်လာနေကြသည်ကို အားရစရာ မြင်တွေ့ လာရသည် ။ ကဗျာများရေးသော ရခိုင်လူငယ်များကို  တွေ့ မြင်ရသည့်အခါ ကာရန် မသိ- စာမသိဘဲ ရေးသားနေကြသည်များကိုလည်း မြင်တွေ့ ရသေးသည် ။ စင်စစ်အားဖြင့် ကဗျာစာပေသည် ယခုမြန်မာနိုင်ငံဟု ခေါ်ဆိုသော နိုင်ငံ၌ ရခိုင်လူမျိုးများက ရှေးဦးစွာ ရေးသားနိုင်ခဲ့ သော စာပေမျိုးဖြစ်ရာ ယခုခေတ် ရခိုင်လူငယ်များအဖို့  ကာရန်မသိရခြင်းမှာ သက်ကြီးရွယ်ကြီး ကဗျာဆရာကြီးများက မျိုးဆက်သစ်လူငယ် ကဗျာဝါသနာရှင်များအား လက်ဆင့်ကမ်းအမွေ မပေးနိုင်ကြခြင်းကြောင့် ဖြစ်သည်ဟု ရိုးစင်းစွာယူဆမိသည် ။ အကယ်၍ ကဗျာဝါသနာရှင် မျိုးဆက်သစ်လူငယ်များအား ( အ ) သည် က-ခ-ဂ–င–စ လုံး ကာရန်ဟု၎င်း- ( အာ ) သည် ကာ-ခါ-ဂါ-ငါ-ဆိုသည်ဟု၎င်း  -အု-ကာရန်သည် ကု-ခု-ဂု-ငု–ဆိုသည်ဟု၎င်း –အူး-သည် ကူး-ခူး-ဂူး-ငူး-ဆိုသည်ဟု၎င်း-ဤသို့  ကာရန်မျိုးကို နားလည်အောင် ပညာပေးသင်ပြလျှင် ယခုခေတ် လူငယ်များသည် ကဗျာ၏ အသက်သွေးကြောဖြစ်သော ကာရန်ကို မသိနားမလည် ဖြစ်မည်မဟုတ်တော့ ။
ယခုခေတ် ရခိုင်မျိုးဆက်သစ် လူငယ်များ၏ အတွေးအေခ်ါလန်းဆန်းမှုများကို ကျွန်တော်သည် မကြာခဏ မြင်သိနေသည် ။ ထို့ ကြောင့် မျိုးဆက်သစ်လူငယ်များအား ကဗျာရေးသီဖွဲ့ လိုလျှင် ကဗျာများ၏ ကာရန်ကို မည်သို့ မည်ပုံ ဖမ်းယူကြသည်ကို သိရှိနားလည်ရန် ကဗျာစာပေများကို များများဖတ်ကြစေလိုသည် ။ ကာရန်သိမှ ကာရန်မဲ့ ကဗျာမျိုးကို ရေးသားတတ်မည်ဖြစ်ရာ အတွေးအခေါ် နုနယ်လန်းဆန်းသည့် ကဗျာပညာရှင်များကို တိုက်တွန်းလိုက်ရခြင်းဖြစ်သည် ။
ကျွန်တောာ့်အဖို့  ယခုအချိန်တွင် ရခိုင်ပြည်မှ စာပေအနုပညာရှင်များ၏ ကြိုးပမ်းမှုများကို လေ့လာမှတ်သားနေဖြစ်သည် ။ သီချင်းရေးသူ-သီချင်းဆိုသူများသည်ကား ကျွန်တော် အထူးလေးစားချစ်ခင်သော အနုပညာရှင်များဖြစ်သည် ။ အထူးသဖြင့် ကျွန်တော်တို့ ၏ ချစ်စရာကောင်းသော တေးရေးတေးဆိုများသည် မောင်တော့-မယ်တော့-အလွမ်းနယ်ချဲ့ -ဝေဒနာကြေညာ-မျက်ရည်ကြွေကျ-ပန်းခင်းလမ်းမှာ ငိုကြွေး-ရခိုင်ရိုးမတောင်ကြီးကို  အလွမ်းမုန်တိုင်း-အမုန်းမုန်တိုင်း တိုက်ခိုက်၍ ရေးသားသီဆိုနေကြောင်းကို တစ်ခါမျှ မတွေ့ မိ -နားမထောင်ဖူး-ကျွန်တော်ပင် ရှာမတွေ့သည်လား မပြောတတ် ။ လူငယ်ပီပီ ရေးဖွဲ့ ခံစား ဆိုကြကုန်သော တစ်ပုဒ်စ နှစ်ပုဒ်စ လောက်ကို စကားပြောဆိုခြင်း မဟုတ် ။
ကျွန်တော်အသိအမှတ် ပြုထားသော တေးရေးတေးဆိုများသည် ရခိုင်ပြည်ကို အလွန်ပင်အကျိုးပြု အနုပညာမြောက်သော တေးသီချင်းများကို ရေးသားသီဆိုကြခြင်းကိုမူ လုံးဝဥသုံ ယုံကြည်သည် ။ စက်မှုကရိယာ အထောက်အကူပြု ပစ္စည်များနှင့် ဆက်တင်အခန်းအနား ဖွဲ့ စည်းပုံတို့ ဖြစ်သော အတတ်ပညာများ ချို့ ယွင်းအားနည်းချက်များ ရှိနေသော်လည်း တကယ်တမ်းသာ သူတို့ တွေ၌ အထောက်အကူပြု ပစ္စည်းများ ရှိလေလျှင်ကား မည်သူနှင့်မဆို တန်းတူယှဉ်ပြိုင် ကြော်ကြားမည့် အနုပညာရှင်များ ဖြစ်ကြောင်းကို မြင်ကြရသည် ။
မည်သူနှင့် မဆို တန်းတူယှဉ်ပြိုင်နိုင်သော အနုပညာရှင်များ ကို ပြောဆိုရာ၌ စာပေပညာရှင်များကိုပါ ပြောချင်လိုရင်းဖြစ်သည် ။ ရခိုင်လူငယ်စာပေသမားများသည် အခွင့်အခါ မသင့်၍ စင်ပေါ်က တော်ကောက်မခံရသူများ ဖြစ်သလို စင်ပေါ်သို့ တက်လှမ်းရန်လည်း အခွင့်အခါကို မတက်ခဲ့ ကြသူများလည်း ရှိခဲ့ ကြသောကြောင့်ဖြစ်သည် ။ ကျွန်တော်သည် မဆလ ခေတ်တွင် စာပေများကို ရေးသားရန် စိတ်ကူးထဲတွင် မထည့်ထားခဲ့  ။ ရင်ထဲမှမူ စာပေများ များစွာ ရေးနေပြီးဖြစ်သည် ။ အကြောင်းမှာ မဆလ၏ နိုင်ငံရေးစနစ်ကို လုံးဝမနှစ်မျို့ ၍ဖြစ်သည် ။ သို့ သော် မဆလအစိုးရ၏ နေ့ စဉ်ထုတ်သတင်းများကိုမူ နေ့ စဉ်ဖတ်ရှုနေခဲ့ သည် ။ ကွန်မြူနစ်စာပေများကို အသေအလဲ ဖတ်နေခဲ့ သည် ။ စာဖတ်ရာ၌ ကျွန်တော်သည် လောဘကြီးသူဖြစ်ရာ မည်သည့်စာပေမျိုးကို မဆို ဖတ်သည် ။ လမ်းပေါ်တွင် ဆုတ်ဖြဲကျနေသော စာရွက်အပိုင်းအစများ-သတင်းစာ အစုပ်အပြဲများ- ဘီလူးမတံတားကြီးရင်းနားက အရီးမနှင်း၏ ပဲလှော်ထုတ်သော စာရွက်များကအစ ကျွန်တော်သည် တစ်လုံးမကျန် ဖတ်သည် ။
၈၈-အရေးအခင်း မဖြစ်မှီ တစ်နှစ်ခန့် ကာလတွင် ရခိုင်ပြည်၏ မြို့ တော်ဖြစ်သော စစ်တွေမြို့ ကို ကျွန်တော်သည် ပြန်ရောက်လာသည် ။ နှစ်ပေါင်း-၂၀-နီးကပါး ကွဲကွာနေသော ကျွန်တော်သည် ရခိုင်ပြည်၏ မန်အောင်မြို့ နယ်မှအပ အခြားသောမြို့ နယ်များ ကျေးလက်များတွင် အစိုးရအမှုထမ်းဘ၀ဖြင့် တာဝန်ထမ်းဆောင်ရခြင်းမျိုး -သွားလာဖူးခြင်းမျိုး ဖြစ်နေခဲ့ ရရာ တောဇနပုဒ် ကျေးရွာ-ချောင်ကြိုချောင်ကြား မြစ်ချောင်းအင်းအိုင်များတွင် မြို့ ပေါ်မှ ပေးပို့ သော နေ့ စဉ်ထုတ်သတင်းစာများ- အခြား ဖတ်စရာ စာအုပ်စာပေများကို ဖတ်ရှုနေဖြစ်သည် ။ ၄င်းကဲ့ သို့ ဖတ်ရှုနေဖြစ်သောကြောင့် ရခိုင်စာရေးဆရာကြီးများ- မြန်မာစာရေးဆရာကြီးးများကို အကြောင်းသိဖြစ်နေသည် ။ သူတို့ ကမူ ကျွန်တော့်ကို သိကြမည်မဟုတ် ။
ဆရာမောင်ဗသိန်း၏ ရခိုင်စာပေရေးသား တင်ဆက်မှု-ဆရာတော် အရှင်စက္ကိန္တ-ဆရာတော် အရှင်ဇယန္တဗောမိတို့ ၏ စာပေအဆီအနှစ်တို့ ကို ဖတ်နေဖြစ်သည် ။
တစ်နေ့ က ရခိုင်သမိုင်းသုတေသီ ဆရာကြီးများ၏ ကျမ်းမာရေးသတင်းများကို ပြောဖြစ်ကြသည် ။ တစ်ချို့ က မျက်စိမှုံခြင်း- တစ်ချို့ က သွေးတိုးခြင်း- တစ်ချို့ က အသက်အရွယ်ကြီးမြင့်ခြင်း စသော ဇရာ၏ မျက်စောင်းထိုးခြင်း ဘ၀မျိုးကို ရောက်ရှိလာကြပြီ ဆိုသည်ကို ပြောဖြစ်ကြခြင်းဖြစ်သည် ။ ခုတော့ ဆရာကြီးများ၏ နေ၀င်ချိန်ပင်မက ကျွန်တော်တို့ ၏ နေ၀င်ချိန်လည်း ပြေးလမ်းပေါ်တွင် ရောက်ရှိလာနေပြီဖြစ်ရာ ကျွန်တော်၏ စိုးရိမ်ရေမှတ်မှာ ဆထက်တံပိုး မြင့်မားလာသည် ။ ဤရခိုင်သမိုင်းသုတေသီ ဆရာကြီးများက လူ့ လောကမှ ပျောက်ကွယ်ချိန်တွင် မည်သူက ရခိုင်ပြည်ကို ကယ်တင်ရှင် သူရဲကောင်း အာဇါနည်များအဖြစ် ကာကွယ်စောင့်ရှောက် ပေးကြပါမည်နည်း ။  
ယခုလူငယ်စာရေးဆရာ ဝေဟင်အောင်က မျိုးဆက်တာဝန် တစ်ခုကို ထမ်းဆောင်လိုက်ပြီ ။ မည်သူကမှ ခိုင်းစေ တာဝန်မဟုတ်ဘဲ ကိုယ့်သမိုင်းပေး တာဝန်ကို  မျိုးချစ်ပီသစွာဖြင့် ထမ်းဆောင်ခြင်းဖြစ်သည် ။ အခြားရခိုင်လူငယ်များအားလည်း သူ့ လို ဖြစ်စေလိုသည် ။ ရခိုင်ဝေါဟာရနှင့် ရေးရေး- ဗမာလေသံနှင့် ဘဲ ရေးရေး- အင်္ဂလိပ်ဘာသာနှင့်ဘဲရေးရေး- ရေးချင်စိတ်ရှိဖို့ က အရေးကြီးသည် ။ ရခိုင်သမိုင်းသုသေတီ ဒေါက်တာအေးချမ်း ရခိုင်ပြည်သို့  သွားရောက်စဉ် အမျိုးသားသူရဲကောင်းအဖြစ် ကြိုဆိုကြပေးပါရန် ကျွန်တော်သည် တိုက်တွန်းသည့် ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုရေးသားခဲ့ သည် ။
ယခုလည်း လူငယ်စာရေးဆရာတစ်ဦးဖြစ်သော ဝေဟင်အောင်သည် ရခိုင်ပြည်၏ သမိုင်းဖြစ်ရပ်မှန် တစ်ခုကို သမိုင်းတွင် မော်ကွန်းကဗ္မည်းတင်ထားနိုင်အောင် ပြုစုရေးသားခဲ့ ပြီးဖြစ်သည် ။ သွေးနဲ့ ရင်းသည့်မြေ-ဟု အမည်ပေးထားသော ဤစာအုပ်သည် အမှန်တကယ်ပင် နှလုံးသွေးနဲ့  ရင်းထားသည့်မြေအကြောင်းကို တိတိကျကျ လေ့လာသုတေသန ပြုထားသောစာအုပ်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်စရာ မရှိပေ ။ စာအုပ်ဖြန့် ချီပွဲပြုလုပ်သည့်အခါတွင် မဖိတ်ကြား၍ မတက်ရောက်ခြင်းလား ကျွန်တော်မသိ ။ မည်သည့်ရခိုင်နိုင်ငံရေးပါတီက မျိုးချစ်ပုဂ္ဂိုလ်တွေကို မမြင်မိ ။ ကျွန်တော်ပင် အမြင်လျှမ်းမိလေသလား မပြောတတ် ။ ဤဆောင်းပါးသည် ဓါတ်ပုံကို ကြည့်၍ ရေးသားခြင်းဖြစ်ကြောင်း သိထားစေလိုသည်။
  မြင်ရသည့်ပုံတွင်ကား ရခိုင်သုတေသီ သမိုင်းပညာရှင်များ- ကြောင်လိမ်လှေခါး ကဗျာဆရာကြီး ဦးစောနောင် ( အမျိုးသားစာပေဆုရ ) -ခေတ်ပေါ်စာရေးဆရာများတို့ ကိုသာ မြင်တွေ့ ရသည် ။ သွေးနဲ့ ရင်းသည့်မြေ စာအုပ်ဖြန့် ချီပွဲတွင် မျက်ရည်နဲ့  တွေးရသည့် ဝေဒနာဟု ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်လေးစားသော ရခိုင်သုတေသီ သမိုင်းဆရာကြီးများအပါအ၀င် ဓါတ်ပုံပါ စာပေပညာရှင်များတို့ သည်ကား ဇရာ၏ မိတ်ဆွေများအဖြစ် လဘက်ရည်ဆိုင်ထိုင်ရန် လက်ယပ်ခေါ်ဆိုနေသည့် သူများဖြစ်နေပြီ ။  သူတို့ သည်လည်း လဘက်ရည် ဆိုင်ထိုင်ကြသည့် ယဉ်ကျေးမှုကို ကြိုက်နှစ်သက်သူများဖြစ်ရာ ဤနေရာ၌ တကူးတက ဖေါ်ပြရေးသား လိုက်ခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း လဘက်ရည်ဆိုင်သော ယဉ်ကျေးမှုကို ကြိုက်နှစ်သက်သူဖြစ်သည်မို့  သတိတရ ရေးသားလိုက်သည်သာဖြစ်သည် ။
တိတိကျကျ ပြောရလျှင်မူ ကျွန်တော်သည်လည်း ခါးနာနေသည်မှာ ကြာပြီ ။ ခါးနာ၍ စာပေများကို ရေးသားချင်စိတ် မရှိတော့ ။ ထမရ-ထိုင်၍မရနှင့် ခါးနာသည့် ဒဏ်ကား တော်တော် အခံရဆိုးဝါးနေသည် ။ အော်-လမ်းခွဆုံက ကျွန်တော့်ကို လက်ယပ်ခေါ်နေသော ဇရာမိတ်ဆွေကား ကျွန်တော့်ကို အထင်သေးစွာ ဖြစ်နေသည်ဟု ထင်သည် ။  နယူးယောက်မြို့ မှာ လဘက်ရည်ဆိုင် ထိုင်သည့် ယဉ်ကျေးမှုကား မရှိသည်မို့  သတိတရသာ ဖြစ်ရသည် ။ သို့ သော် ရခိုင်ပြည်မှ လူငယ်စာရေးဆရာ တစ်ဦးဖြစ်သော ဝေဟင်အောင်၏ သွေးနဲ့ ရင်းသည့်မြေ စာအုပ်ပြုစုရေးသား ဖြန့် ချီပေးမှုကိုမူ ကျွန်တော်က ဂုဏ်ပြုရေးသားမှ တူတော်မောင် ဝေဟင်အောင်သည် ပြုံးနိုင်လိမ့်မည်ဖြစ်ကြောင်း ထင်ရပါသည်ဟု ပြောလျှင် လွန်အံ့မထင် ။
ခိုင်အောင်ကျော် ( နယူးယောက် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts