Han Thit Naing ဓာတ်ပုံသတင်း သတင်းပဒေသာ

The 35th Anniversary of passing of Bamaw Tin Aung

ဦးဝင်းတင် အားအကျဆုံး နိုင်ငံရေးသမားက ဘယ်သူလဲ
ဟန်သစ်နိုင် ။ အောက်တိုဘာ ၂၅၊ ၂၀၁၃

 နိုင်ငံရေးလှုပ်ရှားမှုထဲတွင် အားအကျဆုံးပုဂ္ဂိုလ်မှာ ဗန်းမော်တင်အောင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀ါရင့်ခေါင်းဆောင် ဦးဝင်းတင်က           ပြည်သူ့သတင်းစာဆရာ၊ ပြည်သူ့စာရေးဆရာ ဗန်းမော်တင်အောင်၏ (၃၅)နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၃ ရက်နေ့က ကျင်းပစဉ် ပြောကြားလိုက်သည်။
        “ခေတ်ရဲ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ ဗန်းမော်တင်အောင်ရဲ့ နောက်ဆုံးစကား၊ ကျွန်တို့အရေးကြီးဆုံးက ခေတ်ရဲ့တာဝန်တွေကို ကျွန်တော်တို့အားလုံး ထမ်းရမယ်” ဟု ဦးဝင်းတင်က ပြောသည်။
        

ထိုနောက်ဆုံးစကားသည် အလွန်အရေးကြီးသောစကား၊ အလွန်အရေးကြီးတဲ့ Massage ဖြစ်ကြောင်း၊ ကိုတင်အောင်ပေးခဲ့သော နိုင်ငံရေးလမ်းညွှန်၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအသိတွေ ဖော်ပြနေတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆကြောင်း ဦးဝင်းတင်က ရှင်းပြသည်။
           ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားခဲ့သလို နယ်ချဲ့ဆန့်ကျင်ရေးကိုလည်း ရွံ့ရွံ့ချွန်ချွန် လူထုဘက်မှရပ်တည်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ စာရေးနေတာသက်သက် စာရေးဆရာ သက်သက် မဟုတ်ဘဲ လူထုလှုပ်ရှားမှုတွင် ထဲထဲဝင်ဝင် အနစ်နာခံ ထောင်တန်းကျခံပြီး လုပ်ခဲ့ကြောင်း၊ သူ့ဘဝ၊ သူ့ဆွေမျိုးအတွက်ထက် အများအကျိုးအတွက်ကို အရေးပေးကြောင်း၊ ဗန်းမော်တင်အောင်သည်အလွန်အားနာတတ်ပြီး သူတပါးအပေါ် နာကျည်းစိတ်၊ အပြစ်မြင်တဲ့စိတ် မရှိဘဲ မကောင်းတာမမြင်တတ်ကြောင်း၊ မိမိထောင်ထဲရောက်ချိန်တွင် ဗန်းမော်တင်အောင် ကိုကိုးကျွန်းရှိစဉ်အခါက ရေးခဲ့ဖူးသောဝထ္ထုရှိခဲ့ဖူးသည်ဟု ကြားရကြောင်း၊ထိုဝထ္ထုကိုဖတ်ဖူးခဲ့သောသူများရှိခဲ့သောကြောင့် လိုက်လံရှာဖွေဖော်ထုတ်ပြီး မှတ်တမ်းတင်သင့်ကြောင်း၊အာဏာရှင်တွေကိုတိုက်နေတာ၊ မတရားမှုတွေကိုတိုက်နေတာ၊ နယ်ချဲ့ကိုဆန့်ကျင်နေတာ ပြည်သူတွေရဲ့သဘောထားတွေဟာ ဗန်းမော်တင်အောင်ရဲ့ တတ်ကြွလန်းဆန်းတဲ့ စကားလုံးတွေဖြစ်ကြောင်း၊ ဗန်းမော်တင်အောင်သေသွားပေမဲ့ သူ့ရဲ့နိုင်ငံရေး၊ သူ့ရဲ့စာပေတွေဟာ ယနေ့အချိန်ထိမသေသေးဘဲ အမြဲတမ်းတက်ကြွလန်းဆန်းနေဆဲဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

            ဗန်းမော်တင်အောင်ကို ၁၉၂၀ ခုနှစ်၊ ဇွန် (၉) ရက် ပဲခူးမြို့တွင်မွေးဖွားပြီး ဖခင်မှာ ကျောင်းဆရာ ဦးနေ၊ မိခင်မှာ ဒေါ်စောမြိုင်ဖြစ်သည်။ ၁၉၃၈ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ ၌ အလုပ်သင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်သည်။ တာရာမဂ္ဂဇင်း၊ လင်းယုန်မဂ္ဂဇင်းတို့တွင်လည်း အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့သည်။
      ဗန်းမော်တင်အောင်သည် စာပေဖြင့် တင်ပြရုံသာမက လူထုလှုပ်ရှားမှုများတွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့သည် ၁၃၀၀ပြည့် အရေးတော်ပုံတွင်လည်း ပါဝင်သူဖြစ်သည်။ ဖဆပလ အစိုးရလက်ထက်တွင် ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသော စာရေးဆရာဖြစ်ပြီး အိမ်စောင့်အစိုးရလက်ထက်တွင် ဒုတိယအကြိမ်ဖမ်းဆီးခံရသည်။ တတိယအကြိမ်တွင် ကိုကိုးကျွန်းသို့ပို့ဆောင်ခံရပြီး ရက် (၄၀) အစာငတ်ခံတိုက်ပွဲတွင် ပထမအသုတ်မှပါဝင်ခဲ့သူဖြစ်သည်။ အကျဉ်းထောင်နှင့် ကိုကိုးကျွန်းတို့တွင် စုစုပေါင်း (၁၆) နှစ်မျှနေထိုင်ခဲ့ရသည်။ 

      သူ၏ အထင်ရှားဆုံးဝထ္ထုမှာ “ဘုန်းမောင်တစ်ယောက်ထဲရယ်” စာအုပ်ဖြစ်ပြီး လုံးချင်းဝထ္ထုပေါင်း (၄၅)အုပ်မျှရှိသည်။ ဝထ္ထုတိုပေါင်းများစွာ၊ ဆောင်းပါးပေါင်းများစွာ၊ ဝထ္ထုတိုပေါင်းချုပ်၊ မဂ္ဂဇင်းအခန်းဆက်ဝထ္ထုရှည်များ၊ သမိုင်းစာအုပ်များ၊ နိုင်ငံရေးသဘောတရားကျမ်းများအပါအဝင် စာအုပ်ပေါင်းများစွာတို့ကို ရေးသားခဲ့သည်။ သတင်းစာဆရာ၊ စာရေးဆရာဘဝဖြင့် ကွယ်လွန်သည့်အချိန်ထိ ရပ်တည်နေထိုင်သွားခဲ့သူဖြစ်သည်။
        ဗန်းမော်တင်အောင်သည် ၁၉၇၈ ခုနှစ် အောက်တိုဘာ(၂၃) ရက်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts