သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – လူဖြစ်ရင် ပြီးပြီ

 ငြိမ်းချမ်းအေး – လူဖြစ်ရင် ပြီးပြီ
(မိုးမခ) မေ ၂၁၊ ၂၀၁၅

‘လူမှောင်ခိုကူးမှုကြောင့် အတိဒုက္ခရောက်သူများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်မှ နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် အသင့်ရှိ’ ပါတဲ့..။  မလက္ကာရေလက်ကြား ပင်လယ်ထဲက လှေစီးဒုက္ခသည်တွေအတွက် ဗမာပြည် အစိုးရ နိုင်ငံရေးခြားရေးဝန်ကြီးဌာနက မေလ (၁၉) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ပါ။

ဒါက ဘာနဲ့ တူသလဲဆိုတော့ ဒေသခံတွေမပါဘူး၊ ဘယ်ကမှန်းမသိတဲ့ လူအုပ် အယောက် ၁၀၀ လောက်လာပြီး တိုက်ဖျက် မီးရှို့လုပ်တာကို မြို့ခံ လူထောင်ချီက အသာလက်ပိုက်ကြည့်ပြီး နောက်မှ လူသားချင်းစာနာထောက်ထားလို့ ဒုက္ခသည်စခန်း မှာသွား ခေါက်ဆွဲခြောက်ဝေတဲ့ စောင့်ရှောက်ပုံမျိုးနဲ့ တူနေပါတယ်။

ဒီကိစ္စရပ်ကြီးတခုလုံးကိုသုံးသပ်ရင် ‘ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ’ မှာ ‘ရိုဟင်ဂျာ ဘင်္ဂါလီတော့မပါ’ ဆိုတဲ့ စိတ် အခံကနေ ‘စ’ စကားပြောရပါမယ်။

ပြီးရင် နိုင်ငံသားတွေ၊ ဌာနေလူမျိုး တိုင်းရင်းသားတွေ၊ နိုင်ငံမဲ့တွေ စတဲ့ တည်ဆောက်ထားတဲ့ လူမှု-နိုင်ငံရေး သတ်မှတ်ချက် တွေကို ကျော်ရပါမယ်။

သူတို့ကို ဆောက်တည်ယူထားတဲ့ ဖွင့်ဆိုချက်မဟုတ်တဲ့ ရင်းခံသဘော ‘လူ’ ဖြစ်ကြောင်း လက်ခံရပါမယ်။  လူသားဂုဏ်ရည် သိက္ခာ အခွင့်အရေးနဲ့အညီ ဆက်ဆံဖို့က လူဖြစ်ရုံနဲ့ ရပါပြီ။  တရားမဝင်၊ တရားဝင်၊ နိုင်ငံသား ဘာသတ်မှတ်ချက်မှ မလိုပါ။  လူတစ်ယောက်ကို ဘာအကြောင်းနဲ့မှ တရားမဝင်ဘူး သတ်မှတ်လို့မရပါ။  လူဖြစ်တည်မှုကို ငြင်းလို့မရပါ။

လူဖြစ်ပြီဆိုတာနဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ စီးပွား၊ ကျန်းမာ၊ ပညာ ဘဝလုံခြုံမှုပေးနိုင်စွမ်းတဲ့ သူတို့နဲ့ဆိုင်တဲ့နေရာ လိုပါ ပြီ။  ဒီနေရာကို ရှာရပါပြီ။  ကိုယ့်နေရာက ဒီလို လူမှု-စီးပွား-ဘဝ-အသက် လုံခြုံမှု မပေးစွမ်းနိုင်တော့ဘူးဆိုရင် (ဆိုတဲ့ အချိန်) နေရာသစ်ကို ရှာခွင့် ရှိရပါမယ်။  တရားဝင်၊ တရားမဝင်၊ ခိုးကူး၊ နယ်စပ်ဖြတ်ကျော်၊ လှေစီး ဘာ သတ်မှတ်ချက်တွေကို မှ ကနဦး စဉ်းစားစရာမလိုပါ။

ဒီအဆင့်ဆိုရင် ဒီလူတွေ ပင်လယ်ထဲ ဘာကြောင့်ရောက်ရသလဲဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပါပြီ။

ဒီဖြစ်စဉ်အတွက် မူလထွက်ခွာရာဒေသ၊ ကမ်းဆိုက်ရာဒေသ အားလုံးမှာတာဝန်ရှိပါတယ်။  လူသားဂုဏ်ရည်နဲ့ ထိုက်တန်တဲ့ ပြုမူ ဆက်ဆံမှုမျိုး၊ အသက်လုံခြုံမှုပေးမှုမျိုး လုပ်ကို လုပ်ရပါမယ်။

နောက်ပိုင်းအဆင့်မှာတော့ နိုင်ငံသားဆိုတာ ဘာလဲ၊ တိုင်းရင်းသားဆိုတာ ဘာကိုအဓိပ္ပါယ်ဖွင့်သလဲ၊  တိုင်းရင်းသား ၁၄၄ မျိုးလား၊ ၁၄၅ မျိုးလား၊ ၁၃၅ မျိုးလား၊ တဲ လေးငါးအိမ် နဲ့ အုပ်စုကို လူမျိုးဆိုပြီး ခွဲမထုတ်ဘဲ ပိုကျစ်လစ်တဲ့ လူမှု၊ ဘာသာဗေဒ တွေနဲ့ သတ်မှတ်ပြီး အမျိုး ၅၀ ကျော်ပဲယူမလား။  ဘယ်လောက်ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာ သုတေသနပြုမှုတွေ ရှိသလဲ။  စစ်ဗိုလ်များ ခေတ်အဆက်ဆက် စိတ်အခန့်သင့်ရင် သင့်သလို၊ မသင့်ရင် မသင့်သလို ဖြုတ်၊ ထုတ်၊ ဖြည့် လိုတိုးပိုလျှော့ လုပ်ခဲ့တာတွေကို ဘယ်လို ဘယ်အချိန် ဘယ်စံ ဘယ်သုတေသနကို အခြေခံ ပြန်တည်ဆောင် ပြင်မလဲ။  ဒါတွေ ဆွေးနွေးရ ပါမယ်။

ပြီးရင် စကားလုံးဆိုင်ရာ အငြင်းပွားမှု၊ သတ်မှတ်မှု၊ အဓိပ္ပါယ်ဖွင့်မှုတွေပါ လုပ်ရပါမယ်။

တိုင်းရင်းသားလူမျိုးများ National Races, Races မှာ Race ကို ဇီဝဗေဒ သွင်ပြင် လက္ခဏာ ခြားနားမှုကို ရည်ညွှန်း အုပ်စု ခွဲမှုလို့ သတ်မှတ်ရပြီး Nationality မှာကျ Race လူမျိုးကို အခြေမခံ  နိုင်ငံသားကို အခြေခံရမှာမျိုးတွေ ဆွေးနွေးရပါမယ်။

ဇီဝဗေဒရုပ်သွင်ပြင် သိပ်မကွဲပြား မခြားနားလှပေမဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ နိစ္စဓူဝ ဓလေ့ အလေ့အထ (အား လုံးခြုံ – ယဉ်ကျေးမှု) မတူကွဲပြားတဲ့ ‘Ethnic’ ဖွင့်ဆိုမှုတွေအတွက် ဆွေးနွေးရပါမယ်။  Ethic, Indigenous / Native (ဌာနေ တိုင်းရင်းသား) အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ရောထွေးနေမှုတွေကိုလည်း ရှင်းလင်းရပါမယ်။

ပြီးတော့မှ ဒီလူအုပ်စုတွေရဲ့ ဝိသေသလက္ခဏာ (Specific Character)၊ အပေါ်ယံ လက္ခဏာ (Phenomenon) တွေ ကို မူတည်ပြီးတည်ရှိတဲ့ လူမျိုးဖြစ်တည်မှု Identity (လူ ဖြစ်တည်မှု မဟုတ်ပါ၊ လူဖြစ်တည်မှုက လူမှန်ရန် ငြင်းလို့ကို မရပါ၊ သတ်မှတ်စရာလည်း မလိုပါ – စကားချပ်)  ကွဲပြားမှုတွေအကြောင်းကို ဆိုရပါမယ်။

ဒီ လှေစီး ဒုက္ခသည်အရေးဟာ ‘လူမှောင်ခိုများ သတိထား’ ဆိုပြီး ဆောင်ပုဒ်ကြီးတွေချိတ် လူမှု၊ စီးပွား၊ နိုင်ငံရေး ကာကွယ်မှု၊ တိုးတက်စေမှု မပေး၊ မပြုလုပ်နိုင်တော့ ဘယ်တော့မှ မအောင်မြင်တဲ့ စီမံချက်သက်သက်မျိုးနဲ့ မရပါ။  တရားမဝင် ရွေ့ပြောင်း အခြေချမှု၊ နယ်စပ်ဖြတ်ကျော်မှု ပြဿနာသက်သက်လည်း ဖြေရှင်းလို့ မရပါ။ ဆိုခဲ့တဲ့ ဆွေးနွေးမှု အဆင့်တွေကို မဖြစ်မနေ ဖြတ်ကျော်မှသာ အလုံးစုံ အောင်မြင် ဖြေရှင်းနိုင်ပါမယ်။

နိဂုံးချုပ်ရရင် တရားမဝင်တဲ့ လူသားဆိုတာ ဘယ်သူမှမရှိပါ။  လူဖြစ်ရင် ပြီးပါပြီ။ လူသာ ပဓာနပါ။  နိုင်ငံသားလား၊ ရွှေ့ပြောင်း အခြေချသူလား၊ ခိုးဝင်လားဆိုတာတွေထက် လူဖြစ်ကြောင်းကို ဘယ်သူမှငြင်းလို့မရကြောင်း၊  လူမှန်ရန် လူသားဂုဏ်အင်နဲ့ ထိုက်တန်တဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ နိုင်ငံရေး၊ လွတ်လပ်ခွင့်၊ ခံစားခွင့်ရှိရမှာ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
မေ ၂၁၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာမှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts