စာအုပ်စင် မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ မောင်စွမ်းရည်

မောင်စွမ်းရည် – ကျော်ကိုကိုရဲ့ စာအုပ်

 မောင်စွမ်းရည် – ကျော်ကိုကိုရဲ့ စာအုပ်
ဗွီအိုအေမှာ အသံမလွှင့်လိုက်ရတဲ့ ဆောင်းပါး (၁)
(မိုးမခ) ဇွန် ၀၆၊ ၂၀၁၅

ရဲဘော်များမိတ်ဆွေများခင်ဗျား ….
ဒီတပတ်မှာ ကျနော်ပြောပြချင်တာကတော့ သက်ကြီးတယောက်က သက်ငယ်ကျောင်းသား ခေါင်းဆောင်တယောက်အ ကြောင်းကို ရှေးကြည့် အဝေးကြည့်နဲ့  သုံးသပ်ချက်ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုး သီးဇွန် စတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်များကို အစုလိုက်မွေးထုတ်ခဲ့ပါတယ်။ ၂၀၀၇ သံဃာအရေးတော်ပုံကြီးမှာ တော့ ကျော်ကိုကိုစတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်များကို မွေးထုတ်ခဲ့ပါတယ်။ ကျော်ကိုကိုဟာ သူပါဝင်ဆင်နွှဲခဲ့တဲ့  ၂၀၀၇ သံဃာအရေးတော်ပုံကိုလဲ မှတ်တမ်းတင်ထားတဲ့စာအုပ်ထုတ်ခဲ့ဖူးတယ် ကြားပေမဲ့ ကျနော်တို့ဆီရောက်မလာခဲ့လို့ မဖတ်လိုက်ရပါဘူး။

သူဟာ ခုလဲ “ကျောင်းသားသမဂ္ဂနှင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း” ဆိုတဲ့စာအုပ်ကလေးတအုပ် ထုတ်တယ် ။ စာမျက်နှာ ၁၇၄ မျက်နှာပဲရှိပါတယ်။ သူဟာ စစ်အစိုးရအဆက်ဆက်ဖိနှိပ်ထားခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂအဖွဲ့ချုပ် ကိုလဲ ၂၀၁၂ မှာ ပြန်လည်ထူထောင်ကြတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကိုလဲ ၂၀၁၂ မှာပြန်လည်ထူ ထောင်ကြတဲ့ ကျောင်းသားအုပ်စုဝင်တယောက်လဲဖြစ်လို့ ကျနော်တို့လဲ  ဘေးက အဝေးက စိတ်ဝင်တစားနဲ့ မျှော်လင့်အား ထားနေရပါတယ်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ကိုင်စွဲလွှင့်ထူခဲ့တဲ့ ခွပ်ဒေါင်းအလံ ဆွဲကိုင်လွှင့်ထူမြှင့်တင်သူများ အဖြစ်နဲ့ ဗမာပြည်သူ တွေက မှတ်တမ်းမော်ကွန်းထိုးသွားပါလိမ့်မယ်။

“ကျောင်းသားသမဂ္ဂနှင့်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း” ဆိုတဲ့ စာအုပ်မှာတော့ ကျော်ကိုကိုဟာ ကျောင်းသားသမဂ္ဂခေတ်အဆက်ဆက်သမိုင်းကို အစအဆုံး စေ့စေ့စပ်စပ်၊ နက်နက်ရှိုင်းရှိုင်းလေ့လာပြီး အကျဉ်းချုပ်မှတ်တမ်းတင်ထားပါတယ်။ ကျောင်း သားလှုပ်ရှားမှုတွေ၊ တခုချင်းရော ဆက်စပ်မှုတွေကိုရော စတင်ပုံ၊ဖြစ်ပျက်ပုံ၊အဆုံးသတ်ပုံ၊ အကျိုးရလဒ်နဲ့ အကျိုး ဆက်တွေ မျှော်မှန်းချက်တွေကိုပါ ကျိုးကြောင်း ဆက်စပ်သုံးသပ်တင်ပြထားရာမှာတိုတို နဲ့ထိမိတာကို တွေ့ရပါတယ်။ ပထမပိုင်းမှာ ကျောင်းသားလှုပ်ရှားမှု ခေတ်အဆက်ဆက်ကိုဖော်ပြပြီးနောက် ရှစ်လေးလုံးအရေးတော်ပုံသုံးသပ်ချက်၊ ၂၀၀၈ အခြေခံဥပဒေသုံးသပ်ချက် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် သုံးသပ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း တို့လုပ်ကြံခံရပုံသုံးသပ်ချက်များကိုလဲ တိုတိုထိထိနဲ့ သုံးသပ်တင်ပြရာမှာ သူများတွေသုံးသပ်တာနဲ့ သိပ်မတူတဲ့အပြင် ဆန့်ကျင် တာများလဲ ပါရှိတာတွေ့ရပါတယ်။

ဒါပေမဲ့ ကျိုးကြောင်းဆက်စပ်တင်ပြထားတာတွေဖြစ်လို့ ဖတ်ရှုဆင်ခြင်ကြည့်သင့်ကြပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရပုံမှာ ကြိုတင်သတင်းကြားသိထားတဲ့ အပြင်အလွန်လွယ်ကူပုံဟာ ဂဠုန်စောတယောက်တည်းကိုအပြစ်ပုံချပြီး အဆုံးသတ်ပစ်ဖို့မဟုတ်ဘဲအတွင်းလူ အတွင်းရေးတွေရှိပေအုံးမယ် ဆိုတဲ့ သဘောကို ထောက်ပြပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သုံးသပ်ရာမှာလဲ “ စစ်တပ်က အချိန်ဆွဲနေတာ” ဆိုတဲ့ စကားလုံးတလုံးထည့်ထားတာတွေ့ရပါတယ်။ဒီလိုအကြောင်းအချက်တွေဟာပြန်လည်စိစစ်သုံးသပ်ရမယ့်အချက်တွေဖြစ်ပါတယ်။အထောက်အထားအချက်အလက်စာရွက်စာတမ်းတွေကို စစ်တပ်ကလဲတွေ့သမျှဖျက်ဆီးနေပါတယ်။ တချို့ပုဂ္ဂိုလ်တွေကလဲ အကြောင်းအမျိုးမျိုးနဲ့ ဖျောက် ဖျက်ရတာရှိသလို ကောင်းကောင်း မထိန်းသိမ်းကြတာလဲရှိပါတယ်။ တပ်မတော်မော်ကွန်းတိုက်ကိုသာ  ရွှေချထားပြီး အမျိုး သားစာကြည့်တိုက် ၊ အမျိုးသားပြတိုက်နဲ့ တက္ကသိုလ်စာကြည့်တိုက်တွေတောင် လျော့လျော့လျည်းလျည်းဖြစ်ကုန်ပြီလို့သတင်းမသိုးမသန့်ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။

ကျော်ကိုကို တို့လို မျက်မှောက်သမိုင်းကို သုံးသပ်ပြီး မော်ကွန်းထိုးမယ့် လူငယ်တွေများများ ပေါ်ထွက်ပါစေသတည်းလို့သာ ဆုတောင်း ရုံပဲတတ်နိုင်ပါတယ်။ဖြစ်ရပ်ကျန်၊ ဖြစ်ရပ်လိမ် သမိုင်းတွေကလဲ အများသားမဟုတ်ပါလား။ သတိထားကြဖို့ပါ။သမိုင်းစာပေအန္တရာယ်ကင်းပါစေ။ ကျော်ကိုကိုလဲ ဘေးကင်းပါစေ။

မောင်စွမ်းရည်
၂၀၁၅ ဧပြီ ၁၀  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts