သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ယဉ်ကျေးကြောင်းပြ အနိုင်ယူပါ

ငြိမ်းချမ်းအေး – ယဉ်ကျေးကြောင်းပြ အနိုင်ယူပါ
(မိုးမခ) ဇွန် ၀၆၊ ၂၀၁၅

မြန်မာလူငယ်အသင်းတွေ နယူးဇီလန်မှာကျင်းပတဲ့ အသက် (၂၀) နှစ်အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ စင်္ကာပူမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပွဲ (SEA Games) ရဲ့ အသက် (၂၃) နှစ်အောက် ဘောလုံးပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း ခြေစွမ်းတွေပြခဲ့ကြပါတယ်။  ကမ္ဘာ့အဆင့်ကန်နေတဲ့ အသက် (၂၀) နှစ်အောက်အသင်းဆိုရင် ဂိုးပြတ်တွေ ရှုံးခဲ့ပေမဲ့ ကစားပုံတွေကောင်းလို့ ပရိသတ်တွေအားပေးခဲ့ကြတယ်။  စင်္ကာပူ ဆီးဂိမ်းဝင် အသက် (၂၃) နှစ်အောက် မြန်မာ လူငယ်အသင်းလည်း အဖွင့် (၂) ပွဲဆက် ခြေစွမ်းပြနိုင်ခဲ့ရင်း ဒေသတွင်း ပြိုင်ဘက် အင်ဒိုနီးရှားနဲ့ အိမ်ရှင် စင်္ကာပူကို အနိုင်ယူနိုင်ခဲ့တယ်။  ပြည်တွင်းနဲ့ တကမ္ဘာလုံးက မြန်မာဘောလုံးပရိသတ်များလည်း လူငယ်တွေရဲ့ ဘောလုံးစွမ်းရည်နဲ့ တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်လျှံ၊ နှစ်ထောင်းအားရ ကြည်နူးဝမ်းသာ ပီတဖြစ် ကျေနပ်နေရတယ်။

ဒီလို အကောင်းတွေစုနေချိန်မှာ ပြောစရာဖြစ်ရတာကတော့ တရားလွန် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ပြင်းပြတဲ့ အပြုအမူ တွေပါ။  အွန်လိုင်းမှာ၊ ရုပ်သံတွေမှာ တွေ့မြင် ကြားသိနေရတယ်။  ယူ-၂၃ စင်္ကာပူ ပွဲအပြီးမှာဆိုရင် အနိုင်ပွဲကို ဂုဏ်သိက္ခာရှိရှိ ခံယူရမယ့်အချိန်မှာ မဆီမဆိုင် လူမှုကွန်ရက်စာမျက်နှာတွေမှာ စင်္ကာပူဘောလုံးအဖွဲ့ချုပ်နဲ့ မီဒီယာစာမျက်နှာတွေမှာ မြန်မာအွန်လိုင်းသုံးစွဲသူတွေ သွားဆဲကြ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ၊ မွတ်ဆလင်မုန်းတီးရေး စကားတွေ သွားရေး နေကြတယ်။  ရှုံးရင်လည်း မမဲ၊ နိုင်ရင်လည်း မမော်ကြွားတတ်တဲ့ လူကြီးလူကောင်း အကျင့်စိတ်ဓာတ် နိုင်ငံကြီးသား စရိုက် တွေ မမွေးမြူနိုင်ကြသေးဘူး။  ဆင်ခြင်ဖွယ်ပါ။

နောက်တခု ဆိုးတာကတော့ ဘောလုံးပွဲ ကြေညာသူတွေရဲ့ တဖက်သတ် အပြောအဆိုတွေပါ။  သူတို့ဟာ အွန်လိုင်းက တချို့ လူမျိုးရေး ခွဲခြား၊ သွေးထိုးတတ်သူတွေလို အပုန်းအလျှိုးတွေ၊ ပွဲဆူအောင် လုပ်ရတဲ့ လှုံ့ဆော်သူတွေ မဟုတ်ကြပါဘူး။  ခိုင်းထားလို့၊ ကြောက်လို့ လုပ်ရတယ်လို့လည်း မယူဆပါဘူး။ သူတို့ ဒီလို မြန်မာအသင်းဘက်ကနေပဲ လုံးလုံးနေ၊ ပြောရမယ် လို့ တကယ်ထင်မှတ် ယုံကြည်နေဟန်ရှိတယ်။

ကုန်လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်က သွတ်သွင်းခဲ့တဲ့ ပြင်းထန်စွန်းရောက်တဲ့ အမျိုးသား ရေးစိတ်ဓာတ် Ultra Nationalism အတွေးအမြင် သဘောတွေဟာ လူထုအပေါ် လွှမ်းမိုးစေတဲ့ ပညာရေး၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအစုံစုံကတဆင့် လူတွေရဲ့ စိတ်နှလုံး၊ အခြေခံကို ဟိုးအခြေအထိ နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာ အမြစ်တွယ်ခဲ့ပါပြီ။  ဒီနောက်ခံ စနစ်အဖွဲ့အစည်းမှာ အစီအစဉ်တက်ဆက်သူ လူငယ်တွေဟာ ဒီစနစ်ရဲ့သားကောင် ဖြစ်ရတဲ့ မျိုးဆက်ဝင် ဖြစ်တာကြောင့် သူတို့ကိုယ်နှိုက်ကကို အမျိုးသားရေး စိတ်နိုးကြွကြောင်း တရားလွန် ပြချင်နေဟန်တူတယ်။  ဒါဟာ အလုပ်သဘောအရ မလုပ်အပ်ဘူးဆိုတာလည်း သိဟန်မတူပါဘူး။ သက်ဆိုင်ရာ ရုပ်သံဌာနတွေကလည်း သင်ကြား ပြသပေးဟန် မရှိပါဘူး။

တကယ်တော့ ဘောလုံးပွဲ Commentator က အသင်းတသင်းသင်းရဲ့ အားပေးသူ မဟုတ်ရပါဘူး၊ အသင်းနှစ်သင်း အ ကြောင်း၊ ကန်နေတဲ့ ဘောလုံးပွဲအကြောင်း ဝေဖန်သုံးသပ်တင်ပြရတဲ့ ကြားလူသာ ဖြစ်ရပါမယ်။  ကျွန်တော်တို့ မြန်မာအ သင်းတို့၊ သန်းခြောက်ဆယ်သော ပရိသတ်ကြီးရဲ့ မျှော်လင့်ချက်တို့၊ ချန်ပီယံဖြစ်ဖို့ ယုံကြည်ချက်တို့နဲ့ ဘောလုံးအစီ အစဉ်တင်ဆက်သူ၊ နောက်ခံစကားပြောသူ ဘယ်လိုမှ မပတ်သက်ပါဘူး။  ခေတ်လူငယ် အသံလွှင့်သူများရဲ့ မြန်မာစကား ကို ဗမာတွေ နားမလည်အောင်ပြောတတ်တဲ့အကျင့်ကိုတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ် ရန်ကုန် FM ရေဒီယိုလိုင်း ပေါ်လာ ကတည်းက အတော်ကျင့်သားခဲ့ရပါပြီ။  ဒါပေမဲ့ နားကလောစရာ တရားလွန် မျိုးချစ်စိတ်တက်ကြွပြနေတဲ့ အသံတွေ၊ စကား တွေကတော့ ပရိုမပီသဘူး လို့ပဲ ဆိုရပါမယ်။

ဘောလုံးပွဲ တိုက်ရိုက်လွှင့်ကြတဲ့ ရုပ်သံလိုင်း အစိုးရ MRTV နဲ့ SKY Net နှစ်ခုမှာ ပုဂ္ဂလိကလုံးလုံးဖြစ်တဲ့ Sky Net က ပိုလို့ Professional မပီသ ‘မြန်မာအသင်းမှ မြန်မာအသင်း’ လုပ်ချင်တာလည်း သတိထားမိတယ်။  နိုင်ငံတကာ ရုပ်သံ မီဒီယာ အဆင့် တက်လှမ်းချင်ရင် ဒါမျိုးတွေကအစ ဆင်ခြင်ရပါမယ်။  တင်ဆက်သူတွေကို ဆောင်ရန်၊ ရှောင်ရန်တွေ သင်ကြားပြသ ပေးရပါမယ်။  အနည်းဆုံး အင်္ဂလိပ်စကား အကြား နားလည်မှု စွမ်းရည် မြှင့်ပေးပြီး နိုင်ငံတကာက ဘောလုံးပွဲကြေညာသူတွေ ဘာတွေပြောသလဲဆိုတာကို အမြဲ နားထောင် လေ့လာခိုင်းရပါမယ်။

ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင် စင်္ကာပူနဲ့ ကန်ခဲ့တဲ့ပွဲကို စင်္ကာပူ ရုပ်သံလိုင်းတွေကနေ ဖမ်းကြည့်၊ နားထောင်ကြည့်ခဲ့သူတွေနဲ့ ဆီးဂိမ်း ဖွင့်ပွဲ အခမ်းအနားစီစဉ်တက်ဆက်ပုံတွေကို သေသေချာချာ ကြည့်ခဲ့သူတွေသိပါမယ်။  စင်္ကာပူရီယန်းတွေ ဘယ်လောက် ပရိုပီသ၊ အလုပ်ကို အလုပ်လို သဘောထား၊ ယဉ်ကျေးမှုရှိကြောင်း၊ တမျိုး တဘာသာ တလူမျိုး နိုင်ငံတခုတည်း ဇွတ် ဇောင်းမပေး၊ ပုံမဖော်ကြောင်း အတုယူဖွယ် မြင်သိနိုင်ပါတယ်။  သူတို့လည်း နိုင်ငံဂုဏ်သိက္ခာတက်အောင် တင်ဆက်တာပါပဲ။  ဒါပေမဲ့ လိမ္မာပါးနပ် Smart ဖြစ်ပါတယ်။

စာနယ်ဇင်းသတင်းမီဒီယာရဲ့ အလုပ်က တင်ပြသူပါ။  ကြားက မီဒီယာ ရုပ်သံအနေနဲ့ သတင်းတင်ဆက်ရင် တဖက်စောင်းနင်း အပြုအမူတွေ ရှောင်ရပါတယ်။  အလုပ်ကို အလုပ်လို လုပ်ရပါတယ်။  မျိုးချစ်စိတ်တွေ၊ လူမျိုး၊ တိုင်းပြည် စိတ်ခံစားမှု မပါရပါ ဘူး။

နောက်တချက် ဆင်ခြင်ဖွယ်ရာ ဖြစ်ခဲ့တာက အားပေးသူ ပရိသတ်တွေရဲ့ အပြုအမူ သဘောထားတွေပါ။  မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိတာက တကယ်တော့ အပြစ်မဟုတ်ပါ။  ဒါပေမဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အတွက် ဂုဏ်ယူ၊ ချစ်ပြချင် ရင် တခြား တိုင်းပြည်၊ တခြား လူမျိုးတွေကိုလည်း လေးစားကြောင်း ပြသရပါတယ်။

အင်ဒိုနီးရှားနဲ့ အဖွင့်ပွဲက ကွင်းထဲက စင်္ကာပူရောက် မြန်မာပရိသတ် တချို့အပြုအမူကိုပဲ ဥပမာကြည့်ပါ။  ကျနော်တို့မှာ ဖြစ်ပုံက သူများ နိုင်ငံတော်သီချင်းဆိုချိန်တောင်မှ ငြိမ်သက်ပေး၊ လေးစားသမှုပြုရမယ်ဆိုတဲ့ အခြေခံစောင့်ထိန်းရမယ့် လူပီ သမှု ကျင့်ဝတ်တောင် မရှိပါဘူး။  ဒါတောင်ကျူးလွန်သူများက ပြည်တွင်းမှာ ဝါးလုံးခေါင်းထဲလသာနေတဲ့ မျက်ကန်း မျိုးချစ် များ မဟုတ်ပါ။  နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းနေတဲ့ ခေတ်ပညာတတ် နိုင်ငံတကာ လူရည်လည်သူများပါ။ ဒါတောင်မှ အကဲပိုတဲ့၊ မယဉ်ကျေးတဲ့ အပြုအမူတွေ ရှိတယ်။ နိုင်ငံတကာ တန်းဝင် ချင်ရင်တော့ ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့ အဖွဲ့အစည်းနဲ့ လျော်ညီတဲ့ ကျင့်ဝတ်၊ တာဝန်၊ အလုပ်တွေ ပြုစုပျိုးထောင် ကျင့်ကြံ ရပါမယ်။  မဟုတ်ရင်တော့ အင်တာ နေရှင်နယ် တဖက်ပိတ် တောသားပဲ ဖြစ်နေပါမယ်။

နိဂုံးချုပ်ရရင် အမုန်းတွေ၊ အစွန်းရောက်မှုတွေ၊ စစ်ပွဲတွေဖယ် အားကစားနဲ့ မျိုးချစ်ကြောင်း ပြသကြပါ။ ဒေသတွင်း ပြိုင်ဘက် တွေကို အားကစားနဲ့ အနိုင်ယူပြကြပါ။  ဒါ့ထက်ပို အရေးကြီးတာကတော့ မြန်မာတွေ လူပီသကြောင်း၊ ယဉ်ကျေး ကြောင်းနဲ့ ကမ္ဘာကို ရင်ပေါင်တန်းယှဉ် အသားယူပြစေလိုကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
ဇွန် ၀၅၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော်ကိုဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchan81@gmail.com သို့လည်း စာရေး နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ယဉ်ကျေးကြောင်းပြ အနိုင်ယူပါ
  1. Actually I don’t give a damn about social media comments war and acts of individual / personal. I’m more concerned about state level mindset, attitude and their policies / acts. That’s why I wish people to see how and what is Singapore and its media different from Kyat Pyae apartheid racist regime and its media.

    Of course, I know what is the general level of human decency of SG society and the disadvantage of semi-authoritarian state. I wrote so many times about that already. (See my SG related articles in The Irrawaddy (Burmese Version) and MoeMaKa Media – News Group covering Burmese Community by Burmese People archives.)

    Yet state sponsored ethnocentrism, racism is cleverly controlled and manipulated in SG. They have, of course, their own way of favouring Chinese ethnicity but they are smart, not dump like Burmese ultra nationalist extremist Generals.

    That is why racism, terrorism against the minorities and religious persecution are very obvious and can be noted clearly as a state-sponsored in Burma.

    I will discussed more as a new article.

Comments are closed.