စာစုတို

ကိုသစ် (သီတဂူ) လက်ညှိုးညွှန်ရာ မြေဖြစ်သတဲ့လား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကိုသစ် (သီတဂူ) လက်ညှိုးညွှန်ရာ မြေဖြစ်သတဲ့လား
(မိုးမခ) မေ ၁၆၊ ၂၀၁၅

(တစ်)
ယခုတလော ဟိုးလေးတကျော် ဖြစ်နေသော အသံများမှာ ကြပ်တယ် ကြပ်တယ် ဟူသောအသံနှင့် သိမ်းတယ် သိမ်းတယ် ဟူသော စကားသံများပင်ဖြစ်သည်။

ရန်ကုန်မြို့ရဲ့ ဘယ်နေရာကိုပဲ သွားသွား ကြပ်တယ် ကြပ်တယ်ဟူသောအသံကို လူတိုင်းဆီမှ ကြားနေရပါသည်။ လှည်း တန်းမှာလည်း ကြပ်၊ မြေနီကုန်းမှာလည်း ကြပ်၊ သမိုင်းမှာလည်း ကြပ်၊ မြို့ထဲမှာလည်း ကြပ်၊ ဗိုလ်တစ်ထောင် ကြပ်၊ ဘုရား လမ်းမှာ ကြပ် စသည်စသည်ဖြင့် ဘယ်နေရာကိုပဲသွားသွား တကြပ်တည်း ကြပ်နေပါတော့သည်။ ဆယ်မိနစ်လောက်သွားရမည့်နေရာကိုပင် နာရီနှင့်ချီ၍ ကြာတတ်သည်ဖြစ်ရာ တချို့ကားသမားတွေက အဆိုပါ ကားကြပ်သောနေရာများဆီသို့ သိပ် မလိုက်ချင်ကြတော့။ အထူးသဖြင့် နေ့ပြန်တိုးယူ၍ မောင်းသော အငှားကားများဆိုလျှင် မြို့ထဲဆို လက်ရှောင်ချင်ကြသည်။ “အုံနားကြေးက တရက် တသောင်းခွဲပေးရတယ်။ လမ်းတွေက တအားပိတ်၊ ကားတွေက အရမ်းကြပ်တော့ မဆင်မပြေ ဘူးပေါ့။ မနေ့ကဆိုရင် အုံနာကြေးမပြည့်လို့ အိပ်ထဲကစိုက်ပေးလိုက်ရသေးတယ်”  ဒါကတော့ ရန်ကုန်မြို့ရှိ အငှားယာဉ် မောင်းတဦး၏ အသံများပင်ဖြစ်သည်။

စာဖတ်သူ စိတ်တော့မဆိုးနဲ့ဗျ။ စည်းကမ်းလိုက်နာမှု အားနည်းသည့်အပိုင်းတွင် ကျနော်တို့လူမျိုးတွေလည်း ကမ္ဘာ့အဆင့် မီသည်ဟု ကျနော့်မိတ်ဆွေတစ်ယောက်က ပြောပါသည်။

ပလက်ဖောင်းတွေပေါ်မှာ သူ့ထက်ငါ အလုအယက် ဆိုင်တွေဖွင့်ကြသည်။ လူတွေက လူသွားလမ်းအတွက်ပြုလုပ်ထားသည့် ပလက်ဖောင်းပေါ်မှာပင် သူတို့ဆိုင်တွေကို မနည်းလွတ်အောင် ရှောင်သွားနေကြရသည်။ ပလက်ဖောင်းဆိုသည်မှာ ပြည်သူ ပြည်သားတွေ စိတ်အနှောင့်အယှက် ကင်းကင်းဖြင့် စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ အတွက်ပင်ဖြစ်သည်။ ဘာကြောင့် သည်ပလက်ဖောင်းတွေပေါ်မှာ ဈေးဆိုင်တွေ ဖွင့်နေကြတာပါလိမ့်။ စုံစမ်းကြည့်တော့ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းဖို့ သည်လူတွေက စည်ပင်ကို ပိုက်ဆံပေးရသည်တဲ့။ စည်ပင်ကလည်း ပိုက်ဆံရတော့ ရောင်းခွင့်ပေးသည်ဆိုပါတော့။ တော် တော်ငတ်ကြီးကြတဲ့ စည်ပင်၊ ဘာဖြစ်ပါစေ ညာဖြစ်ပါစေ ဟု မိတ်ဆွေတယောက်က ကျိန်စဲပါတော့သည်။ ပလက် ဖောင်းဆိုတာ ဈေးရောင်းတဲ့ နေရာမှ မဟုတ်ပဲဗျာ ဟု မိတ်ဆွေကပြောပါသည်။

တချို့နေရာတွေမှာ ညနေစောင်းလျှင် ကားလမ်းအစွန်တွေမှာပင် ဆိုင်တွေဖွင့်လာကြ ပြီဖြစ်သည်။ ဆိုင်တွေက ကားလမ်း ဘက်အတွင်းမှာရောက်နေတော့ ကားတွေက သွားလို့မရတော့ဘူးပေါ့။ ညဈေးလို့ ခေါ်ကြတယ်။ ညဈေးဖွင့်ချိန်ရောက်ရင် ကားလမ်း တချို့ ပိတ်လိုက်သလိုမျိုးဖြစ်သွားတာတွေရှိတယ်။ ကားလမ်းပေါ် ဈေးတက်ရောင်းတာမျိုးကတော့ အမြင်မတော် ဘူးပေါ့။ ဒါပေမယ့် ဒီလိုပဲ လုပ်ကိုင်စားနေရတော့တာပဲ။ စည်ပင်ကိုတော့ နည်းနည်းပါးပါး ပေးရတာပေါ့။ ကျနော့်အမြင် ကတော့ ပလက်ဖောင်းတွေပေါ်မှာ ကားလမ်းတွေပေါ်မှာ ဈေးဆိုင်တွေ မဖွင့်စေချင်ဘူး။

ဆူးလေဘုရားဝန်ကျင်ရဲ့ ညနေခင်းကို တကွေ့တပတ် လျှောက်ပတ်ကြည့်လိုက်သည်။ ညနေခင်းဆိုင်ခင်းဖို့ ပြင်ဆင်နေကြ လေပြီ။ တချို့ ပလက်ဖောင်းပေါ်မှာ။ တစ်ချို့က ကားလမ်းအတွင်းဘက်ကို ခုံကလေးတွေချဖို့ တာဆူနေကြသည်။ လူတွေ ရဲ့ အသံကို ကြားနေရသည်။

ကြပ်တယ် ကြပ်တယ်….။

(နှစ်)
နောက်ထပ်ကျယ်ကျယ်လောင်လောင်ကြားနေရသည့် အသံကတော့ သိမ်းတယ် သိမ်းတယ် ဟူသော အသံများပင်ဖြစ်သည်။ သည်အသံကတော့ ပိုကျယ်သည်ဟု ထင်ပါသည်။ တနိုင်ငံလုံး သိမ်းလိုက်သည့် မြေတွေ။ ယာတွေ သိမ်း၊ တောင်တွေလည်း သိမ်း။ အိမ်တွေလည်း သိမ်းပေါ့။ ဘုန်းတော်ကြီးကျောင်းတွေတောင် အသိမ်းခံ အဖျက်ခံရသည့်အထဲ ပါလိုက်သေးသည်။ ဘုရားတွေ ရွေ့၊ ကျောင်းတွေ မ။ တသိမ်း ထဲသိမ်းလိုက်နေလိုက်ကြတာ။ ပြည်သူတွေကတော့ဖြင့် မျက်ရည်နှင့်မျက်ကွက် မပြတ်ပါလေတော့။

ကုမ္ပဏီတွေက မြေတွေသိမ်း။ စီမံကိန်းတွေက မြေတွေသိမ်း၊  စစ်တပ်ကလည်း မြေတွေသိမ်း။ တံတားနဲ့ မလွတ်လို့ဆိုလည်း အသိမ်းခံလိုက်ရတာပါပဲ။ ဆည်တွေ အတွက်လည်း အသိမ်းခံရ၊ ကားလမ်းတွေဖောက်တော့ ချဲ့တော့လည်း အသိမ်းခံရနဲ့ သည်သံသရာကြီးထဲမှာ ပြည်သူတွေကတော့ ပက်လက်တွေမျော မှောက်ခုံတွေ မှောက်လိုမှောက်၊ ကျွမ်းပျံသူ ပျံနဲ့။ မြန်မာပြည်ကြီးက ဖြစ်ပျက်နေလိုက်တာ မြင်မကောင်း ရှုမကောင်း။ ပြည်သူတွေကတော့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းလည်း မသိတော့။ မျက်ရည်ကလေးတွေ ဝေ့လို့။ သည်အတိုင်းပဲ ပေပြီး ခံနေရရှာတော့တာပါပဲ။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကတော့ မြေယာပြဿနာတွေကို အချိန်မဆွဲဘဲ ဖြေရှင်းပေးဖို့ သမ္မတဆီကို သ၀ဏ်လွှာ ပေးပို့သတဲ့။ ၂၀၁၃၊ သြဂုတ်လ ၂၉ ရက်နေ့က သ၀ဏ်လွှာမှာ ဖတ်လိုက်ရတာ။

(သုံး)
စစ်အစိုးရလက်ထက်ကစလို့ တနိုင်ငံလုံး နေရာအနှံ့အပြားမှာ သိမ်းယူခဲ့သော မြေဧကပေါင်း မြောက်များစွာရှိပါသည်။ တချို့တချို့သော အာဏာရှိသူတွေ မြေယူပုံက ကြောက်ကြောက်စရာ။ လက်ညှိုးနဲ့ထိုးပြလိုက်ပြီး ဟောဟိုနားကနေ သည် အနားအထိ ငါယူမယ်ဟုပြောလိုက်ရုံမျှဖြင့် သူ့မြေဖြစ်သွားပါတော့သည်။ မြေစာရင်းတွေ ဘာတွေပေါက်ပြီးသား။ သည်မြေ သည် သူပိုင်သောမြေပေါ့။ သည်လိုလူများစွာက ဟိုနားလက်ညှိးထိုးလိုက်၊ သည်နားလက်ညှိုးညွှန်လိုက်နှင့် လက်ညိုးညွှန်ရာ သူတို့မြေ။ ပေးပေး မပေးပေး ငါ့မြေဆိုသော အထာမျိုးနှင့်။ ကသောင်းကနင်းနိုင်လွန်းလှသည်။

တပ်တခုတည်းက သိမ်းထားတဲ့မြေက ဧကနှစ်သိန်းကျော် ရှိသတဲ့။ ကိန်းဂဏာန်း အတိအကျဆိုလျှင်ဖြင့် ၂၄၇ ၀၇၇ ဒသမ ၀၆ ဧကပါတဲ့။  သည်အထဲက ၁၅ ရာခိုင်နှုန်းကို ပြန်တော့မယ်ဆိုလို့ ၀မ်းသာလို့မှ မဆုံးသေးဘူး။ ရွှေတိဂုံဘုရားနားက မြေကွက်ကြီး ကိုသိမ်းပြီး ဒဂုံစီတီး ဆောက်တာကို ဆက်မဆောက်ဖို့ ကန့်ကွက်သံတွေက ညံထွက် လာပြန်ပါတော့သည်။
လက်ညှိုးညွှန်ရာ မြေကွက် ငါ့မြေကွက်၊ လက်သိပ်ထိုးမြေကွက်၊ လက်တလုံးခြား မြေကွက် စသဖြင့် စသဖြင့် လျင်သူ စား စတမ်း ခပ်ကြမ်းကြမ်း မြေဇာတ်လမ်းတို့ဖြင့် ဗရမ်းပတာဖြစ်နေကြရာသည်အဖြစ်တွေက ကျနော်တို့တိုင်းပြည်၊ ကျနော် တို့လူမျိုးအတွက် ရုပ်ဆိုးအကျည်းတန်လွန်းလှပါတော့သည်။

မြန်မာရာဇ၀င်တွင် အလောင်းစည်သူမင်းသည် လက်ညှုးညွှန်ရာ ရေဖြစ်သည်ဟု အဆိုရှိပါသည်။ လက်ညှိုးညွှန်ရာ မြေဖြစ် နေခြင်းတွင် ပြည်သူတို့၏ အနာဂါတ်တွေ ပါသည်။ အိပ်မက်တွေ ပါသည်။ ပြည်သူတို့ရဲ့ ဘ၀တွေက ဖရိုဖရဲနိုင်လွန်းလှသည်။
ပြည်သူတို့ဘ၀၊ ပြည်သူတို့ အနာဂါတ်ကို နောက်ကျောလုံလုံဖြင့် တည်ဆောက်ဖို့ အသိမ်းသံသရာကြီး ရပ်ဖို့ရန်မှာ လက်ရှိ အစိုးရ၏ တာဝန်တရပ်ဖြစ်ပါသည်။ အရှေ့အနောက် တောင်မြောက် ဘယ်အရပ်ကိုမှ ငါ့မြေ ငါ့ယာဟူသော စိတ် ဖြင့် လက်ညှိုးမထိုးကြစေလိုပါ။ အသိမ်းသံသရာကြီး ရပ်ပါတော့။

ကိုသစ် (သီတဂူ)
၁၃၊ ၅၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts