တူမောင်ညို သူတို့အာဘော်

တူမောင်ညို – သင်္ကြန်အမြောက်သံမဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ

 တူမောင်ညို – သင်္ကြန်အမြောက်သံမဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ
(မိုးမခ) မေ ၂၃၊ ၂၀၁၅

ကျနော်အလေးထားဖတ်လေ့ရှိတဲ့သူတွေထဲမှာ ဆရာဝင်းထွဋ်ဇော်လည်း ပါဝင်ပါတယ်။  ဆရာဝင်းထွဋ်ဇော်ရေးတာတွေနဲ့ပတ်သက်ပြီး သဘာဝကျစွာပဲ ဆရာဝင်းထွဋ်ဇော်အမြင်တွေအပေါ်ကျနော့်အနေနဲ့ သဘောတူနိုင်တာလည်းရှိသလို၊ သဘော မတူနိုင်တာတွေလည်း ရှိပါတယ်။

(ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၄ စာမျက်နှာ ၂၁ မှာ)  ဖော်ပြထားတဲ့ ဆရာဝင်းထွဋ်ဇော်ရဲ့ “မြန်မာ့ဒီမိုကရေစီ တိုက်ပွဲနှင့် အဆုံးအဖြတ်ပေးမည့် အချိုးအကွေ့” ဆောင်းပါးအပေါ် ကျနော် အခုလိုပြန်လည်ဆွေးနွေးလိုပါတယ်။

– “သို့ပေမယ့် ‘ရွေးကောက်ပွဲသပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်းတခုအဖြစ် စဉ်းစားရလိမ့်မယ်’ ဆိုတဲ့ပြောဆိုမှု ဟာ သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံး လှန့်လုံးတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။

– ထိုအချက်ကို အာဏာရအုပ်စုအနေနဲ့လည်း ကောင်းစွာသိရှိထားပါလိမ့်မယ်။ သို့ပေမယ့် အုပ်စိုးသူတွေဟာ အင်အယ်လ်ဒီ မပါတဲ့ ရွေးကောက်ပွဲမှာအနိုင်ယူပြီး အစိုးရဖွဲ့မယ်ဆိုတဲ့ ခပ်တိမ်တိမ်အတွေးမျိုးတွေးရင်တော့ မှားသွားပါလိမ့်မယ်” တဲ့။

အထက်ပါအချက် ၂ ချက်ဟာ  ဆရာဝင်းထွဋ်ဇော်ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အချက်တခုချင်းအပေါ် လက်တွေ့ထဲက သာဓကအချို့ကို ဖော်ပြပြီးဆွေးနွေးပါရစေ။

ပထမဆုံးမြင်တွေ့နိုင်တာက အထက်ပါအချက် ၂ ချက်စလုံးကိုဖော်ပြရာမှာ ဆရာဝင်းထွဋ်ဇော်  ယတိပြတ်မပြောဝံ့တာကို သတိပြုမိကြမှာပါ။ (သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး/ ခပ်တိမ်တိမ်တိမ်အတွေးမျိုးတွေးရင်တော့) ဆိုတဲ့စကား လုံးတွေက မသေချာတဲ့သဘော၊ ဖြစ်လည်းဖြစ်နိုင်သလို/မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်တဲ့ မရေရာတဲ့သဘောတွေကို ကိုယ်စားပြုနေတယ် မဟုတ်ပါလား။  မယုံမရဲ သောကလို့ ဆိုရမလားဗျာ။

(NLD) နဲ့ပတ်သက်တဲ့ ပထမအချက်ကိုကြည့်ကြပါစို့။

ချွန်ထွက်လာပြီး “ခခွေး”လိုအတွင်းထဲ ပြန်ဝိုက်ခွေသွားတတ်တာမျိုးတွေ ဒီချုပ်ပါတီရဲ့ “တစ်သက် နှစ်ဘဝ” သက်တမ်း ကာလထဲမှာ ပြစရာသာဓကတွေများလှပါတယ်။ ထင်ရှားလှတဲ့သာဓက ၂ ခုကိုပဲ ရှေ့မျက်နှာနောက်ထား ဖော်ပြခွင့်ပြုပါ။

• သာဓက (၁)
၂၀၁၀ မတ် ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သော “  NLD ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း၊ အများ သဘောတူ၊ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချခဲ့ပါသည်၊ သဘောထားကွဲလွဲခြင်းမရှိပါ” ဟုကြေညာခဲ့သော NLD ဗဟိုဦးစီးအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်ကိုကြည့်ပါ။ (ထိုအစည်းအဝေးသို့ နေအိမ်အကျယ်ချုပ်ကျခံနေရသောဒေါ်စု၏ သဘာထား ၆ ချက်ကို ဦးဉာဏ်ဝင်းမှတဆင့် ပေးပို့ခဲ့ပါသည်။)

“အခု အစိုးရသစ်တခုရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။” ဆိုတဲ့ သဘောထားမှတ်ချက်အပေါ် ကနေ “NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခဲ့ကြတယ်” မဟုတ်ပါလား။ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ကိုယ်တိုင်ဆုတ်ဖြဲပစ်ခဲ့ကြတယ် မဟုတ်ပါလား။ ဒါ့အပြင် “ကျမရဲ့လစ်ဟင်းချက်” ဆိုတဲ့စကားနဲ့ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်” ဆိုတဲ့ကျမ်းသစ္စာကိုဆိုကာ လွှတ်တော်ထဲဝင်သွားခဲ့ကြတယ် မဟုတ်ပါလား။

• သာဓက (၂)
၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၉ ရက်အတွင်းမှာ လှုပ်ရှားခဲ့ကြတဲ့ ဒီချုပ်ကကြီးမှူးတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ဒေါ်စုရဲ့စိန်ခေါ်သံတွေ မိုးလုံးဟိန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစိန် ခေါ်သံတွေကိုဖြစ်မြောက်စေဖို့ အဓိကကျတဲ့လှုပ်ရှားမှု လိုက်ပါမလာနိုင်ခဲ့တာကို ဆရာဝင်းထွဋ်ဇော်လည်း သတိပြုမိမှာပါ။ လက်မှတ်ပေါင်း ငါးသန်းနီးပါး ၄,၉၄၁,၉၉၈ ရရှိခဲ့ပေမယ့်၊ လွှတ်တော်က အရေးမထားခဲ့ပါဘူး။ လွှတ်တော်နာယကကြီးက ခပ်ပြောင်ပြောင်ပဲပြောခဲ့တာပါ။ ဒီလှုပ်ရှားမှုဟာ လွှတ်တော်ပြင်ပမှာ လူထုကိုစည်းရုံးလှုံ့ဆောင်ပြီး ရယူခဲ့တဲ့ရလဒ်ပါ။ တ နည်းအားဖြင့် လူထုဆန္ဒပါ။ ငါးသန်းနီးပါးသော လူထုဆန္ဒကို ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတဲ့ လွှတ်တော်ကြီး ဂရုမထား ခဲ့ပါ၊ လက်တွေ့သိမြင်ခဲ့ကြရတာတော့  လွှတ်တော်ပြင်ပလှုပ်ရှားမှုကို လွှတ်တော်က အသိအမှတ်မပြုခဲ့ပါဘူး။

ဒီလိုသာဓကတွေရှိခဲ့ဖူးလေတော့ “သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံး လှန့်လုံး တွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး” ဆိုပြီး ကိုယ့်ဟာကိုယ် ရဲဆေးတင်နေရတဲ့သဘောဖြစ်ပါတယ်။

အာဏာရအုပ်စု (လက်ရှိအစိုးရ) နဲ့ပတ်သက်တဲ့ ဒုတိယအချက်ကိုကြည့်ကြပါဦးစို့။

၂၀၁၀ ရွေးကောက်ပွဲကို (NLD) မပါဘဲ/သပိတ်မှောက်တဲ့ကြားက ပြုလုပ်ခဲ့ပြီး “အရပ်သားအစိုးရ” ဖွဲ့ခဲ့တာကို ဆရာဝင်းထွဋ် ဇော် သိပြီးသားပါ။

သင်္ကြန်အမြောက်သံ မဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ။

ဒီလိုမှမဟုတ်ဘဲ၊သင်္ကြန်အမြောက်သံပဲဆိုရင်တော့ အာဏာရအုပ်စုကလည်း ပေါ့ပေါ့တိမ်တိမ်ပဲ သဘောထားပြုမူနေပါလိမ့် မယ်။ အဓိကအချက်ကတော့ သင်္ကြန်အမြောက်သံမဟုတ်ဘဲ၊ အဆံပါဖို့။ ခခွေးကဲ့သို့ ကွေးပြီးခွေမသွားဖို့လိုတာပါ။ ဒါ ကြောင့် ဆရာဝင်းထွဋ်ဇော်ရဲ့စိုးရိမ်ချက်ကိုကြည့်တဲ့အခါ ဒေါ်စုပြောဆိုချက်ကို (မရဲတရဲ) အလေးတင်းပြီး လက်ရှိအစိုးရကို ဖြောင်းဖျနေတာလို့ ကျနော်မြင်ပါတယ်။

ဒါ့အပြင်ဆရာဝင်းထွဋ်ဇော်က သူ့ဆောင်းပါးနိဂုံးပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေကို အောက်ပါလုပ်ငန်း ၃ ခုအတွက် ညီ ညွတ်စွာကြိုးပမ်းကြဖို့ တိုက်တွန်းနိုးဆော်ထားတာတွေ့ရပါတယ်။

– ဖွဲ့စည်းပုံပြင်ဆင်ရေး
– လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး
– လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးရေး

အထက်ပါလုပ်ငန်း ၃ ရပ်ဟာ အာဏာအုပ်စု (လက်ရှိအစိုးရ) လုပ်ပေးမှရမှာပါ။ သူတို့မှာလုပ်ပေးလိုတဲ့ဆန္ဒမရှိပါဘူး။ သင်္ကြန် အမြောက်မဟုတ်ဘဲ။ နိုင်ငံရေး ခြောက်လုံး လှန့်လုံးမဟုတ်ဘဲ။ ပြည်သူလူထုရဲ့ တကယ့်အင်အားကို တကယ်ပြသ နိုင်မှလည်း သူတို့ဆန္ဒ မြန်မြန်ရှိလာမှာပါ။ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ “၆ ပွင့်ဆိုင်” ကိုပဲကြည့်ပါ။

ဒီတော့ တကယ့်အင်အားပြသနိုင်ဖို့လိုသလို လူထုရဲ့ တကယ့် အင်အားနဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို အတည်ဖြစ် အောင် လည်းလုပ်ဖို့လိုပါလိမ့်မယ်။ ၄၃၆ ပြင်ဆင်ရေး “လက်မှတ် ၅ သန်း” အပေါ်၊ ပညာရေးဥပဒေပြင်ဆင်ရေးကျောင်းသားတွေရဲ့ “၄ ပွင့်ဆွေးနွေးပွဲဆိုင်ရလဒ်”အပေါ် သူတို့ ဘယ်လိုပြုမူသဘောထားခဲ့သလဲဆိုတာကို မမေ့ဖို့နဲ့ လေးနက်ဖို့လို ပါတယ်။

မော်လမြိုင်မှာပြောတဲ့ ဒေါ်စုစကားတွေထဲမှာတော့ “ ၅၉ (စ) ပြင်ပြောင်းမလား၊ မပြောင်းဘူးလား၊ စောင့်ကြည်ရမယ်၊ သတ္တိ ရှိရင်ပြောင်းမယ်၊ သတ္တိမရှိရင်မပြောင်းဘူး၊ ပြောင်းရင်ဘယ်လိုလုပ်မလဲ၊ မပြောင်းရင်ဘယ်လိုလုပ်မလဲ၊ ကျမတို့ နိုင်ငံရေး ပါတီတရပ်အနေနဲ့ ဒီကိစ္စတွေကတော့ စဉ်းစားထားပြီးသားလို့ပါ” လို့ ဆိုပါတယ်။ “သူ့အခြေအနေအချိန်အခါကျလို့ရှိရင် ကျမတို့ ရှင်းပြမှာဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

ဒါကြောင့် လူထုအင်အားနဲ့ ပြတ်ပြတ်သားသား ဖိအားပေးဖို့လိုပါတယ်။   အပေါ်ယံ မစို့မပို့သွားလုပ်ရင်တော့ အာဏာရအုပ်စု ပရိယာယ်ဝေဝုစ်မျိုးစုံအောက်မှာ အတွေ့အကြုံနဲ့ သင်ခန်းစာသစ်တွေသာ ထပ်မံရရှိနိုင်စရာရှိပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts