သူတို့အာဘော်

ဇင်လင်း – လူထုကံကြမ္မာကို လူထုကိုယ်တိုင်ဖန်တီးရေး

ဇင်လင်း – လူထုကံကြမ္မာကို လူထုကိုယ်တိုင်ဖန်တီးရေး
(မိုးမခ) ဇွန် ၀၉၊ ၂၀၁၅

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရက်က တနေ့တခြား နီးလာနေပါပြီ။ ဒါပေမယ့် နိုင်ငံရေးတည်ငြိမ်မှုက အခုထိ မရှိသေးဘူး လို့ဆိုနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်း လူပေါင်း ၄၄၀ ကျော် လောလောဆယ် တရားရင်ဆိုင် နေရပြီး၊ မေလ တစ်လထဲမှာ တရားစွဲခံရသူပေါင်း ၅၀ နီးပါးရှိတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ (အေအေပီပီ) က အစီရင်ခံစာ ထုတ်ပြန်ထားတာတွေ့ရတယ်။

လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရကလည်း အပြောနဲ့အလုပ် မညီတာတွေ များသည်ထက် များလာနေတယ်။ အထူး သဖြင့် သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ဖို့ အလျဉ်းသင့်တိုင်း ပြောဆိုနေပေမယ့် လက် တွေ့မှာ လယ်သမားတွေ မြေယာဆုံးရှုံးနေရမှု လျှော့မသွားပဲ ပိုပြီးဆိုးရွားလာနေတယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာရရှိရေးကိစ္စအတွက်လည်း ဘာမှထိထိရောက်ရောက် လုပ်ပေးတာ၊ မတွေ့ရသေးပါ။ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ရှင်တချို့က အပြစ်ရှာအလုပ်ဖြုတ်ပစ်နေတာနဲ့ပတ်သက်လို့လည်း တားဆီးပေးတာ မတွေ့ ရပါ။  ဦးသိန်းစိန်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်နေပါတယ်လို့ဆိုပေမယ်၊ အောက်ခြေပြည်သူလူထုအဖို့တော့ အစိုးရ သက်တမ်း (၄) နှစ်အတွင်း ဘာမျှ မည်မည်ရရ ခံစားခွင့်မရခဲ့ပါ။ တောရွာနေပြည်သူများဟာ အစိုးရ (၄)နှစ်သက် တမ်းအတွင်း၊ မြေမဲ့ ယာမဲ့ဖြစ်သူပိုများလာနေပြီး၊ မြို့နေလူထုများဟာလည်း အလုပ်လက်မဲ့တွေ များသထက် များလာနေ တယ်။

မြေယာတွေကို တရားလက်လွတ် သိမ်းယူနေမှုအခြေအနေ အလွန်ဆိုးရွားနေတာနဲ့ပတ်သက်လို့ မကြာသေးမီက၊ ရှမ်း ပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံ ကျေးရွာအုပ်စု၊ ရေပူရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် မြေသိမ်းမှုဟာ ထင်ရှားတဲ့ သာဓကပါပဲ။ မေလ ၂၁ ရက်နေ့  နံနက် ၇ နာရီ ၀န်းကျင်မှာ၊ အသက် (၆၀)ကျော်အရွယ် ရေပူကျေးရွာနေ ဦးမြင့်အောင်ဟာ သူတို့မိသားစု မှီခိုနေရတဲ့ မြေယာကို သိမ်းယူခံရတာကြောင့် “(ရ.ပ.ခ) က သိမ်းယူထားတဲ့ ငါတို့ပိုင် မြေယာတွေ ပြန်ပေး”၊ “ရေပူရွာက ရာအိမ်မှူးနဲ့ မြေတိုင်းစာရေးတို့ အကျင့်ပျက်ခြစားမှုတွေကြောင့် ငါတို့လယ်ယာမြေတွေ ဆုံးရှုံးသွားတာ မကျေ နပ်ဘူး” လို့ စာရေးထားခဲ့ပြီး အိမ်သားများမရှိစဉ် မိမိကိုယ်ကို ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြခဲ့ပါတယ်။ နောက်တော့ ဆေးရုံ ပေါ်မှာ ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့တယ်။ မြန်မာနိုင်ငံ လယ်ယာမြေသမိုင်းမှာ အလွန်ကြီးမားတဲ့ အမည်းစက်ကြီးဖြစ် သလို၊ အလွန်ကြေကွဲဖွယ်ဖြစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။

အာဏာပိုင်များဟာ ဒီလောက်နဲ့ ရပ်မသွားခဲ့ပါဘူး။ မိမိကိုယ်ကို ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြ သေဆုံးခဲ့သူ အဘိုးအို ဦးမြင့် အောင်ရဲ့ မိသားစုဝင်တွေကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရ.ပ.ခ) ပိုင် စိုက်ခင်းအတွင်း ကျူးကျော်စိုက်ပျိုးသူများအဖြစ် စစ်တပ်က ရွှေညောင် နယ်မြေရဲစခန်းမှာ (ပ) ၄၁/၂၀၁၅၊ ပြစ်မှု (၄၄၃)၊ (၄၂၇) ပုဒ်မတွေအရ အမှုဖွင့်ထားတယ်လို့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က တိုင်းပြည်ရဲ့အာဏာပိုင်ဆိုသူတွေက ဆင်းရဲသားပြည်သူတွေအပေါ် လူသားချင်းစာနာမှု မရှိ၊ မတရားပြုလုပ်နေတယ်ဆိုတာ ပေါ်လွင်စေတယ်။ ပတ်ဝန်းကျင် ပြည်သူလူထုထဲမှာ ဒီလုပ်ရပ်ကို ရှုတ်ချသံတွေ ထွက် ပေါ်နေတယ်။ မိသားစုတွေဘက်က ဥပဒေအရ ကူညီဖို့စောင့်ကြည့်နေကြတာလည်းတွေ့ရတယ်။ သတင်းတွေအရ၊ ရေပူ ရွာမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရ.ပ.ခ) က လယ်မြေ ဧကပေါင်း နှစ်ထောင်ကျော် သိမ်းယူထားတယ်လို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။

အလားတူ ဒီမိုကရေစီ နောက်ကြောင်းပြန်ဖြစ်ရပ်မျိုး မကြာသေးခင်က ဖြစ်ခဲ့ပါသေးတယ်။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က တောင်သူလယ်သမားတွေအရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့် အေး အပါအ၀င် ကွန်ရက်အဖွဲ့ဝင် ၃ ဦးနဲ့ တောင်သူ ၆ ဦးကို ၀မ်းတွင်းမြို့နယ် တရားရုံးမှာ မေ ၂၆ ရက်နေ့က ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တာတွေ့ရပါတယ်။ ၀မ်းတွင်းမြို့နယ် ကံသာကျေးရွာက တောင်သူ ၆ ဦးကို  ပုဒ်မ ၄၄၇ ပိုင်နက် ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်စီးမှုပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၅ လစီချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် (၃) ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် (၂) လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

“တောင်သူတွေက ၄၄၇ နဲ့က (၂) လ၊ ၄၂၇ နဲ့က (၃)လ အလုပ်နဲ့ ထေင်ဒဏ်  သီးခြားစီကျခံရတယ်။ ကွန်ရက်အဖွဲ့ဝင်တွေ ကတော့ (၂) လစီ ထောင်ဒဏ်ကျခံရတယ်” လို့ တောင်သူတွေရဲ့ ရှေ့နေ ဒေါ်ဟန်စုရည်က  ပြောကြောင်း ဒီဗွီဘီသတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါ တယ်။ အမှုဖြစ်စဉ်ကတော့ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးအုပ်စု၊ ကံသာကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ညောင်အုပ်ဖီး ကျေးရွာမှာ နေထိုင်တဲ့တောင်သူ (၁၀) ဦးရဲ့ ဓားမဦးချလုပ်ကိုင် စားသောက်တဲ့ လယ်ယာမြေတွေကို ငါးမွေးမြူရေးအတွက်ဆိုပြီး လျော်ကြေး တစုံတရာမပေးဘဲ တပ်ကသိမ်းယူခဲ့ရာက စတင်ခဲ့တယ် လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၄) ရက်နေ့ကလည်း ကယားပြည်နယ် ဒီမောဆိုးမြို့နယ်ထဲမှာ စစ်တပ်သိမ်းဆည်းမြေပေါ် ၀င်ရောက်ထွန် ယက်တဲ့ ရွာသားတွေကို ပိုက်နက်ကျူးလွန်မှုနဲ့ လွိုင်ကော်မြို့နယ်တရားရုံးက စီရင်ချက်ခဲ့တာကြောင့် ရာနဲ့ချီတဲ့ရွာသားတွေက ကန့်ကွက်ဆန္ဒ ပြကြကြောင်း ဒီဗွီဘီသတင်းက ဖေါ်ပြပါတယ်။ ဒီမောဆိုမြို့နယ် ဒေါ်ဆိုရှေးရွာက ရွာသားတွေအဆိုအရ သူတို့ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာကို၊ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်က ရောက်လာတဲ့ အမှတ် ၃၆၀ အမြောက်တပ်ရင်းက ဧကပေါင်း ၂၀၀၀ ကျော် သိမ်းယူခဲ့တာဖြစ်တယ်လို့ဆိုတယ်။ ရွာသားတွေ က အဲဒီမြေပေါ်မှာ တောင်ယာလုပ်လို့ ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ် တရားရုံးက ရွာသား (၁၀) ဦးအနက် (၄) ဦးကို တရားသေ လွှတ်လိုက် ပြီး (၆) ဦးကို ထောင်ဒဏ် (၁၅) ရက် (သို့မဟုတ်) ငွေဒဏ် ကျပ် (၅၀၀) စီချမှတ်ခဲ့ပါတယ်။ ၂၀၁၅ ဧပြီလ ၂၇ ရက်နေ့ ကလည်း တပ်မတော်က သိမ်းယူထားတဲ့ ဘိုးဘွားပိုင်မြေပေါ် ထွန်တုံးတိုက်ပွဲဝင် ထွန်ယက်လို့ ဆိုလျားကူးရွာသား (၃) ဦးကို ကယားပြည်နယ် ဖရူဆိုမြို့နယ်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့အပေါ် ရွာသား ၅၀၀ ခန့် ကန့်ကွက်ဆန္ဒပြမှုဖြစ်အပြီး ကယားပြည်နယ်မှာ ထပ်မံပြစ်ဒဏ်စီရင်ခဲ့တာ ဖြစ်ကြောင်း သတင်းက ဆိုပါတယ်။ လူထုကို မြေမဲ့ယာမဲ့ဖြစ်အောင်လုပ်ပြီး ဆင်းရဲမွဲတေမှု လျှော့ချမယ်လို့ ပြောနေပုံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ လုံးဝလွဲချော်နေပါတယ်။

ဒီလို တပ်မတော်နဲ့တကွ အစိုးရရဲ့ ပုံရိပ်တွေကို ဆိုးဆိုးရွားရွားပျက်စီးစေတဲ့ အောက်ခြေကိစ္စမျိုးကို စစ်ဦးစီးချုပ်နဲ့ သမ္မတ နှစ်ဦးစလုံးက မျက်ကွယ်ပြုထားတာမျိုးဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်လာတာ (၄) နှစ်ရှိပြီဖြစ်ပေမယ့်၊ ပြည်သူတွေ အနေနဲ့ လူမှုစီးပွားရေးမှာ အကျိုးခံစားခွင့် ဘာမှ ပြောပလောက်အောင် မရရှိခဲ့ပါဘူး။ လူထုအကျိုးခံစားခွင့် မရှိရင် အစိုးရအပေါ် ယုံကြည်မှုလျော့ကျလာမှာ သေချာပါတယ်။ ပြည်သူတွေ ယုံကြည်မှု လျော့ကျ လာတာနဲ့အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကိုသွားတဲ့အခါမှာ ဆန့်ကျင်မှုအခက်အခဲတွေ ပေါ်ပေါက်လာ ဖို့သေချာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု ဘယ်အခြေအနေမှာ ရောက်နေသလဲ ဆိုတာ နဲ့ ပတ်သက်လို့ မွန်ဂိုးလီယားနိုင်ငံခရီးစဉ်အတောအတွင်း အခုလို သတိပေးဖူးပါတယ်။

“ကျမတို့ ရရှိထားတဲ့ အောင်မြင်မှုဟာ ပြည့်စုံလုံလောက်တဲ့ တိုးတက်အောင်မြင်မှု အဆင့်ရောက်ဖို့ သိပ်ကို ဝေးပါသေးတယ်။ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမအတွက် ကတော့ တိုးတက်တယ်ဆိုတာက ပြည်သူတွေရဲ့ နိစ္စဓူဝ ဘ၀တွေ မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေရှိလာတာကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်း လာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး။ ပြည်သူတွေက သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန် တိုးတက် လာပြီလို့ ပြောနိုင်တဲ့အခြေအနေကို ကျမတို့ မရောက်သေးပါဘူး။ အဲဒီ အခြေအနေရောက်အောင် ကျမတို့အများကြီးဆက်လုပ်ရပါဦးမယ်။”

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း အင်ဒီယားနားတက္ကသိုလ်မှာ ၂၀၁၅ မေလ (၂၉)ရက်နေ့ ညက ကျင်းပတဲ့“ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” ဆိုတဲ့ ဆွေးနွေးပွဲကို ပေးပို့ခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား၊ ဒါမှမဟုတ် အာဏာရှင်အစိုးရထက် ဘာမှပိုမထူးခြားတဲ့ အတုအယောင်ဒီမိုကရေစီနဲ့ဘဲ ဆက်လက် ရင်ဆိုင်နေ ရဦးမှာလားဆိုတာ လာမယ့်လအနည်းအငယ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်” လို့ ပြောကြားခဲ့တဲ့အချက်ကလည်း ပြည်သူ လူထုအဖို့ အထူးသတိပြုစရာဖြစ်ပါတယ်။

အနှစ်ချုပ်လိုက်ရင် သာမန် ဆင်းရဲသားအလုပ်သမား လယ်သမားတွေ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ လယ်ယာ ဥယျာဉ် ခြံမြေ အိုးအိမ်များကို ဥပဒေမဲ့မလျော်သြဇာသုံးပြီး အာဏာပိုင်အ၀န်းအ၀ိုင်းက သိမ်းပိုက်လုယူခဲ့မှုများဟာ အလွန် ထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ မတရားမှုတွေ ဖြစ်နေတယ်။ ဖြစ်သင့်တာက နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတစ်ဦးချင်းစီရဲ့ စားဝတ်နေရေးကို တာဝန်ယူရမှာက ပြည်သူ့ဆန်စား နေကြတဲ့ အစိုးရ၀န်ထမ်း အရာရှိမင်းတွေ မဟုတ်ပါလား။ အခု မြန်မာပြည်မှာ ဖြစ်ပျက်နေပုံက သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ လူထုရဲ့ လုံခြုံရေး၊ စားဝတ်နေရေး လူမှုဖူလုံရေး တာဝန်ကိုယူဖို့ ပျက်ကွက်နေတဲ့ အပြင်၊ လူထုရဲ့ အိုးအိမ်မြေယာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပါမချန် လုယက်ယူငင် နေသလို ဖြစ်နေပုံဟာ အံ့သြခြောက်ခြားဖွယ် ဖြစ်ရပ်ပါပဲ။ အဲဒီ အာဏာပိုင် အစိုးရဆိုသူများက သူတို့ကိုယ် သူတို့ ဒီမိုကရေစီနိုင်ငံတည်ဆောက်သူများလို့ ဆိုနေကြပုံက ပိုပြီး တုန်လှုပ်ခြောက်ခြားစရာ ကောင်းပါတယ်။ ဒီတော့ လာမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုအနေနဲ့ မိမိတို့ရဲ့ Mandate မဲပြားကို ထိထိရောက်ရောက် အသုံးပြုပြီး၊ မိမိတို့ ကံကြမ္မာနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပြောင်းလဲပစ်ချိန်ရောက်ပါပြီ။ နိုင်ငံရေးအသိ နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ ခေတ်အပြောင်းအလဲကို လူထုကိုယ်တိုင် ဆင်နွဲကြရမယ့် အချိန်နီးကပ်နေပြီဖြစ်ကြောင်း နှိုးဆော်လိုက်ပါရစေ။။။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts