ရသဆောင်းပါးစုံ

စံပယ်ဖြူ – ရှေ့ဆောင်ကောင်းသော အမေ

 စံပယ်ဖြူ – ရှေ့ဆောင်ကောင်းသော အမေ
(မိုးမခ) မေ ၂၈၊ ၂၀၁၅

မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာမဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြပါတယ်။ ဒီအကြောင်းကိုစဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြ ကောင်းသော ကျွန်မရဲ့မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င်မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မတယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့နေရာမှာ ပညာ တတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီအမြဲဝတ်တဲ့ ကျွန်မတို့ အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီး ဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန် တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်း စာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက် တဲ့အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်းသိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက်တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန် မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ် သညာကောင်းရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကို ပြန်ပါတယ်။

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြ ပါတယ်။ တချို့က အပင်ပေါ်ကပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက် ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေးပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီးခေါ် ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာစိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီ နောက်ပိုင်း ခုချိန်ထိ ကျွန်မသစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိပါတယ်။ မျှော့ဆိုတဲ့သတ္တ၀ါက အမျိုးသမီးလမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူးပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝ တရားကိုမြတ်နိုးတဲ့ ကျွန်မရဲ့ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ့် ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။

လောကကို အကောင်းမြင် ကြည့်မယ်ဆိုရင်တော့ ကျေးလက်တောရွာမှာ ကြီးပြင်းခဲ့ပြီး၊ သာမန်တောင်သူလယ်သမား သား သမီးဖြစ်ခဲ့ရတာ ဘ၀အကြောင်း လက်တွေ့သိခွင့်ရတယ်လို့ ဆိုရပါမယ်။ အထူးသဖြင့် ပင်းပန်းဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံ နိုင်ခဲ့ကြတဲ့ အဖေနဲ့ အမေရဲ့ သားသမီးဖြစ်ရတာ တသက်စာ ဘ၀သင်ခန်းစာတွေ ရပါတယ်။ အဖေနဲ့ အမေကြောင့် ကျွန်မ တို့ မောင်နှမတွေ မချမ်းသာသော်လည်း ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ကြပါတယ်။ အမေက ကျွန်မတို့မိသားစု တခုလုံးကို လွှမ်းမိုးချုပ်ကိုင် ခဲ့သူပါ။ ငယ်ငယ်က ကျွန်မ သတိမထားမိတဲ့ အမေ့ရဲ့ အရည်အချင်းတွေကို အမေမရှိတော့တဲ့ နောက်ပိုင်းမှ တန်ဖိုးသိခဲ့ပါတယ်။ အမေ့အရိပ်၊ အမေ့ရဲ့အမူအကျင့်တွေက ကျွန်မဘ၀တခုလုံးကို လွမ်းမိုးထားပါတယ်။ ကျွန်မ အဖေ့လို အားနာတတ်ပေမဲ့၊ မတရားဘူးထင်ရင် တုန့်ပြန်ချင်တဲ့ အမေ့လိုစိတ်ဓာတ်က ပိုအားသန်ပါတယ်။

မိဘတွေ စီးပွားရေးမပြေလည်တဲ့ကြားက ပညာသင်ခဲ့ရလို့ ပညာတတ် အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ အဖေနဲ့ အမေ မရှိတော့တဲ့နောက်ပိုင်း ကျွန်မဘ၀ကို ကိုယ်တိုင်ပဲ့ကိုင်ပြီး၊ မယိုင်လဲအောင် ထိန်းကျောင်းတတ်ခဲ့ပါတယ်။ မိတ်ဆွေ သူငယ် ချင်းကောင်းတွေ၊ မိခင်လိုချစ်ခင်တတ်သူတွေနဲ့ တွေကြုံခဲ့ရလို့ ဘ၀ခရီးအကွေ့အကောက်တွေကို ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ ပါတယ်။ စာဖတ်ခြင်းကို ၀ါသနာပါခဲ့လို့ လောကစာပေ ဓမ္မစာပေတွေကို လက်လှမ်းမှီသလောက် ဖတ်ရှုလေ့လာဖြစ်ခဲ့တယ်။ လူ့သက်တမ်း တ၀က်လောက်ကို ဖြတ်သန်းပြီးခဲ့ပြီမို့ လောကသဘာဝ၊ ဓမ္မနဲ့အဓမ္မတွေကို ကွဲကွဲပြားပြား မြင်တတ်ပါတယ်။ လူ့ပတ်ဝန်းကျင်အပေါ် အမှုမဲ့အမှတ်မဲ့ မနေတတ်တဲ့ ကျွန်မ လူ့အဖွဲ့အစည်းမှာ လွဲချော်နေတဲ့အရာတွေကို အများနည်းတူမြင် ပါတယ်။

ကဗျာဆရာတွေက လောကကြီး လွဲချော်တိမ်းစောင်းနေတာတွေကို ကဗျာနဲ့ ပြန်တည့်မတ်နိုင်အောင် ကြိုးစားကြတယ်။ အမှန်တရား မြတ်နိုးတဲ့ စာရေးဆရာတွေက စာတွေရေးပြီး အမှန်တရားကို မြင်အောင်ပြတယ်။ ၀ါဒဖြန့်ချီရေးသမားတွေက ၀ါဒမှိုင်းတွေ တိုက်တယ်။ ဒီလို လူမျိုးစုံကြားမှာ အရှိကို အရှိတိုင်း မြင်ပါတယ်ဆိုတဲ့ ကျွန်မတို့ရဲ့ လူထုခေါင်းဆောင်က အမှန် တရားဘက်က ဖြောင့်ဖြောင့်ကြီးရပ်တယ်။ လူထုခေါင်းဆောင်ကို အများက အမေလို့ခေါ်ကြတော့ ကျွန်မက သူများယောင် တိုင်း လိုက်မယောင်ချင်ဘူး။ ဒါကြောင့် သူပြောတဲ့စကားတွေကို နားထောင်ကြည့်တယ်။ လောကသဘာဝကို အရှိအတိုင်း မြင်နိုင်သူမို့ အမေစုပြောတဲ့စကားတွေဟာ ဓမ္မလမ်းကြောင်းပေါ်မှာရှိနေပါတယ်။ မေတ္တာစိတ်ကြီးမားတဲ့ သူမရဲ့မျက်နှာကို ကြည့်လိုက်တိုင်း မိခင်တဦးလို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုစိတ် ချစ်ခင်စိတ် ဖြစ်မိပါတယ်။

ကျွန်မဘ၀မှာ မွေးမိခင်ရဲ့မေတ္တာကို အပြည့်အ၀ရခဲ့တယ်။ မိခင်ကဲ့သို့ ချစ်ခင်တတ်သော ဆရာသမားများရဲ့ မေတ္တာတွေကို လည်း ခံယူခဲ့ဖူးတယ်။ ချစ်ခြင်းမေတ္တာတွေအားလုံးထဲမှာ ပြည်သူတွေကိုချစ်တဲ့ အမေစုရဲ့ မေတ္တာကတော့ ကြီးမား ကျယ် ပြန့်တယ်။ ထူးခြား ခန့်ငြား ပါတယ်။ အမေစုက မြန်မာပြည်ရဲ့ မျှော်လင့်ချက်။ ဆင်းရဲဒုက္ခတွင်းက ရုန်းထွက်ဖို့ ကြိုးစားနေ သူတွေ၊ တရားမျှတ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးကို ဆာလောင်နေကြသူတွေအတွက် အမေစုက ကောင်းကင်မေမေ။ အမေစုအပေါ် ပြည်သူတွေရဲ့ လေးစားကြည်ညိုမျိုးကို အာဏာနဲ့အနိုင်ကျင့်ပြီး အတင်းအကြပ်လေးစားခိုင်းလို့ မရနိုင်တာ တကယ့်အမှန်တရားပါ။ ပြည်သူချစ်တဲ့ အမေစုကို ကျွန်မလည်း ချစ်ခင်စိတ်ဖြစ်မိတာ မေတ္တာရောင်ပြန်ဟပ်ခြင်း၊ သက် ရောက်မှုတိုင်းအပေါ် တန်ပြန်သက်ရောက်ခြင်း နိယာမကြောင့်ပါ။

ကျွန်မရဲ့ မွေးမိခင်နဲ့ အမေစု၊ မတူညီတဲ့ လူနှစ်ယောက်ကို ကျွန်မ နှိုင်းယှဉ်ကြည့်မိပါတယ်။ ကျွန်မတို့ အမေက ပညာအရည် အချင်း (၇) တန်း၊ လယ်သမားဇနီးတယောက်ပါ။ အမေစုက အောက်စဖို့တက္ကသိုလ်ဆင်း ပညာရှင် မိုက်ကယ်အဲရစ်ရဲ့ ဇနီး။ အမေ့ရဲ့ဖခင် ကျွန်မတို့ အဖိုးက ငယ်ငယ်က ဘုန်းကြီးကျောင်းသား၊ အိမ်ထောင်ကျတော့ လယ်ယာအလုပ် အင်းအလုပ်နဲ့ အသက်မွေးတဲ့ အညတရ လယ်သမား အင်းသမား။ အမေစုရဲ့ ဖခင်က မြန်မာပြည်ရဲ့လွတ်လပ်ရေးဖခင် အာဇာနည်။ ဘ၀ပေး အခြေအနေ မတူညီကြတဲ့မိခင်နှစ်ဦးမှာ တူညီတဲ့အရည်အချင်းတွေကို ကျွန်မ ရှာကြည့်မိပါတယ်။ ရှေ့ဆောင်လမ်းပြ ကောင်းခြင်း၊ ဘိုးဘွားအမွေဖြစ်တဲ့ ရိုးသားခြင်း ဂုဏ်ပုဒ်ကိုစောင့်ထိန်း လက်ဆင့်ကမ်းခြင်း စတဲ့ မိခင်ကောင်းတို့ ရှိအပ်သော ဂုဏ်အရည်အချင်းတွေကို တွေ့ရပါတယ်။ အမေရင်းက ကျွန်မတို့ မောင်နှမတွေအတွက် ပဲ့ကိုင်ရှင်။ အမေစုက မြန်မာပြည်ရဲ့ ပဲ့ကိုင်ရှင်။

ခေါင်းဆောင်ကောင်း ပီသတဲ့ အမေစုက ဆင်ခြင်တုန်တရား အပြည့်နဲ့ ခရီးကြမ်းကို ဖြောင့်ဖြောင့်သွားတယ်။ လောကဓံ လှိုင်းလုံးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်တယ်။ စွန့်လွတ်အနစ်နာခံတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့ သမီးပီသစွာ ရိုးသားဖြောင့်မတ်တယ်။ မှန်သောစကားကို ပြောတယ်။ သီလရှိတယ်။ တိုင်းပြည်အပေါ် စေတနာမှန်တယ်။ ပြည်သူတွေကို ချစ်တယ်။ လူကို လူလို တန်ဖိုးထားတယ်။ ဒီဂုဏ်ပုဒ်တွေကြောင့် လူတွေက အမေစုကို ချစ်ခင်လေးစားကြတယ်။ လူထု လေးစား ထောက်ခံမှုအားကောင်းတာကို အာဏာရူးတွေက သွေးကွဲအောင်လုပ်တယ်။ မသိနားမလည်သူတွေ အမေစု အပေါ် အကြည်ညိုပျက်ကြတယ်။ ဒါတွေ ၂၀၁၀-၂၀၁၅ မှာ ဖြစ်ခဲ့တဲ့ သမိုင်းအမှန်။ တချို့လူတွေ အမေစုအပေါ် အကြည် ညိုပျက်သွားပေမဲ့ သူ့မှာရှိတဲ့ ကြည်ညိုလေးစားစရာဂုဏ်ပုဒ်တွေ ပျက်မသွားတာကလည်း တကယ့်အဖြစ်မှန်။ အမေစုရေး ခဲ့တဲ့ သမိုင်းက ကျောက်ထက်အက္ခရာတင်တာထက် ပိုခိုင်မြဲပါတယ်။

မိခင်ဆိုတာ သားသမီးတွေ ကောင်းစားရေးကို ရှေးရှုပြီး၊ ကောင်းသောလမ်းကို ညွှန်ပြကြပါတယ်။ ပြည်သူတွေကို ချစ်တဲ့ အမေစုကလည်း ပြည်သူတွေ မှန်ကန်သောလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင် အမြဲလမ်းညွှန်ပြပါတယ်။ ကျွန်မတို့ အားလုံး မှန်ကန်သော လမ်းကြောင်းပေါ်မှာ ညီညီညာညာ လက်တွဲသွားကြရင် တိုင်းပြည်အနာဂတ်ကို ပြန်ပြီးအဖတ်ဆယ်နိုင် ပါတယ်။ ခုတော့ ထင်းအစည်းကပြေ၊ ငါနဲ့မတူ ရန်သူဖြစ်။ ပျက်နှာပြောင်တဲ့ အာဏာရူးတွေ ချယ်လှယ်သမျှကို စောင့် ကြည့်နေရတာ စိတ်မောရ အကုသိုလ်စိတ်တွေ ပွားများနေရပါတယ်။ တခါတလေ တိုင်းပြည် အကြောင်း မစဉ်းစားပဲ အေးရာအေးကြောင်း နေချင်စိတ် ဖြစ်မိပေမဲ့ နေလို့မရပါ။ အမေရင်းက ကျွန်မဘ၀တခုလုံးကို လွှမ်းမိုးထားသလို၊ အမေစုက ကျွန်မစိတ်ကို အတိုင်းအတာတခုလောက် လွှမ်းမိုးထားပါတယ်။ အမေစုအတွက် အသက်ကိုပေးရဲတယ်ဆိုတဲ့အထိ မဟုတ် ပေမဲ့၊ အမေစုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကူညီအားဖြည့်ပေးနိုင်ချင်ပါတယ်။

မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ကျွန်မတို့ မသိနိုင်သလို၊ ၂၀၁၅ အကုန်မှာ တိုင်းပြည်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ အတိ အကျ မပြောနိုင်ပါ။ သေချာတာတခုက အမေစုသည် တိုင်းပြည်ရဲ့ကံကြမ္မာကို ကောင်းစေချင်ခဲ့တယ်။ မိဘတွေက သား သမီးတွေအားလုံး စည်းလုံးချစ်ခင်ကြပြီး ကောင်းစားစေချင်သလိုမျိုး။ ကောင်းစေချင်လို့ ညွှန်ပြတာကို လိုက်နာဆောင်ရွက်မှ ကောင်းလာနိုင်မှာ။ ဒါပေမဲ့လည်း အမှန်ကို မမြင်တတ်တဲ့လူတွေ အားကောင်းနေသရွေ့ တိုင်းပြည်ရဲ့ အနာဂတ်က ရင်လေးစရာ။ ကမ္ဘာ့အလယ်မှာ ကျွန်မတို့ မြန်မာတွေ မျက်နှာငယ် ရတဲ့ဘ၀က လွတ်ဖို့လမ်းရှိပေမဲ့ လမ်းမပွင့်သေးပါ။ အမှန် တရားကိုမြတ်နိုးတဲ့ ပြည်သူတွေရဲ့ တွန်းကန်အားကြောင့် ဒီလမ်းပွင့်ပါစေ၊ ရှေ့ဆောင်ကောင်းတဲ့ အမေစု ကျန်းမာပါစေလို့သာ ဆုတောင်းမိပါတယ်။။

စံပယ်ဖြူ
၂၅.၀၅.၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts