ဗိုလ်ထက်မင်း သတင်းဆောင်းပါး ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၃)

ဗိုလ်ထက်မင်း –  ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၃)
(မိုးမခ) ဇွန် ၂၊ ၂၀၁၅

၁၃။    တရုတ်အစိုးရအနေနဲ့လည်းမြန်မာနိုင်ငံဖြစ်စဉ်တွေကိုအနီးကပ်စောင့်ကြည့်နေရာယခင်အစိုးရ လက်ထက်က အမွေဆိုးစီမံကိန်းများကို လက်ရှိအစိုးရသစ်ရဲ့ ကိုင်တွယ်နေပုံတွေအား ဘဝင်မကျဖြစ်လာ ပုံရပါတယ်။ တရုတ်စီမံကိန်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ မြှင့်တက်လာပြီး တရုတ်သံရုံးထိ ရောက်လာလို့  ဒီမိုကရေစီအသွင်ကူးပြောင်းရေး သရုပ်ပြ နမူနာအဖြစ် တရုတ်ဆန့်ကျင်ရေးလုပ်နေတယ်လို့ တရုတ်က မြင်ပါတယ်။ မြန်မာပိတ်ဆို့ခံရမှူ ကြုံတွေ့ခဲ့ရစဉ်က အထီးကျန်ဖြစ်နေမှူနဲ့ အကျပ်တည်းဖြစ်နေတာကို  တရုတ်က ကူညီပံ့ပိုးခဲ့တါ မြန်မာက ကျေးဇူး မေ့သွားပြီ၊ ဘဝမေ့သွားပြီ၊ဆိုတာကို ရည်ရွယ်ဟန်တူပြီး  ယနေ့တရုတ်စီမံကိန်းဆန့်ကျင်းရေးတွေအား ထောက်ပြကာ ဘယ်လိုမှ စဉ်းစားရမှန်းမသိအောင်ဖြစ်မိ ကြောင်း ပြောင်းသွားတဲ့ တရုတ်သံအမတ်ကြီးကပြောခဲ့ပါတယ်။ ယခုအနောက်နိုင်ငံတွေကို မြန်မာအစိုးရ က တစာစာလက်ယှက်ခေါ်နေတာကို ကြည့်ပြီး  တရုတ်စိတ်ထဲ မကျေမနပ်ဖြစ်နေတာဟာ ကိုးကန့်ဒေသတိုက်ပွဲဖြစ်လာတော့ ပေါက်ကွဲထွက်လာတယ်လို့ မျိုးချစ်တပ်မတော်အရာရှိတွေက မြင်ပါတယ်။

သစ်ခိုးမှူနဲ့ ရာနဲ့ချီပြီးဖမ်းထားတဲ့တရုတ်လူမျိုးတွေကို မြန်မာက ပြန်လွတ်ပေးမယ်လို့တရုတ်အစိုးရက မျှော်လင့်ထားပေမဲ့ ထောင်ချပစ်လိုက်တဲ့ဖြစ်စဉ်၊ ဖမ်းထားတဲ့ တရုတ်ကြေးစားစစ်သားတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ချတာတွေ၊ မန်စီနယ်မှာ တရုတ်လူမျိုး သစ်ခိုးထုတ်နေတာကို တပ်မတော်က ထပ်ပြီး ဖမ်းလိုက်တာတွေ၊ ကသာ ခရိုင်မှာ အစိုးရက သစ်ဖမ်းဆီးမှူအထူးစစ်ဆင်ရေး ထပ်လုပ်မယ် ဆိုတာရယ်နဲ့ရွှေခိုးတူးဖေါ်တဲံ့ တရုတ်တွေ ထပ်ဖမ်းခံရတာတွေ၊ ရွေးကောက်ပွဲနီးလို့အနောက်နိုင်ငံတွေ မျက်နှာသာရအောင် ခြေလှမ်းပြင်နေတါကြောင့် တရုတ်အစိုးရအနေနဲ့ ဦးဖုန်ကြားရှင်ကို ပြန်အသက်သွင်းရတာဖြစ်တယ်လို့ မျိုးချစ်တပ်မတော် အရာရှိများက သုံးသပ်လာပါတယ်။

၁၄။    ဒါကြောင့်တရုတ်က ဦးဖုန်ကြားရှင်ကို စစ်တုရင်နယ်ရုပ်(pawn) သဘောထားကာ Strategic power  Game ကစားလာတယ်လို့ သူတို့ကဆက်ပြောပါတယ်။ ဦးဖုန်းကြားရှင်ကို ထိုးကြွေးတာကြောင့် သူနိုင်လည်း တရုတ်ကနိုင်၊ သူရှူံးလည်း တရုတ်က နိုင်အုံးမှာဖြစ်တယ်လို့ ပြောကြပါတယ်။ သူစစ်တိုက်လို့နိုင်ရင်  ခွဲထွက်လွတ်လပ်ရေး အဆင့်ဆိုရင် ပြသနာရှိနိုင်တာမို့ပေးမရောက်စေဘဲတရုတ်က ဝင်ထိန်းပေးတဲ့ပုံစံနဲ့  ငြိမ်းချမ်းရေးခေါင်းစဉ်ပြကာ ဆွေးနွေးပွဲ စကားဝိုင်း၊ စင်ပေါ်ဖမ်းတင်ပြီး လာမဲ့ရွေးကောက်ပွဲမှာ ဝင်ခိုင်းလိုက်ပါက တရားဝင်အသိအမှတ်ပြုခွင့် ရသွားမှာဖြစ်တယ်။ အဲဒီအခါ ဦးဖုန်ကြားရှင်ဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အကြီးအကဲအဖြစ် ရွေးခံရပါက တရုတ်ရဲ့ ကြားခံနယ်မြေ၊ အိမ်ကြီးအထဲမှာ အိမ်ငယ်ဆောက်တာတရားဝင် ရသွားနိုင်ပါတယ်။ သူရှူံးရင်လည်း မြန်မာအစိုးရက အနောက်နိုင်ငံတွေကို မျက်နှာပေးလိုက်လျောမှူတွေ အကုန်ပေးလိုက်မှာစိုးလို့တုန့် သွားစေရေး သတိပေးခေါင်းလောင်းသံဖြစ်ပါတယ်၊ နောက်ဆုံး တရုတ်ဝင်ကယ်မှနယ်စပ် ငြိမ်းချမ်းရေးရမယ်ဆိုကာ ဦးဖုန်းကြားရှင်အား ထိုးကြွေးပြီး(ဖမ်းဆီးပေးမှူမလုပ်ရင်တောင်ရှိ တဲ့နေရာ သတင်းပေး) ကယ်တင်ရှင် လုပ်သွားနိုင်ကြောင်း မျိုးချစ်တပ်မတော်အရာရှိတွေ သုံးသပ်ကြပါတယ်။

တရုတ်တို့က လက်ရှိမြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီအစိုးရစစ်စစ်ပေါ်ထွန်းလာမှူအခြေအနေ ရွေးကောက်ပွဲမှာ ဖန်တီး မပေးရင် တရုတ်ကနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဗကပ အား နှိပ်ကွပ်ခဲ့သလို လုပ်လို့ရတယ်ဆိုတဲ့ အပေးအယူ Strategic Power Game ပြတာဖြစ်နိုင်တယ်လို့ မျိုးချစ်တပ်မတော်အရာရှိများက ဝေဖန်ကြပါတယ်။

သိသာထင်ရှားတဲ့ဖြစ်စဉ်တခုကတော့ ငြိမ်ချမ်းရေးစင်တာမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်း သဘောတူညီချက် ရရှိသွားတဲ့အပေါ် အမေရိကန်၊ကုလသမဂနဲ့အာဆီယံတို့က ကြိုဆိုတယ်ဆိုတာ ထုတ်ပြန်နေပေမဲ့ တရုတ်က သူ့လူတွေ(ကိုးကန့်၊ဝ၊မိုင်းလား)မပါလို့ အသံတိတ်နေတာ သိသာလွန်းတယ်လို့သူတို့က ထောက်ပြကြပါတယ်။

၁၅။    ယခုယူနန်ပြည်နယ်ထဲ ဒုတိယအကြိမ်လက်နက်ကြီးကျတဲ့ဖြစ်စဉ်ဟာ တရုတ်အစိုးရအား စိန်ခေါ်မှူ တရပ်ဖြစ်ပါတယ်။ တရုတ်နယ်ထဲကျတဲ့ လက်နက်ကြီးကျဉ်ဟာ တပ်ချူပ်ပြောသလို မဖြစ်ခဲ့ရင် တပ်ချုပ်ရဲ့ အနာဂတ် မရေရာမသေချာ ထိခိုက်သွားနိုင်တယ်။ အရင်တုံးကလည်း အစိုးရက တရုတ်ကို သွားတောင်း ပန်ပြီးပါပြီ၊ ဒါပေမဲ့ တပ်ချုပ်ရဲ့ ပြောဟန်တွေက လီဗာမြှင့်နေတာမို့ ပိုင်လို့ပြောတယ်လို့ယူဆရပါတယ်။  တပ်ချုပ်ပြောတဲ့အတိုင်း မှန်နေပါက ကိုးကန့်တွေ တရုတ်နယ်ထဲမှာ လိုက်လံဖမ်းဆီးခံရနိုင်ပြီး ခြိမ်းချောက် ခံရမဲ့အရေး ရင်ဆိုင်ရနိုင်ပါတယ်။ တရုတ်ဗဟိုအစိုးရက ဦးဖုန်ကြားရှင်အပေါ် ကရုဏာသက်နေတဲ့ ယူနန်ပြည်နယ်ကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်တယ်လို့ မျိုးချစ်တပ်မတော်အရာရှိများက ဆိုပါတယ်။ (စီစစ်ဆဲသတင်း)အရ ယူနန်ချန်ဒူး စစ်ဌာနချုပ်၊ သုတေသနမှ ကိုးကန့်ကို ထောက်ပံ့နေတဲ့ ဗိုလ်ချုပ်အဆင့်တစ်ဦး အပါအဝင် (၁၂) ဦးနဲ့ ဗုံးစက်ရုံတရုံကို ပီကင်းက စ ဖမ်းဆီးနေပြီ်လို့သိရပါတယ်။ ကိုးကန့်တွေနယ်စပ်ကိုဝင်လာရင် တရုတ်က လက်နက်သိမ်းပါတယ်။

၁၆။    အဆိုပါ အပြုသဘောဆောင်တဲ့ လုပ်ရပ်ကို တရုတ်က ဆက်မလုပ်ခဲ့ရင် မြန်မာပြည်သူလူထုနဲ့ တပ်မတော်တို့ရဲ့ မုန်းတီးရေးစိတ်ဓါတ် ပေါက်ဖွားလာမှာဖြစ်သလို အစိုးရက ထိမ်းသိမ်းနိုင်ဖို့အခက်အခဲရှိ သွားနိင်ပါတယ်။ တရုတ်ရင်းနှီးမြှပ်နှံမှူ ဗီယက်နမ်မှာ ဆန့်ကျင်ရေးထက်မြန်မာလူထုရဲ့မျိုးချစ်စိတ်ဓါတ်က  ပိုမိုပြင်းထန်ပါတယ်။ အဲဒီတုံးက တရုတ်-ဗီယက်နမ်စစ်ပွဲမှာ အနောက်နိုင်ငံတွေက ဗီယက်နမ်ကိုကူညီပေးခဲ့ တာမရှိပါ။ ကံအားလျော်စွာ ရုရှားနိုင်ငံတနိုင်ငံတည်း ထောက်ပံ့ပေးနေမဲ့ ယခုမြန်မာနိုင်ငံကျတော့ ပထဝီ အနေအထားအရ ပိုသာနေကာ အနောက်နိုင်ငံတွေ တအုပ်တမကြီး ရှိနေသလို တောင်တရုတ်ပင်လယ် ကိစ္စနဲ့စပ်လျဉ်းပြီး အာဆီယံနိုင်ငံအချို့နဲ့ဂျပန်တို့က တရုတ်ကို မုန်းတီးနေတာ သတိပြုစေလိုပါတယ်။ မြန်မာ-နိုင်လိုက်တဲ့ တရုတ်-မြန်မာစစ်ပွဲ(၄)ကြိမ်နဲ့ မြန်မာစစ်သူကြီးမဟာသီဟသူရ၊ တိမ်ကြားမင်းခေါင်တို့ရဲ့ အရိုးတွန်သံတွေမြည်လာပါလိမ့်မယ်။ ပါးစပ်က မထောက်ခံဘူး ပြောဆိုပေမဲ့ လက်တွေ့ပြဖို့လိုအပ်ပြီး  ယုံကြည်မှူပိုမိုတည်ဆောက်လာနိုင်မှာဖြစ်တယ်။  မီးစတဘက်၊ရေမှူတ်တဘက် Strategic Power Game  ကစားတါ ယနေ့ခေတ် ရှေးဟောင်းပြတိုက်မှာဘဲထားသင့်ပြီး မီးက ကိုယ်လက်ကို ပြန်ဟပ်တတ်ပါတယ်။

တရုတ်ကဗီတိုသုံးပေးခဲ့လို့ ကျေးဇူးရှင်ဘဲ ဆိုကာ အထက်စီးယူတတ်တဲ့အကျင့်၊ ကျေးဇူးမသိတတ်ရကောင်းလားဆိုပြီး မိန်းမလိုမိန်းမရ ရန်တွေ့နေသရွေ့လူထုနဲ့တပ်မတော်ကို ချွေးသိပ်နေရတဲံ့ အစိုးရအဖို့ဖိအား ပေးဒဏ်မခံနိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်း လမ်းပေါ်ရောက်သွားနိုင်ကြောင်း စသဖြင့် မျိုးချစ်တပ်မတော် အရာရှိများက ဝေဖန်ကြပါတယ်။

၁၇။    တရုတ်စစ်ကော်မရှင်ဒုဥက္ကဌ နဲ့ စစ်တပ်အကြီးအကဲကို သတိပေးချင်တာက တရုတ်နိုင်ငံရဲ့မဟာ ဗျုဟာမြောက်မိတ်ဆွေအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ထားတာဟာ တရုတ်သမ္မတဖြစ်ပြီး အကြောင်းရင်းက ပိုးလမ်းမကြီး မဟာဗျုဟာမြောက်စီမံကိန်းနဲ့တိုက်ရိုက်ဆက်စပ်နေတာဟာ မြန်မာနိုင်ငံ ဖြစ်နေတာ ကြောင့် အရေးကြီးဆုံး စီးပွါးရေးပါတနာဖြစ်ပါတယ်။ ဒါကြောင့်သမ္မတ၊အထက်လူကြီးရဲ့မူဝါဒကို တရုတ် တပ်ချုပ် တစ်ယောက်အနေနဲ့လေးစားလိုက်နာသင့်ပြီ ဆက်ပြီး ရန်လိုနေရင် တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး  မြန်မာတပ်ချုပ်အားတွေ့ခဲ့စဉ်က ပြောခဲ့တဲ့ တပ်မတော်အချင်းချင်းရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှူ၊ အရှိန်အဟုန်မြှင့်တင်လိုတဲ့ သူရဲ့ဆန္ဒရှိသလို ဖြစ်မလာတော့ဘဲ ရပ်တန့်သွားမှာဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်မှူ ပုံရိပ်ထိခိုက်သွားမှာဖြစ်တယ်။ တရုတ်တပ်မတော် အကြီးအကဲအနေနဲ့စစ်သားပီပီ တုံးတိတိပြောတတ်တဲ့  လူမိုက်စကားထက် သံတမန်စကားသင်ယူပြောသင့်ပါတယ်။ နိုင်ငံရေးမှာ အကျိုးစီးပွါးနဲ့ထိခိုက်လာရင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူ မရှိဘူး ဆိုတာ သတြိ့ပုရပါမယ်။ ယခုနယ်စပ်ကပ်လျက် မြန်မာတပ်များက ထိုင်လိုက်ပြီမို့ တရုတ်စစ်တပ်က ဘယ်လိုကိုင်တွယ်သွားမလဲ ဆိုတာ တံခါးဝတွင် အနီးကပ်စောင့်ကြည့်ခွင့်ရတော့မှာ ဖြစ်ကြောင်း မျိုးချစ်တပ်မတော်အရာရှိများက လက်တို့(ဗန်းစကား) သတိပေးလိုက်ရပါတယ်။

၁၈။    တပ်ချုပ်နဲ့ တရုတ်စစ်တပ်အကြီးအကဲ ရန်စောင်နေတာကို မြန်မာအစိုးရနဲ့တရုတ်အစိုးရတို့က  နှစ်ဖက်ကြားဝင်ပြီး ထိမ်းထိမ်းသိမ်းသိမ်း ညှိနှိုင်းလုပ်ပေးနေတာတွေ့ရပါတယ်။ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ တရုတ်သမ္မတနဲ့ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက် ဆွေးနွေးပေးခဲ့ပါတယ်။

တရုတ်ကလည်း ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ နိုင်ငံတော်ကောင်စီဝင် ပြောရေးဆိုခွင့်အဆင့် နံပါတ်(၃)ရှိ ထိပ်တန်းလူကြီးတို့ကိုစေလွတ်သလို တရုတ်နိုင်ငံခြားဆက်ဆံရေး ဒုဝန်ကြီး Mr Chen Fengxiang တို့ နေပြည်တော်ကို အသီးသီးရောက်လာကြပါတယ်။ ဒုဝန်ကြီးက မြန်မာတပ်ချုပ်ကို တွေ့ဆုံစဉ် တပ်မတော် အချင်းချင်း ရင်းနှီးမှူရှိရင်းစွဲကနေ ပိုမိုမြှင့်တင်စေလိုကြောင်း၊တရုတ်- မြန်မာ နှစ်နိုင်ငံ ပြည်သူ လူထုများအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ခိုင်မာစွာ တည်ရှိ ပါကြောင်း၊ ယင်း ချစ်ကြည် ရင်းနှီးမှုကို ယခုထက် ပိုမို တိုးတက်စေရန် မြန်မာ့ တပ်မတော် အနေဖြင့် ၀ိုင်းဝန်းအားဖြည့် လုပ်ဆောင် ပေးစေလို ပါကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိစ္စရပ်များ သာမက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တိုင်းတွင် တပ်မတော်သည် လွန်စွာ အင်အား တောင့်တင်း ခိုင်မာသည့် အဖွဲ့အစည်း အဖြစ် ပါဝင်ခဲ့ ပါကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်အကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန် မြင့်မားသည် ကိုလည်း သိရှိပါကြောင်း၊ တပ်မတော်ချင်း ဆက်ဆံရေး  ကောင်းမွန်ခြင်း သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာ စေနိုင်သဖြင့် ကဏ္ဍပေါင်းစုံ တွင် ပူးပေါင်းေ ဆာင်ရွက်မှုများ ပိုမိုမြှင့်တင် စေလိုပါကြောင်း၊ မြန်မာပြည် မြောက်ပိုင်း ကိစ္စရပ်များ အတွက် စိတ်ပူပန်မှု ရှိပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ကို ထောက်ခံ ပါကြောင်း၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် အပစ်အခတ် ရပ်စဲရေးကို မျှော်လင့် ပါကြောင်း၊ ယူနန်ပြည်နယ် အစိုးရ အနေဖြင့်လည်း မြန်မာ ဒုက္ခသည်များကို နေရာချထား ပေးရပါကြောင်း၊ မြန်မာပြည် မြောက်ပိုင်းနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အမျှော်လင့်ဆုံး ဖြစ်ပါကြောင်း၊ စသဖြင့် ပြောခဲ့ရာ တရုတ်ဒုဝန်ကြီးက တပ်ချုပ် တင်း နေတာကို အကြောဖြေဖို့ ကြိုးစားဟန်တူပါတယ်။

တပ်ချုပ်ကတုံ့ပြန် ပြောကြားရာမှာတော့ နိုင်ငံတစ်ခုတွင် တည်ငြိမ် အေးချမ်းမှု အရေးကြီး ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားပါက ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေ ပါကြောင်း၊ ဥပဒေနှင့်အညီ အစိုးရ ဖွဲ့စည်းထားသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်ခြင်းကို လက်ခံ၍မရပါကြောင်း၊  အဓိကအားဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လိုကြောင်း ၊ မဟာ ဗျူဟာမိတ်ဖက် နိုင်ငံ အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှု၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီစေလို ပါကြောင်းစသဖြင့်ပြောခဲ့ပါတယ်။

ဆိုလိုတာက – ကိုးကန့်အဖွဲ့လက်နက်ချပြီးမှသာ တရုတ်လိုလားချက်လုပ်နိုင်မှာဖြစ်ကြောင်း၊ဖြစ်နိုင်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကိုပင်လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်ရေး တရုတ်က ဖိအားပေးဖို့ တောင်းဆိုလိုက်တာတွေ့ရပါတယ်။တပ်ချုပ်ကလည်း မြန်မာ့နိုင်ငံရေးကို လေ့လာဖို့ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားဆက်ဆံရေး ဒုဝန်ကြီးအား စစ်တပ်အခေါ် Searching Fireနဲ့ စမ်းတောက်ကြည့်လိုက်ဟန် တူပါတယ်။

တပ်ချုပ်အနေနဲ့ ရည်ရွယ်ဟန်တူတာက လာမဲ့ ရွေးကောက်ပွဲမှာဘဲဖြစ်ဖြစ်၊ လွတ်တော်တွေမှာ ပုဒ်မ (၄၃၆၊ ၅၉-စ) အခြေခံဥပဒေပြုပြင်ပြောင်းလဲဖို့အတိုက်အခံတွေက ကြိုးပမ်းနေမှူအား တပ်က ပယ်ချပေးနေတာမို့ မြန်မာ့နိုင်ငံရေးကို စိတ်ပူကာ တရုတ်ဒုဝန်ကြီးအနေနဲ့ အချိန်ကုန်ခံပြီး လာလေ့လာနေရန် မလိုကြောင်း၊ တရုတ်ကသာ  လက်ရှိမြန်မာအစိုးရလိုမျိုးကို လိုလားတယ်ဆိုရင်  နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များအား တရားမဝင် ထောက်ပံ့ပေးနေမှူ ဖေါ်ထုတ်ရပ်စဲပြီး လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ခိုင်းတဲ့ အထိ ကူညီပေးသင့်တယ်လို့ ဆိုလိုတာဖြစ်နိုင်ကြောင်း မျိုးချစ်တပ်မတော်အရာရှိတွေက သုံးသပ်ကြပါတယ်၊။

၁၉။       လာမဲ့အပိုင်းတွေမှာ တပ်မတော်ပြုပြင်ပြောင်းလဲရေးနဲ့ငြိမ်းချမ်းရေး တိုက်တွန်းချက်တွေကို ဆက်လက်ဖေါ်ပြသွားပါ့မယ်။

(Photo – ကာချုပ် မင်းအောင်လှိုင်ဖေ့စ်ဘွတ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E Mr. Chen Fengxiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ဇေယျာသီရိဗိမာန်တွင် လာရောက် ဂါရ၀ပြုတွေ့ဆုံ။ နေပြည်တော် ၊ မေ ၁၉၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts