Yan Naung (Bo Ta Htaung) ဖြစ်ရပ်များ၊ အမှတ်တရများ

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ်

ဦးဆောင်သူခေါ်ရာ ယုံကြည်စွာလိုက်ခဲ့တယ် 

ရန်နောင်(ဗိုလ်တထောင်) မိုးမခ မေ ၁၄ ၂၀၁၅




၂၀၁၃ ခုနှစ်မှာ ဒီလှိုင်းမှာ သင်တန်းတက်ဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ ဝါသနာပါရာ သတင်းတိုထွာလေးတွေ ရေးနေရာက ပိုမိုရေးဖြစ်အောင် ဒီလှိုင်းက ဖွင့်တဲ့ မီဒီယာသင်တန်းမှာ တက်ဖြစ်လိုက်တဲ့အခါ သတင်းလောကကို ခြေစုံပစ်ဝင်ရောက်ဖို့ ဖြစ်လာခဲ့တယ်။

ဒီမှာတင် ဆရာဇာနည်ရဲ့ မိုးမခ နဲ့ ဆုံဆည်းခဲ့ရတာပေါ့။
ဆရာဇာနည်က သတင်းအချို့ကို စမ်းသပ်ရေးခိုင်းပြီး သူ့ရဲ့ ဧရာဝတီဘလော့၊ မိုးမခဘလော့ နဲ့ ဝဘ်ဆိုက်တွေမှာ ကိုယ့်သတင်းလေးတွေ တင်ပေးတော့ ပီတိလေးတွေ စားသုံးပြီး ပျော်ခဲ့ရတာပေါ့လေ။

၂၀၁၃ နှစ်ကုန်ပိုင်းလောင်တွင်တော့ မိုးမခရဲ့ ပဲ့ကိုင်ရှင် ဆရာမောင်ရစ် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်။ သူလာရောက်ခဲ့ချိန်ကစလို့ ကျနော့်ဘဝ တဆစ်ချိုးပြောင်းခဲ့ပြန်ခဲ့တယ်။
ဆရာရစ်နဲ့ စစတွေ့တဲ့နေရာကလည်း ယခုတော့ သမိုင်းဝင်နေရာသဖွယ်ဖြစ်နေတဲ့ ဘဘဦးဝင်းတင်ရဲ့ ကျောက်ကုန်းက အိမ်လေးမှာပေါ့။ ဆရာရစ်နဲ့ ဘဘတို့ ရင်းနှီးခင်မင်စွာ စကားပြောနေတာကို ဓါတ်ပုံတွေရိုက်ရင်း အားကျကြည်နှူး ခဲ့ရတယ်။

နောက် ဆရာရစ်က သူ ဒီပြည်တွင်းမှာ မဂ္ဂဇင်းတစောင် ထုတ်ချင်ကြောင်း၊“ မိုးမခ” မဂ္ဂဇင်းလို့ပဲ အမည်ပေးထားကြောင်း နှင့် ဝိုင်းကြဝန်းကြ ကူညီကြဖို့ စာပေအသိုင်းအဝိုင်းများကို အကူအညီတွေ တောင်းပေးပြီး သူနေထိုင်ရာ အမေရိကားကို ပြန်သွားခဲ့တာပေါ့။

မိုးမခ မဂ္ဂဇင်းထုတ်ဝေခွင့် ရဖို့ စိစစ်ရေးရုံးကိုသွား ၊ ဖောင်တင် ရုံးပိုင်းဆိုင်ရာကိစ္စများကို အားလုံးလုပ်ဆောင်ပြီးပေမဲ့ မိုးမခ မဂ္ဂဇင်းက တော်တော်နဲ့ မထွက်နိုင်ခဲ့ပါဘူး ။ စာပေစိစစ်ရေးက ကဒ်ကလည်း ရက်(၆၀)ပြည့်ရင် အသစ်ပြန်လျှောက်ရမလိုဖြစ်နေတဲ့ အချိန်မှာ အတော်ကို အားစိုက်ပြီး မိုးမခ မဂ္ဂဇင်း အတွဲ(၁) ၊အမှတ်(၁) ကို မတ်လ မှာ ထွက်ရှိနိုင်အောင်လုပ်ခဲ့ရတာပေါ့။

မိုးမခ မဂ္ဂဇင်း အမှတ်(၁) မှာ ဘဘဦးဝင်းတင်ဟာ သူ့ရဲ့ နောက်ဆုံးဆောင်းပါးအဖြစ် ရေးသားနိုင်ခဲ့သလို သူဆေးရုံပေါ်ရောက်နေချိန်မှာ မြင်တွေ့ခွင့်ရခဲ့အောင်လည်း လုပ်ဆောင်နိုင်ခဲ့တာပေါ့။
မိုးမခ မဂ္ဂဇင်း မိတ်ဆက်တဲ့ အခမ်းအနားကိုတော့ ရုံးစိုက်ရာ ဟုမ်းမီဒီယာခန်းမ မှာပဲ မေလဆန်းမှာ မိတ်ဆက်ပွဲ နဲ့ မိုးမခ စကားဝိုင်းကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်။

ဘကြီးမိုး၊ ဆရာဖေမြင့်၊ ဆရာငြိမ်းသစ် တို့က ဆွေးနွေးပြီး ဆရာမောင်လွင်မွန်(ကသာ)က အခမ်းအနားမှူး လုပ်ခဲ့တဲ့ မိုးမခစကားဝိုင်းလေးဟာ တော်တော်ကို ကောင်းတဲ့စကားဝိုင်းလေးအဖြစ် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ မိုးမခ အမည်နာမ တွင်ကျယ်စေခဲ့တာပေါ့။
တကယ်တော့ မိုးမခ ဟာ အွန်လိုင်းမီဒီယာလောကမှာ ဆယ့်တစ်နှစ်ကျော်ကြာ အောင်မြင်ရပ်တည်ခဲ့တာကြာပါပြီ။ ယခု အချိန်မှာ ပြည်တွင်းမှာ ပရင့်မီဒီယာ အနေနဲ့ ဝင်ရောက်ထိုးဖောက်နေရာယူခဲ့တာ တနှစ်ျေက်ာအကြာမှာတော့ မိုးမခ ရဲ့ရပ်တည်မှု မှန်ကန်မှုကြောင့် ပြည်တွင်းက စာဖတ်ပရိတ်သတ်များလည်း မိုးမခ ကို အသိအမှတ်ပြုလာကြပါတယ်။

ဆရာရစ် ဟာ ပြည်ပမှာနေထိုင်ပေမဲ့ ပြည်တွင်း၊ပြည်ပက မိုးမခဝိုင်းတော်သားများနဲ့ နေ့စဉ်လိုလို တွေ့ဆုံပြီး မိုးမခ အစဉ်တိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးစားနေသူ တယောက်ပါ။ ဒီနှစ်လည်း ဆရာရစ် တယောက် တခေါက်တခါ အရောက်ပြန်လာခဲ့တယ်။ သူ့ရဲ့ ဘိုးဘွားတွေ ရာပြည့် နှစ်မို့ ဓါတ်ပုံပြပွဲ လုပ်မလို့တဲ့။ သူတယောက်ထဲ ဓါတ်ပုံတွေရှာ၊ သူရှာလို့မရတာ တွေ အကူအညီတောင်းရှာ နဲ့ ရာပြည့်ဓါတ်ပုံပြပွဲဟာ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။

 

ကျနော်တို့ကတော့ အဆိုတော် ခင်ဝမ်းသီချင်းထဲကလို ဆရာရစ် ခေါ်ဆောင်ရာကို ယုံကြည်စွာ လိုက်ခဲ့ကြပါတယ် ။ မိုးမခ ရဲ့ အောင်မြင်မှု အသီးအပွင့်ကို ပီတိဖြစ်ဂုဏ်ယူစွာ ခံစားရင်းနဲ့ မိုးမခ တနှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာတိုင်
“ ဦးဆောင်သူခေါ်ရာ ယုံကြည်စွာ လိုက်ခဲ့မယ် ” လို့ ကတိပေးရင်း ဆက်လက်ချီတက်ကြပါစို့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts