လူများ၊ ရုပ်ပုံလွှာများ

စမ်းစမ်းနွဲ့(သာယာဝတီ) – သင်းရီရဲ့ နှင်းဆီရနံ့ပြေပြေ မြေကမ္ဘာပေါ်သူထားရစ်ခဲ့

Khit Ya Nant - ခေတ်ရနံ့ မဂ္ဂဇင်း's photo.
စမ်းစမ်းနွဲ့(သာယာဝတီ) –  သင်းရီရဲ့ နှင်းဆီရနံ့ပြေပြေ မြေကမ္ဘာပေါ်သူထားရစ်ခဲ့
(ခေတ်ရနံ့မဂ္ဂဇင်း၊ ဇွန် ၂၀၁၅) ဇွန် ၆၊ ၂၀၁၅ 

ခေတ်ရနံ့မဂ္ဂဇင်း၊ ဇွန်လထုတ်တွင် ဖော်ပြခဲ့သော ဆရာသင်းရီ အမှတ်တရ ကဏ္ဍမှ ဆရာမှ စမ်းစမ်းနွဲ့ (သာယာဝတီ) ၏ ဆောင်းပါးကို တင်ပေးလိုက် ပါတယ်။

နှင်းဆီပွင့်ချပ်များ လွှမ်းခြုံလဲလျောင်းနေသော ကျွန်မ၏ မောင်ငယ်ထံသို့ ခပ်သွက်သွက်တိုးကပ်သွားမိသည်။

ညိုသွေ့သွေ့ ခြေဖ၀ါးနှစ်ပြင်မှာ ဗွေရာတွေ ခြေခက္ခဏတွေ အသအချာမမြင်နိုင်တော့။ လောကဓံက တိုက်စားသွားခဲ့ပြီ။ မနှစ် ကအထိ သည်ခြေဖ၀ါးအစုံဖြင့် အထပ်မြင့်လှေကားတွေ တက် တုန်း ဆင်းတုန်း။ မြေတစ်ပြင်မှာ ဟိုဟိုသည်သည် လျှောက်လှမ်း တုန်း။

““အသက်ရှူရကျပ်လာတော့ နည်းနည်းမောတယ် အစ်မရယ်”” ဟု ဆိုတတ်တာကလွဲပြီး သူ့ကျန်းမာရေးကို တကျယ်တ၀င့် မဖွဲ့ နွဲ့တတ်သူ။ ကြိတ်မှိတ်ခံနေခြင်းမဟုတ်။ မကောင်းမှုရှောင် ကောင်း မှုဆောင်ပြီး စိတ်ကိုဖြူအောင်ထားရင်း သည်းခံနိုင်စွမ်းသူသာ ဖြစ် သည်။ ကျွန်မတို့အားလုံးသိထားသလောက် သူ့ကိုယ်သူလည်း သိ နေပါသည်။ သွားနိုင်သလောက်သွားပြီး လုပ်နိုင်သလောက်လုပ် သည်။ ရေးနိုင်သလောက်ရေးပြီး ပြောနိုင်သလောက် ပြောသည်။ Facebook မှာ ပညာရေးကျောင်းသားသပိတ်ကို ထောက်ခံအား ပေးသော သူ့စာတိုလေးတွေ ဖတ်ရသည်။ နောက်ဆုံးအချိန်များ အထိ ပေးဝေချီးမြှင့်ခဲ့သူ။ “ပေးဆပ်သည်” ဆိုသော အများသုံး စကားလုံးကို ယောင်မှား၍ မျှမဆိုချင်ပါ။ အကြွေးတင်ထားမှ ပေး ဆပ်ရမည်။ ဘာကြွေးဘာအခွင့်အရေးမှ ကိုယ်ကျိုးမရှာခဲ့သူက ဘာပေးဆပ်ရမည်တဲ့လဲ။ ကြွေးသစ်ချခဲ့သူ၊ ဝေငှပေးကမ်းသူသာ ဖြစ်ပါသည်။

xxx

စတင်ခင်မင် ကျွမ်းဝင်ခဲ့သော ၁၉၈၉ လောက်မှစ၍ သည် ခြေဖ၀ါးအစုံကို သူတော်တော်ကြီး မောင်းနှင်ခဲ့သည်။ သူ့မွေးဇာတိ သဲကုန်းနယ်တစ်ကြောမှာ သူနှင့်သူ့ရဲဘော်များ၏ ခြေရာတွေ အထင်ကရရှိဆဲ။ စက်ဘီးလမ်း၊ ခြေလျင်လမ်း။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသည် သူယုံကြည်သောလမ်း။ ကျွန်မတို့ ထပ်တူထပ်မျှ ယုံကြည်ကြသောလမ်း။ ဖုံဖုံသာသော လမ်းတော့မဟုတ် ဆူးငြောင့်ခလုတ်ကန်သင်းပြွမ်း၍ ကြမ်းရှသော လမ်း။

ဒီချုပ်၏ ရပ်ကျေးကွန်ရက်များ စတင်ဖွဲ့စည်းတော့ သူတို့ တစ်တွေ အခြေခံကျကျ လက်တွေ့ကွင်းဆင်းတည်ဆောက်ပြီး သော ရလဒ်များပေါ်မှာ ပဲခူးတိုင်းစည်းရုံးရေးတာဝန်ဖြင့် သွား ရောက်နှမ်းဖြူးခဲ့ဖူးပါသည်။ ““လိုအပ်သည်များမှာကြား”” ဆိုသော ခေတ်ပေါ်စကားလုံးက ကျွန်မဦးနှောက်အခန်းနံရံများကို အထပ် ထပ်ရိုက်ခတ်ကာ လိပ်ပြာလန့်ရပါကြောင်း ဖွင့်ဟ၀န်ခံမိတော့ သူက နှစ်နှစ်ကာကာ ပြုံးသည်။

““ဒီလို မပြောကြေးလေ။ အစ်မတို့က နာမည်နဲ့ ဘ၀နဲ့ ရင်း ပြီးလုပ်နေတာ။ ခံစရာရှိရင် အစ်မတို့လည်း ရှေ့တန်းက ခံရမယ့် လူတွေဆိုတာ သိထား””

သူ့နီဝါတ မင်္ဂလာစကားမှာ ချိုမြိန်ရင်း သူ့အိမ်ရောက်တိုင်း ထမင်းစားခဲ့သည်။ သူ့ချစ်ဇနီးဆရာမချိုရဲ့လက်ရာ ဖွယ်ဖွယ်ရာရာ ဒေသစာတွေ။

““အိမ်ဘေးမှာ ငုံးခြံရှိတယ်။ အစ်မက ငုံးကလေးတွေမွေးထား တော့ စာဝတ်နေရေးတစ်ဖက်တစ်လမ်း အလုပ်ဖြစ်ပါတယ်။ တောင်ခြေမှာလည်း လယ်စိုက်တယ်၊ ယာစိုက်တယ်လေ””

ပြွတ်သိပ်မတတ်သော ငုံးအိမ်သေးသေးကလေးတွေကို ညွှန် ပြရင်း ထမင်းမျိုကျအောင် ပြောတတ်ရှာသူ။
သူ့အိမ်ရှေ့ခန်းမှာ မယ်ဒလင်လား တယောလား မကွဲပြား သော တူရိယာတစ်ခုမြင်သည်။  သဲကုန်းဆရာအတတ်သင်မှာ အလုပ်လုပ်တုန်းက ““ဂီတနည်းပြဆရာ”” နှင့် တွဲဖက်အညီဆုံးပါ တဲ့။ ခုတော့ ထိုတူရိယာလေးမှာ ကြိုးတွေ လျော့နေလောက်ပြီ။ အချို့ကြိုးများ ပြတ်ကောင်း ပြတ်နေရော့မည်။

ကျွန်မတို့နှင့် တွေ့ ဆုံချိန်မှာ ဆိုတေးသံပြိုင် တီးကြမြိုင်မြိုင် နွှဲခွင့်မသာတော့။ လုပ်ငန်း စဉ်တွေ ဆွေးနွေးရင်း၊ သတင်းဖလှယ်ရင်း အားလုံး စားသုတ်သုတ် သွားသုတ်သုတ်။

xxx

၁၉၈၉ ဇူလိုင် အာဇာနည်းနေ့တစ်ဝိုက်မှာ အဖမ်းအဆီးခံ ကြရတော့ ကျွန်မ အင်းစိန်ထောင်တိုက်ခန်းကျဉ်းထဲ ရောက်သွား သည်။

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆို သော ဆောင်ပုဒ်ကို Poster Campaign, T Shint Campaign များဖြင့် အသံတိတ်ဆန်္ဒပြဖို့ ပဲခူးတိုင်း စည်းရုံးရေး ၏ အဆိုပြုချက်လည်း အကောင်အထည်မဖော်နိုင်တော့။ နိုင်ငံ ရေး အဟုန်အလျင် ရုတ်တရက် “တန့်” သွားသည်။ ဒေါ်အောင် ဆန်းစုကြည်၏ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကာလ။

ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင်ရှေ့နေကြီး ဒေါ်မြင့်မြင့် ခင်က အင်းစိန်ထောင် တိုက်ခန်းကျဉ်းထဲမှ ဟောကိန်းထုတ်နေ သည်။

““ရွေးကောက်ပွဲ လုပ်ကိုလုပ်ရမည်”” တဲ့။
သူ့ဟောစာတမ်းကွက်တိပါ။ ကျွန်မတို့ကို ရုတ်တရက် စစ် ကြောရေးထုတ်သည်။

ထောင်ပိုင်ရုံးခန်းမှာ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းက ရွေး ကောက်ပွဲအကြောင်း လိုတိုရှင်းပြောကာ

““အစ်မကြီး သဲကုန်း၊ မြိုင်နဲ့အုတ်တွင်းမြို့နယ်တွေက ကိုယ် စားလှယ်အဆိုပြုထားတယ်။ အစ်မကြီးကိုယ်တိုင် ရွေးချယ်ပြီး တော့…””

““ဟာ…ကျွန်မ ရွေးကောက်ပွဲ မ၀င်ပါဘူး။ စာရေးဆရာပါ။ စာပဲ လွတ်လွတ်လပ်လပ် ရေးနေချင်ပါတယ်”” ဟု သူ့စကားမဆုံး ခင် ဖြေလိုက်ပါသည်။

““သေသေချာချာ စဉ်းစားပြီးမှ ဖြေပါဗျာ””

““ဒီအချုပ်ကို ၀င်ကတည်းက ကျွန်မဆုံးဖြတ်ချက်ချပြီးသားပါ။ သဘောထားမပြောင်းပါဘူး””

““သေချာပါတယ်နော်””
““ဟုတ်””

““ဒါဖြင့်ရင် အဲဒီသဘောထားကို စာတစ်ကြောင်း နှစ်ကြောင်း ရေးပေးလိုက်ပါဗျာ။ ဒီချုပ်ကို ပြန်ပို့ပေးလိုက်ပါ့မယ်””

ကျွန်မ အတွေးက ရွေးကောက်ပွဲဝင်မည်ဆိုလျှင် လွတ်နိုင် ချေရှိသည်။ မလွတ်လျှင်လည်း ရှိစေတော့။ ကျွန်မ ဆုံးဖြတ်ချက် ကို ချက်ချင်းချရေးပြီး လက်မှတ်ထိုးပေးလိုက်ပါသည်။ တိုက်ထဲ ပြန်ရောက်၍ အတွေ့အကြုံရှင်းလင်းပွဲလုပ်တော့ ဒေါ်မြင့်မြင့် ၀င်က တဖျစ်တောက်တောက်။

““ရှင့်နှယ့်နော် မိုက်ပါပေ့။ အဆိုပြုချက်ယူလာပါတယ်ဆိုမှ လက်ခံလိုက်ရောပေါ့။ လွတ်နိုင်ချေရှိပါလျက်နဲ့””
ကျွန်မ နည်းနည်းတော့ စိတ်ညစ်သွားပါသည်။

သို့သော်…
ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုမှာ ဒေါ်မြင့်မြင့်ခင်ရော ကျွန်မပါ ပုဒ်မ ၁၀ (က) ထောင်တွင်းအကျဉ်းချုပ် တိုက်ပိတ်ခံ ထားရာက လွတ်မြောက်ခဲ့ပါသည်။

အပြင်ရောက်တော့ ကိုသိန်းထွန်းလာတွေ့သည်။ သဲကုန်းမြို့ နယ် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည်တဲ့။

““အစ်မငြင်းလိုက်လို့ ကျွန်တော် ရွေးကောက်ပွဲဝင်ရမှာနော်””

““ထိုက်ထိုက်တန်တန်ပါ မောင်လေးရယ်။ အစ်မက အဲဒါမျိုး တွေ တကယ်မလုပ်တတ်လို့ပါ””

သူထံမှ ယုံယုံကြည်ကြည် ဦးစားပေးခံခဲ့ရခြင်းကို ကျွန်မ တန်ဖိုးထားသည်။ ဘယ်တော့မှမမေ့။
ရွေးကောက်ပွဲအပြီး ဒီချုပ်က တောင်ပြိုကမ်းပြိုနိုင်လိုက် သည်ကို တစ်ကမ္ဘာလုံးကြည့်နေသည့်ကြားက စဉ်းစဉ်းလဲလဲ ထိုး နှက်ချက်များ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရသည်။ ဂနီ်္ဓခန်းမ ညီလာ ခံသည် သမိုင်းကို ရွေ့အောင် မရွှေ့နိုင်ခဲ့။ မန္တလေးမှာ ဒုတိယ ညီလာခံအရှိန်မြှင့်ရေး အစီအစဉ်မှာလည်း အထမမြောက်ခဲ့။ကြိတ်ဝိုင်းကလေးတွေမှာ၊ လမ်းခရီးမှာ အဖမ်းအဆီးခံကြရလေရာ ကုန်လုနီးပါးပါပဲ။

အများစုကို နှစ်ရှည်ထောင်ဒဏ်ချလိုက်သည်။ အရပ်ခေါ် နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ ဖြင့် ၂၅ နှစ်။ ကိုသိန်းထွန်း ထောင်ဒဏ် ၂၅ နှစ်။

လွှတ်တော်တက်ရမည့်အမတ်တွေ အင်းစိန်ထောင်ထဲ ရောက်ကုန်ကြပြီ။ အမတ်များသာမက ၀န်းရံသော ပြည်သူများပါ အင်းစိန်ထောင်တိုက်ခန်းတွေထဲမှာ အုံလိုက်ကျင်းလိုက် ရုံပြည့်ရုံ လျှံ။ အပုန်းအကွယ် အပြေးအလွှားကောင်းသူများ၊ အသံမမြည် တတ်သူများက ပြည်ပထွက်ပြီး စင်ပြိုင်အစိုးရဖွဲ့သည်။

ဘာပဲဖြစ်ဖြစ် အဖွဲ့ချုပ် (ဗဟို) မှာ တော့ သွေ့ခြောက်သွား ပေပြီ။ သို့သော် နိုင်ငံရေးက စဥ့်ကလျားကာလသည် သိပ်မကြာ လိုက်။ ထောင်တွင်း အင်အားစုမိသလို ပြင်ပမှာလည်း အခင်း အကျင်းသစ်များ ပိုမိုကျယ်ပြန့်လာသည်။ အကြောက်တရားသည် ခွန်အားဖြစ်လာ၏။ ထောင်ဝင်စာပို့ရင်း၊ ကလောင်၊ ကောက်ရင်း ဖြင့် ပတ္တာနိက္ကုဇန ကံဆောင်ပွဲက အဓမ္မကို ရဲရဲဆန့်ကျင်လိုက် သည်။ ဖြိုခွဲဖိနှိပ်ရေးဗျူဟာကို ကျွမ်းကျင်လက်ယဉ်နေသူများက လည်း သူ့အလုပ်သူလုပ်မြဲ။ ကြိုတင်မျှော်လင့်ထားပြီး ဓမ္မဘက် တော်သားများကလည်း ခံနိုင်ရည်နှင့် ရှင်သန်ဆဲ။

သို့ပြင် နှစ်နှစ်ကျော်ကာလမှာ ၉၀ ပြည့် အမတ်တွေ ထောင် ထဲက တစ်သုတ်ပြီး တစ်သုတ် လွတ်လာကြပြန်ပါသည်။ ကိုသိန်း ထွန်းကို ချက်ချင်းချိတ်ဆက်မိသည်။

““ကျန်းမာရေး””

““မဆိုးဘူး အစ်မ””

““နိုင်ငံရေး””

““ပိုလုပ်ရလိမ့်မယ်”

““စာရေးဖို့””

““အခြေအနေအရပေါ့ အစ်မရယ်။ အစ်မကကော””

““အစ်မလည်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ မရေးဖြစ်လှပါဘူး ဟယ်””

သူက ပိုပြီး ဟိုလုပ် ဒီလုပ် ရှုပ်ယှက်ခတ်နေပုံရပါသည်။ အတော်ကြာကြာ တွေ့လိုက်၊ မတွေ့လိုက်။
တစ်နေ့တော့ မမျှော်လင့်ဘဲ သူရောက်လာသည်။ အိမ်ရှင် စက်ရုပ်ကို ခလုပ်နှိပ်လိုက်သလို ကျွန်မက ကော်ဖီဖျော်တိုက်ဖို့ ပြင်တော့။

““ကော်ဖီမလုပ်နဲ့ အစ်မရာ ဘာဟင်းချက်လဲ””

““၀က်သားထင်တယ်”” ဟု ကျွန်မက မရေမရာဖြေဆဲ မီးဖို ချောင်ခန့်ခွဲသူ ယောက်မကြီးက အိမ်ထဲမှ လှမ်းအော်သည်။

““၀က်သားနှပ်တယ်။ ငါးကြင်းဆားနယ်ကို ခရမ်းချဉ်သီးနဲ့ ငါးပိချက် ချက်တယ်။ ပြင်လာခဲ့မယ်””

ကျွန်မအိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်မစားဖြစ်သည်မို့ ဧည့် သည်ကို ထမင်းကျွေးဖို့အားနာသည်။

ကိုသိန်းထွန်းက ““သွား မကောင်းလို့”” ဟု အကြောင်းပြကာ ၀က်သားဟင်းပန်းကန်ကို တွန်းထုတ်ပြီး

““ငါးပိချက်ကောင်းတယ်ဗျာ၊ အိမ်ကိုတောင်လွမ်းသွားတယ်””

ဟုတ်လေလားမသိ။ ငါးပိချက်နှင့် ခရမ်းသီးပြုတ်အတို့ကို အားပါးတရစားသည်။

““ငါးပိချက် များသေးလား အစ်မ””

ယောက်မကြီးက ချက်ချင်းဖြေသည်။

““တစ်အိုးကြီးပဲ၊ နေဦး ဖြည်းဖြည်းစားပါ။ ထပ်ထည့်ပေးမယ်””

သူက ထမင်းလက်စသတ်လိုက်ပြီး

““ကျွန်တော်က တော်ပါပြီ။ ငါးပိချက်နည်းနည်းထည့်ပေးလိုက် လို့ရမလား””

““ရတယ် ရတယ် ခုပဲ ပြန်တော့မှာလား””

““ဟုတ်””

ကျွန်မ ရင်ထဲ တကယ်ပင် နင့်သွားသည်။

ပုန်းလျှိုး ကွယ်လျှိုးနေပြီး စားရေးသောက်ရေး ခက်နေသူတွေ အများကြီးရှိပါသည်။ ကိုသိန်းထွန်းကတော့ ထိုလူတွေထဲမှာ ကောက်ကောက်ထဲက ကိုင်းကိုင်းဖြစ်ပုံရသည်။ ထိုထို လူ့အဖိုးတန် တွေကို စားရေးသောက်ရေးမျှပင် မပံ့ပိုးနိုင်သော ကျွန်မ။
ယောင်းမကြီးက ပလတ်စတစ်ဘူးကြီးနှစ်ဘူးကို ကြွပ်ကြွပ် အိတ်နှင့် ထည့်ယူလာသည်။

““ဘာတွေလဲ အစ်မ များတယ်””

သူက ကျွတ်ကျွတ်အိတ်ထဲမှ ဘူးများကို စစ်ဆေးပြီး…

““၀က်သားဟင်း မယူဘူး အစ်မ။ ဒါဆိုရပြီ””

ဘယ်လိုပြောပြော မရတော့ဘဲ ငါးပိချက်ဘူးကိုသာ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ထွက်သွားတော့သည်။
ကိုသိန်းထွန်းဆိုတာ အဲသည်လို လူမျိုးပါ။

လအနည်းငယ်ကြာတော့ ကျွန်မ အဖမ်းခံရပြန်ပါသည်။ ထောင် ၁၀ နှစ်ကျသည်။ မိသားစုထံ
သူရောက်လာပြီး ထောင်ဝင် စာ ဖွယ်ဖွယ်ရာရာ စီမံပေးသွားလေသတဲ့..ကဲ။

xxx

သို့ဖြင့်

ခုနစ်နှစ်ခန့်ကြာသော်..

အိုခြင်း၊ နာခြင်း ၀တ်ရုံနှစ်စကို ရစ်ပတ်ခြုံလွှမ်းပြီး ကျွန်မ ထောင်မှ လွတ်လာသည်။ သူလာတွေ့တော့ ကျွန်မမှာ မေးခွန်း များစွာရှိနေ၏။ တစ်ခုပြီးတစ်ခု…
ဆယ်စုနှစ် တစ်ခေတ်ဖြစ်စဉ်များကို ဆစ်ဆစ်ပိုင်းပိုင်း ရှင်းပြ တတ်သူ။ ထိုတစ်ကြိမ်သာ အကြာကြီးတွေ့ဖြစ်ခဲ့ပြီးတော့ သူက ဝေးလိုက်၊ နီးလိုက်၊ ပျောက်သွားလိုက်။

ထိုအခိုက်မှာ ““သင်းရီ”” ၏ ၀တ္ထုတိုရှည်များကို ဂုဏ်ယူမြတ် နိုးအပ်သော စာပေဆုတစ်ဆု သူရယူလိုက်သည်။ ““ရွှေအမြုတေ စာပေဆု””။ ဂျာနယ်မှ နိုင်ငံရေးဆောင်းပါးများ ဆက်တိုက်။
စာအုပ်ကလေးတစ်အုပ်စီစဉ်ပို့သူနှင့် ကျွန်မ ပခုံးပေါ် တာဝန် ကိုယ်စီကျလာတော့ သူစိတ်အားထက်သန်တက်ကြွနေပါသေး သည်။

သူကိုယ်တိုင် ရနံ့သစ်မှသည် ခေတ်ရနံ့အထိ အယ်ဒီတာအဖွဲ့ ၀င်ဖြစ်နေရာ မဂ်္ဂဇင်းတိုက်မှအပြန် ကျွန်မအိမ်သို့ လေးငါးကြိမ် ၀င်လာသေးသည်။ တစ်ချိန်မှာတော့ စကားတွေပြောနေရင်း သူ့ “အသံ” ပုံမှန်မဟုတ်တော့တာကြာပြီကို ဖွင့်မေးမိသည်။ ခပ်ရှရှ၊ ခပ်ယဲ့ယဲ့ဖြင့် သဲ့သဲ့ကလေး သက်မောရှိုက်နေလေသည်။

““အသံအိုးပျက်သွားတာ အစ်မရဲ့။ အဆုတ်ကလည်း သိပ် အလုပ်မလုပ်နိုင်တော့ဘူး””

စာရွက်များကို ဖြည်းညင်းစွာ လှန်လှောရင်းက ဘာမှ အရေးမပါလှသလို ပကတိအေးဆေးစွာ

““နောက်ဆိုရင် ဖုန်းနဲ့ပဲပြောကြမယ်။ မက်ဆေ့ခ်ျပဲ သုံးကြ မယ်။ လိုအပ်ရင် အစ်မလာခဲ့မယ်”” ဟု တင်းတင်းရင်းရင်းမှာရပါ သည်။

မကြာမီ မိသားစုအစီအစဉ်ဖြင့် ဘန်ကောက်မှာ ဆေးသွား စစ်သည်။ ဆေးကုသွားရင်း လျှောက်ရိုက်ထားလိုက်သည့် ဓာတ် ပုံတွေ Facebook မှာ တင်သမျှ စောင့်ကြည့်စောင့်ဖတ်ရသည်မှာ နိဝ္စဒူဝ။ ပြန်လာတော့လည်း အခမ်းအနားတချို့မှာ ကင်မရာ တဖျပ်ဖျပ်ဖြင့် အပြုံးမပျက်။ သူ့ဆေးစစ်ချက်ရလဒ်ကို အားလုံး သိနေကြ၍ အရိပ်တကြည့်ကြည့်သာ။
သူ Facebook စာလုံးများလာသည်။ လှမ်းဖုန်းဆက်ကြည့် တော့ အပြင်မထွက်နိုင်တော့ပါတဲ့။ ပိုက်ဖြင့် အောက်စီဂျင် ရှူရင်း စကားတွေအများကြီး ပြောနေသည်။ အလုပ်ကိစ္စကိုတော့ ကျွန်မ လုံးဝ စကားမစတော့ပါ။ မကြာမကြာ ဖုန်းဆက်ပါဟုဆိုသည်။ ဂျာနယ်မှာ အပတ်စဉ်ဆောင်းပါးတွေ ရေးနိုင်တုန်း။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကျောင်းသားသပိတ်ကို ထောက်ခံအားပေး တုန်း။
Facebook စာမျက်နှာမှာ သူ့အနားဝိုင်းဝိုင်းလည်မျှ အားပေးအဖော်ပြုနေကြသော မိတ်ဆွေများ၊ ရေးဖော်ရေးဖက် များ တပည့်တပန်းများဖြင့် စည်စည်ဝေေ၀ တွေ့ရသည်။ နိုင်ငံရေး၊ စာပေ၊ ဂီတချစ်သူ ခင်သူများလှသောသူ။ အိမ်မှာဆိုကြ တီးကြ ၀ိုင်းကြီး ၀ိုင်းငယ်။ တစ်ခါတော့ သူကိုယ်တိုင် တယောဝင်ထိုးနေ ချေသေးတော့။

အောင်မယ်…ကြည့်စမ်း။ ဂီတလက်သံ ဒေါင်ဒေါင်လန် နေလိုက်တာများ။ ငါ့မောင်လေးတော့ ဒီလိုနဲ့ အသက်ရှည်ဦးမယ်။

Facebook မှာ သူ့ Page ကို စောင့်ကြည့်ရင်း ဖုန်းမကြာ မကြာ ဆက်ဖြစ်သော်လည်း လူကိုယ်တိုင် သွားရောက်ဖို့ ကျွန်မ ပျက်ကွက်ခဲ့ပါသည်။

““မလာနဲ့အစ်မ။ ကျွန်တော့်အိမ်က အစ်မအိမ်ထက် အထပ် ပိုမြင့်တယ်။ ခြောက်ထပ်ကို အစ်မတက်လာဖို့ မလွယ်လောက်ဘူး””

သူသက်ညှာခဲ့သည်ကို ကျွန်မ အလွယ်တကူ အခွင့်ကောင်း ယူမိခဲ့လေသလား။

xxx

လဲလျောင်းနေသော သူ့ထံပါးမှာ နှင်းဆီရနံ့က သင်းသင်း ပြေပြေ။ ကြုံနေကျ အမွှေးတိုင်နံ့တွေ ထူးထူးကဲကဲပန်းရနံ့တွေ အလျဉ်းမခံစားရ။

နှင်းဆီပွင့်ချပ်များ လွှမ်းခြုံထားသော သူ့ခန္ဓာမှသည် သူ့ မျက်နှာကို နောက်ဆုံး မှတ်သားနေမိသည်။ ငွေရောင်ဆံပင်လွလွ၊ မျက်လွှာစေ့ပိတ်ထားသည့်တိုင် နှုတ်ခမ်းများပွင့်လုလု မဟတဟ။ စကားတွေ ပြောချင်နေသေးသလား ကိုသိန်းထွန်းရယ်…။

ပါရမီဖက် ချစ်ဇနီးနဲ့ ချစ်ဖွယ်သားသမီးတို့ကို ပြောစရာ စကားတွေ ကုန်နိုင်ပါဦးမည်တဲ့လား။

သူလဲလျောင်းရာ မှန်သေတ္တာကို ဖွဖွဆုပ်မိသည်။

““သွားနှင့်ဦးတော့ မောင်လေး””

အနီးမှာရှိနေသော ဆရာလေးကိုတင်က ““သွားနှင့်တော့ သူငယ်ချင်းရေ”” ဟု  တိုးတိုးညင်သာ နှုတ်ဆက်နေသည်။ သူ့ကို တွန်းလှည်းပေါ် မတင်ပါ။ ချစ်ခင်သူတွေ ၀ိုင်းဝန်းထမ်းပို့ သယ် ဆောင်သွားကြသည်။

သင်းသင်းရီရီ နှင်းဆီရနံ့က ကျွန်မတို့ထံပါး မှာ လွင့်ပျံ့တိုးဝှေ့ကျန်ရစ်သည်။ ဇွန်ပန်းရုံနှင့်ခရေဦးကို အာရုံစူး နစ်ခဲ့သူက နှင်းဆီဝတ်ရုံခြုံ၍ ထွက်ခွာသွားနှင့်လေပြီ။

ဖြောင့်မတ်သော ကိုယ်ကျင့်သိက္ခာ၊ အနုပညာ၊ ယုံကြည်ခံယူချက် တို့ဖြင့် မွှေးမြသင်းရီသော နှင်းဆီရနံ့ ပြေပြေကို မြေကမ္ဘာမှာ သူထားရစ်ခဲ့သည်။

စမ်းစမ်းနွဲ့ (သာယာဝတီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts