သတင်းပဒေသာ ကျော်ဟုန်း

ကျော်ဟုန်း – မြန်မာ့လူမှုထောက်ပံ့ရေးအသင်း (ကနေဒါ) ရံပုံငွေပွဲကျင်းပ

ကျော်ဟုန်း – မြန်မာ့လူမှုထောက်ပံ့ရေးအသင်း (ကနေဒါ) ရံပုံငွေပွဲကျင်းပ
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

မြန်မာ့လူမှုထောက်ပံ့ရေးအသင်း (ကနေဒါ) က ပြည်တွင်းရှိ ဆင်းရဲနွမ်းပါးကလေးများအတွက် ပညာရေးထောက်ပံ့ကူညီနိုင် ဖို့  487 Alexandar street, Japanese Hall မှာ ဇွန်၊ ၆ ၊ ၂၀၁၅ နေ့က ညနေ ၅ နာရီမှ ည ၉ နာရီအထိ ရံပုံငွေရှာပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနား စတင်ဖွင့်လှစ်ချိန်မှာ မြန်မာ့ လူမှုထောက်ပံ့ရေးအသင်း (ကနေဒါ) ရဲ့ ဥက္ကဌဖြစ်သူ ကိုသန်းဝင်းက  ကျေးဇူးတင် စကားပြောကြားပြီး အသင်းရဲ့ရည်ရွယ်ချက်များ၊ လုပ်ခဲ့တဲ့ထောက်ပံ့ကူညီမှုများနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပေးပါတယ်။ ဧည့်သည်ထဲမှ ဦးစိုင်းအောင်မှလည်း ပြည်တွင်းရှိ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေတို့ ကြောင့် မိဘမဲ့ ဆင်းရဲနွမ်းပါးသူ ကလေးငယ်များကို ကူညီထောက်ပံ့ရန် လုပ်ဆောင်မှုများကို ချီးကျူး ဆော်သြစကားပြောပြီး ဖြေဖျော်ရေး အစီအစဉ်များ စတင် ဧည့်ခံပါတယ်။

ဖြေဖျော်မှု ပထမအစီအစဉ်မှာ FNG တေးဂီတအဖွဲ့ နဲ့ အတူ ကလေးငယ်များဖြစ်ကြတဲ့ မေရီ၊ ဟီလာရီတို့ မှ We are theWorld သီချင်းဖြင့်လည်းကောင်း၊ စိတ်ကြိုက်သီချင်းများဖြင့်လည်းကောင်း ပါဝင်သီဆိုပေးကြပါတယ်။ ဒိနောက်မှာ ဖိတ်ကြားထားသော အဆိုတော် ရတနာဦးမှ ပထမပိုင်းအဖြစ်သီဆိုဖြေဖျော်ပါတယ်။

ဒုတိယပိုင်းမှာ တိုင်းရင်းသား ကရင်လူငယ်များရဲ့ Beacon Light တေးဂီတအဖွဲ့ မှ စောဒတ်စိ၊ စောယူကဒီ၊ မနေကြာ၊ စော ဘဲနီ၊ စောကမွီး၊ စောပုလေး၊ စောလမင်းတို့ က တီးခတ်ပြီး အဆိုတော်ရတနာဦး၊ စောဝေဖြိုးတို့ မှသီဆို ဧည့်ခံကြပါတယ်။ တချိန်တည်းမှာပဲ ဧည့်ပရိသတ်များကို မြန်မာ ထမင်းဟင်း၊ မုံ့ ဟင်းခါး၊ အချိုမုန့် မျိုးစုံ၊ အချိုရည်များ၊ သစ်သီးများနှင့်လည်း ကျွေးမွေးဧည့်ခံကြပါတယ်။

ဂီတမှူး ကိုခင်စိုး(ကီးဘုတ်) ဦးဆောင်ပြီး FNG မှ ကိုမြင့်ဝင်း(လိဒ်)၊ ကိုထွန်းထွန်း(ဘေ့စ်)၊ မဉ္ဖူကျော်(ရမ်သမ်)၊ ကိုတင်ကို (ဒရမ်)တို့ မှ တာဝန်ယူတီးခတ်ကာ နယ်မြေခံများမှ ကိုခိုင်စိုး၊ ကိုတင်နွယ်၊ ကိုမြင့်ဝင်း၊ မအေးလွင်မိုး၊ မမော်မော်၊ မအဆာ (ချင်း)၊ မမီမီ ထွန်း၊ အယ်လိန်းချန်၊ တို့ မှ တဦးချင်း သီဆိုဖြေဖျော်ခဲ့ကြပြီး ရတနာဦးမှလည်း သူရဲ့ကျော်ကြားခဲ့တဲ့ သီချင်း များကို  ပွဲသိမ်းတဲ့အထိ ဖြေဖျော်ပေးပါတယ်။ မွန်အမျိုးသမီး တဦးမှလည်း ရိုးရာအကဖြင့် ဖြည့်စွက်ပါဝင် ဖြေဖျော်ခဲ့ပါသေး တယ်။

ဒီရံပုံငွေရှာပွဲမှာ ပရိသတ်များအတွက်ကံစမ်းမဲဖောက်ပြီး ကံထူးရှင်များကို ဆု ၄ ဆု သတ်မှတ်ပေးအပ်တာလည်းပါပါတယ်။ ဆုပေါက်မဲများကို ကိုဌေးအောင်၊ ကိုကျော်ဇေယျ၊ မအေးလွင်မိုး၊ မမော်မော်နဲ့ ကလေးငယ်တဦးတို့ မှ မဲဖောက်ကြေညာပြီး ဆုများကို အသီးသီးပေးအပ်ခဲ့ပါတယ်။

အစားအသောက်  ဧည့်ခံမှုအပိုင်းကို ကိုမြင့်ဝင်း၊ မတရုတ်မ၊ မရီရီစိန်၊ ကိုဝင်းညွန့် ၊ ကိုတင်အောင်ထွန်း၊ မသက်၊ ကိုမောင် မောင်၊ ကိုသန်းထိုက်၊ မနန်း၊ ကိုတင့်လွင်၊ မမီးမီ စသူတို့ မှ တာဝန်ယူ ကျွေးမွေးခဲ့ကြတာဖြစ်ပါတယ်။

ယခု ရံပုံငွေရှာပွဲကို လက်မှတ်တစောင် ဒေါ်လာ ၂၅ နှုန်းသတ်မှတ်ပြီး ရောင်းချပေးပါတယ်။ ရရှိငွေများကို စာရင်းပြုစုပြီးရင်  မြန်မာပြည်တွင်းက  ချို့ တဲ့ကလေးများရဲ့  ပညာရေးအတွက်  လှူမှာဖြစ်ကြောင်း  သိရပါတယ်။   မြန်မာ့ လူမှုထောက်ပံ့ရေး အသင်းဟာ ၂၀၁၄ သြဂုတ်လ ၈ ရက်နေ့ မှာ စတင်ဖွဲ့ စည်းခဲ့တာပါ။ တနှစ်အတွင်းမှာပဲ လှူဒါန်းနိုင်ခဲ့တဲ့နေရာများကတော့ Disable children , Chin state, Hakha သို့   ကနေဒါ ဒေါ်လာ ၁၀၀၀ ၊   Eden centre for disable Children ပေါက်ကံ ရပ်ကွက်၊ အင်းစိန် ၊ ရန်ကုန်သို့  ကနေဒါ ဒေါ်လာ ၁၀၀၀ ၊   Pa-An Education Foundation, Karen state သို့   ကနေဒါ ဒေါ်လာ ၄၄၀၀ အသီးသီး လှူဒါန်းထောက်ပံ့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts