ရသဆောင်းပါးစုံ

ဝတ်မှုန် (စင်္ကာပူ) – အီးလ်မေး မသုံးတတ်သော ဖေ့ဘုတ်ကျွမ်းကျင်သူများအကြောင်း

ဝတ်မှုန် (စင်္ကာပူ) – အီးလ်မေးမသုံးတတ်သော ဖေ့ဘုတ်ကျွမ်းကျင်သူများအကြောင်း
(မြန်မာခေါင်းဆောင်များ ဖေ့စ်ဘုတ်နှင့် အီးလ်မေး)
(မိုးမခ) မေ ၁၃၊ ၂၀၁၅
======
Rich Dad & Poor Dad စာအုပ်ထွက်ခဲ့ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ စာရေးသူ ကိုယ်တိုင် သူ့စာအုပ်ဟာ စာအုပ်ကောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ လူကြိုက်များတဲ့စာအုပ်ဖြစ်ပါတယ်..လို့ စင်ကာပူနိုင်ငံရောက်တုန်း အင်တာဗျူးရာမှာ ပြောခဲ့ပါတယ်။ စာအုပ်က လူတွေကို မြှောက်ပင့်ပေးသလို လူတိုင်း သူဌေးဖြစ်နိုင်တယ်။ ဆင်းရဲသားအဖေ အရင်းအကျင့်ဆိုးတွေထက် ချမ်းသာတဲ့အဖေ (တနည်းအားဖြင့် – ပထွေး) အကျင့်ကောင်းတွေကို နာခံလိုက်လျှောက်ဖို့ ရေးထားတာဖြစ်ပါတယ်။ အထူး သဖြင့် တိုးတက်တဲ့နိုင်ငံများရဲ့ စတော့ရှယ်ယာ၊ ဘွန်း စတဲ့ရင်းနှီးမြှုတ်နှံမှုများနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။မြန်မာပြည်က စစ်အာဏာရှင် ဦးသန်းရွှေအစိုးရ၊ အခု သမ္မတဦးသိန်းစိန်အစိုးရတွေကို အဖေအရင်းလို့သတ်မှတ်ပြီး၊ ပြည်ပ ရောက်မြန်မာများ သူတို့ရောက်တဲ့နိုင်ငံက အစိုးရတွေကို အဖေသစ်လို့ သတ်မှတ်ချင်ပါတယ်။အဖေအရင်းဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရမှာ တကယ်လုပ်နေတဲ့ အစိုးရဝန်ကြီး၊  ဒုဝန်ကြီးတွေ .. ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ စစ်တပ်ပုံစံ၊ နှုတ်မိန့်နဲ့ အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။• နှုတ်မိန့်နဲ့ စာမိန့်
တကယ်မြန်မာနိုင်ငံသမိုင်ဝင် အဖြစ်ပျက်တစ်ခုမှာ  စည်းကမ်းအလွန်လိုက်နာတဲ့ စစ်ဗိုလ်လေးကို ဗိုလ်ချုပ်အောင်ဆန်းက နှုတ်မိန့်နဲ့ အရေးကြီးတဲ့အလုပ်တခုကို လုပ်ခိုင်းတယ်။ စစ်ဗိုလ်လေးက စာနဲ့ရေးပေးပါဆိုလို့ စာရွက်မှာရေးပြီး၊ ဗိုလ်ချုပ် အောင်ဆန်း လက်မှတ်ထိုးပေးလိုက်တဲ့ စာရွက်ကလေး သမိုင်းဝင်ရှိနေပါတယ်။ တကယ်တော့ စစ်တပ်မှာ အရေးကြီးတာတွေ နှုတ်မိန့်နဲ့ပဲ အထက်အရာရှိက၊ လက်အောက်ငယ်သားများကို အမိန့်ပေးရင်၊ လိုက်နာရပါတယ်။အခု မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် နှစ်ပေါင်း ၅၀ ကြာခဲ့ပြီး၊ အရပ်ဖက်ဌာနများအားလုံး နှုတ်မိန့်ပေးမှ လုပ်တဲ့အကျင့်၊ လူကြီးကခေါ်ပြောမှပဲ အလုပ်စလုပ်ရဲတဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်ကပ်နေပါတယ်။ ဟိုးစစ်အာဏာရှင်ခေတ်က ကိုယ် ကြိုက်သလို မလုပ်ရဲ။ စာနဲ့ပေနဲ့ထွက်ထားတဲ့ စည်းကမ်းကိုလည်း မလိုက်နာရဲ၊ လူကြီးကို လိုက်ရှာပြီး လုပ်လိုက်ရမလား မေးရပါတယ်။ လုပ်လိုက် ..ဆိုမှ မရဲတရဲနဲ့ လုပ်ပါတယ်။ အလုပ်မတော်လို့ ပြသနာဖြစ်သွားရင် ရာထူးက ပြုတ်သွားတာထက် ထောင်ကျ၊ မိသားစု ဆင်းရဲဒုက္ခရောက်မှာမို ငြိမ်နေရတာ။ နှုတ်မိန့်ကိုပဲ စောင့်ပြီး လုပ်ရင်းလုပ်ရင်း  နောက်ဆုံး တိုင်းပြည် လည်း ဖွတ်ဖွတ်ကြေ မွဲသွားပါတော့တယ်။

အခု သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ နှုတ်မိန့်မပေးရင် မလုပ်ဘူး။ ငါတို့ကြိုက်သလိုလုပ်မယ်ဆိုတဲ့ ဒီမိုကရေစီ ဖြစ်နေ ပါပြီ။ လုပ်ပိုင်ခွင့်တွေကို ကိုယ့်အခွင့်အရေး တနည်းအားဖြင့် အဂတိလိုက်စားဖို့ အုပ်စုလိုက် ဝိုင်းလုပ်၊ ဝိုင်းစား ဖြစ်နေပါတယ်။ လူကြီးကလုပ်လိုက်လို့ စာနဲ့ရေးပေးလည်း အောက်ကဝန်ထမ်းတွေက လက်ဆောင် (ပိုက်ဆံ) တောင်းတာပါပဲ။ လူကြီးကို ပေးရတာ လူကြီးရတာ။ ကျနော်တို့လည်း ပေးပါဦး..လို့ ပေါ်တင်တောင်းကြပါတယ်။ လူကြီးက အမှုတရာမှ တခါလောက် နှုတ်မိန့်နဲ့လုပ်ပေးလိုက်ဆိုတာမျိုးတော့ မတောင်းရဲပါဘူး။ ဒီစနစ်ကြီး ဖြစ်နေပါတယ်။

• အီးမေးလ် မပြန်တတ်သူများ

မြန်မာ အစိုရထိပ်တန်းလူကြီးတွေ၊ စစ်ဗိုလ်ဟောင်းတွေ၊ နောက်ဆုံး လွှတ်တော်အမတ် အသက် ၄၀ ကျော်တွေအားလုံး အီးလ်မေး မဖတ်တတ်၊ မပြန်တတ်ရှာပါဘူး။ ငါ့အီးလ်မေးကို ပို့လိုက်ပါ ..ပြောပြီး ပို့လိုက်တော့လည်း ဘာမှပြန်မလာပါဘူ။ မြန်မာခေါင်းဆောင်တွေအလုပ်က စာနဲ့၊ အီးမေးနဲ့လုပ်တာ မဟုတ်ပါ။ စည်းဝေးခေါ်ပြီး နှုတ်မိန့်နဲ့လုပ်တာဖြစ်ပါတယ်။ ဒါ ကြောင့် အစည်းဝေးတွေ အမြောက်အများ၊ ဥပမာ လျှပ်စစ်ဥပဒေလုပ်မယ်ဆိုရင် ဝန်ကြီးဌာနအားလုံးနီးပါးက ကိုယ်စား လှယ်တွေခေါ်ပြီး စည်ဝေး၊ ငြင်းခုန်၊ တရွေ့ရွေ့နဲ့ပဲ ရွေ့ပါတယ်။ အစိုးရထိပ်ပိုင်း လူကြီးတွေကလည်း နှုတ်မိန့်လာတောင်း ခံရင်လဲ မသိတာများနေပါတယ်။ အီးလ်မေး မဖတ်တတ်တာ အလွန်ဆိုးပါတယ်။

ဒါပေမဲ့ တယ်လီဖုန်းလွတ်လပ်ရေးရတဲ့ ဒီ (၄) နှစ်အတွင်းမှာ ဖေ့စ်ဘုတ်တော့ ကောင်းကောင်း လုပ်တတ်လာပါတယ်။ ဖေ့စ်ဘုတ်မှာ ဓါတ်ပုံတင်တယ်။ စာချုပ်တွေ ဓါတ်ပုံရိုက်ပြီး တင်ပြတယ်။ ဗွီဒီယိုတွေအထိ တင်နေကြပါပြီ၊ အင်တာနက် လိုင်းသိပ်မကောင်းသေးတော့ လူမသုံးတဲ့ ညသန်းကောင်းကျော်၊ မနက်စောစော အင်တာနက် ဖေ့စ်ဘုတ်၊ ဗိုင်ဘာတွေ အသုံးပြုရင် လိုင်းကွန်နက်ရှင် မြန်ပါတယ်။

အီးလ်မေးနဲ့ ဖေ့စ်ဘုတ်၊ ဗိုင်ဘာ တူညီတဲ့အချက်တွေကတော့ ချက်ချင်းရောက်သွားပါတယ်။ စကားပြောချင်ရင်လဲ ခလုပ်နှိပ်ပြီး အခမဲ့ အွန်လိုင်းတယ်လီဖုန်း ပြောနိုင်ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယို၊ ဖိုင်တွေကို ချက်ချင်းပို့ပေးနိုင်ပါတယ်။ အုပ်စုတွေ ဖွဲ့ထားပြီး လူပေါင်း ထောင်၊ သောင်းချီ၊ တချက်တည်းနဲ့ အီးမေးလိုပဲ ပို့ပေးနိုင်ပါတယ်။

မတူညီတဲ့အချက် ၊ တနည်းအားဖြင့် ဖေ့စ်ဘုတ်၊ ဗိုက်ဗာရဲ့ အားနည်းချက်ကတော့
၁။ Search လူတွေ၊ ဓါတ်ပုံတွေ၊ ဖိုင်တွေကို လိုက်ရှာဖို့ အလွန်ခက်ပါတယ်။ သုံးတာများရင် အရင် ၃ ရက်လောက်က ပို့ထားတာကို မနည်းပြန်ရှာရပါတယ်။ ဖေ့စ်ဘုတ် ဆာဗာ Server က အီးမေးလောက် မကောင်းပါဘူး။ ရှာလို့ မလွယ်ပါဘူး။

၂။ အီးမေးမှာ ဟိုတုန်းကပို့ထားတဲ့ အီးမေးအားလုံး၊ ဖိုင်အားလုံးကို အာခိုက် Archive လိုခေါ်တဲ့ သိမ်းထားတဲ့ နည်းလမ်း များနဲ့ ထိန်းသိမ်းထားနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ နှစ်ကျော် အီးလ်မေးတွေကိုလည်း ပြန်ရှာလို့ရပါတယ်။ ကွန်ပြူတာ ပျောက်သွားရင်တောင် မိန်းဖရိမ်၊ ဆာဗာတွေမှာ မပျောက်မဆုံးအောင် သိမ်းထားလို့ရပါတယ်။ ဖေ့စ်ဘုတ်၊ ဗိုင်ဘာတို့က ဒါမျိုး လုံးဝမလုပ်နိုင်သေးပါဘူး။

၃။ ကွန်ပြူတာ ပျောက်သွားရင်လည်း ရောက်တဲ့နေရာ၊ တကမ္ဘာလုံးက အင်တာနက်ကဖေး ဖြစ်စေ၊ မိမိမိတ်ဆွေရဲ့ ကွန်ပြူ တာမှာပဲ ဖြစ်စေ အီးမေးကြည့်လို့ရပါတယ်။ တယ်လီဖုန်းမှာလဲ အီးမေးကြည့်လို့ အလွယ်တကူရပါတယ်။ ဖေ့စ်ဘုတ်၊ ဗိုက်ဗာတွေလည်း ဖုန်းပျောက်သွားရင်လဲ ကြည့်လို့ရပါတယ်။

နောင်အနာဂါတ်မှာတော့ မိုဘိုင်းဖုန်းနဲ့ လက်ကလေးတို့လိုက်ရင်၊ ကိုယ်လိုချင်တာ ကြည့်လို့၊ လုပ်လို့ရတဲ့ မိုဘိုင်းဖုန်းကို ကိုယ်နဲ့မကွာသယ်သွားရမှာဖြစ်ပါတယ်။ ကွန်ပြူတာကတော့ ကီးဘုတ်နဲ့မောက်စ် (၂) ခုကို သုံးနေရဦးမှာဖြစ်ပါတယ်။ ကွန်ပြူ တာကီးဘုတ်က လက်နှိပ်စက်ရိုက်ရတာ မြန်တယ်ဆိုပေမဲ့ အခုခေတ်လူငယ်လေးများ လက်နဲ့တို့ပြီး မြန်မာစာ၊ အင်္ဂလိပ် စာများကို လက်နှစ်ဖက်သုံး ရိုက်နေတာ အလွန်မြန်ပါတယ်။ ကီးဘုတ် စာလုံးရိုက်သလို မြန်ဆန်ကြပါတယ်။

• အီးလ်မေး အနာဂါတ်အသုံးပြုမှု
တခါက အမေရိကားမှာ အမျိုးသမီးတယောက် ဟိုတယ်စားပွဲထိုးအလုပ်လျှောက်တာ အီးလ်မေးရှိသလား မေးတော့၊ မရှိ လို့ဆိုပြီး အလုပ်မခန့်ဘူး ဆိုတဲ့ ဇတ်လမ်းကြားဖူးပါတယ်။ အခုခေတ်ကတော့ အထူးသဖြင့် အီးလ်မေးမရှိတဲ့ မိန်းမတွေ များ စွာရှိနေပါတယ်။ မြန်မာပြည်ကတော့ အီးမေးခေတ်ကနေခုန်ပြီး ဖေ့စ်ဘုတ်၊ ဗိုင်ဘာခေတ်ကိုရောက်သွားတော့ အမျိုးသမီး တိုင်း အီးလ်မေးရှိစရာမလိုတော့ပါ။

ဘယ်လိုပဲဖြစ်ပါစေ၊ အီးလ်မေးကတော့ နောက်ထပ် ၃ နှစ်လောက်ထိ ကမ္ဘာ့ဆက်သွယ်ရေး အဓိကအဖြစ် သုံးနေဦးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း၊ ဖေ့ဘုတ်၊ ဗိုင်ဘာ၊ ဂူဂယ်တော့ခ်၊ စကိုက်ပ် စတဲ့ ဆက်သွယ်ရေးနည်းပညာများ လူတစ်ဦးချင်းဆီတော့ အလွန်ကျယ်ပြန့်စွာရောက်နေပါပြီ။ အစိုးရရုံး၊ ကုမ္ပဏီများ၊ ကျောင်းသားများကတော့ ဆက်သွယ်ရေးအဖြစ် အီးလ်မေးကိုပဲ သုံးရမှာဖြစ်ပါတယ်။ Fax ပို့ခြင်းကတော့ ဇတ်လမ်းသိမ်းသွားပြီဖြစ်ပေမဲ့ တချို့ ရှေးဟောင်းအစိုးရရုံးများက Fax နည်းကို သုံးနေဆဲဖြစ်ပါတယ်။

၂၀၁၁ တုန်းက၊ အစိုးရသစ်ဖြစ်လာတာနဲ့ အဖွဲ့အစည်းတခု အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ဖို့ လျှောက်တယ်။ မြန်မာ စစ်အစိုးရဟောင်းက အဖွဲ့အစည်းဆို အသေကြောက်တယ်။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ဖြတ်သိမ်းထားတာ ၁၉၆၂ ကတည်းကပါ။ အစည်းအရုံးတွေတော့ အစိုးရထိန်းကွတ်မှုအောက်မှာ မှတ်ပုံတင်ပေးပါတယ်။  အဲဒီအချိန် အဖွဲ့အ စည်းတစ်ခု မှတ်ပုံတင်တာ ဒိန်ဒေါင်၊ ဒိန်ဒေါင်နဲ့ ၂ နှစ်ကျော်လည်း ဘာမှမထူးခြားပါဘူး။ နောက်ဆုံး အဖွဲ့အစည်းက လူငယ်ဖွံ့ဖြို့ရေး အမည်က၊ ဒိန်ဒေါင်အဖွဲ့လို့ပဲ ဆိုပါတော့။ ဝန်ကြီးတွေအထိ မှတ်ပုံတင်တဲ့လူက ပေါက်ရောက်ပေမဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လုပ်မပေးဘူး။ နောက်ဆုံး ဝန်ကြီးများစွာရှေ့မှာ သူ့အဖွဲ့အစည်း မှတ်ပုံတင်ခွင့်မကျသေး ကြောင်း နှုတမိန့်နာခံတယ်။ တာဝန်အရှိဆုံး ဝန်ကြီးကမေးတယ်… ခင်ဗျားတို့အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က ဘာလဲဆို တော့၊ ချက်ခြင်းပဲ ဖြေလိုက်တာ. .. လူတိုင်း အီးလ်မေးတတ်အောင်သင်ပေးမဲ့အဖွဲ့ပါ .. ဟုတ်လား၊ ချပေးလိုက်… လို့ နှုတ်မိန့်ကျလာတော့၊ တလအတွင် မှတ်ပုံတင်ခြင်း ပြီးဆုံးသွားပါတယ်။

• နိဂုံး အနေနဲ့ကတော့…
Rich Dad ချမ်းသာတဲ့အဖေက အီးလ်မေးကောင်းကောင်း တတ်နေပေမဲ့ Poor Dad ဆင်းရဲတဲ့အဖေကတော့ အီးလ်မေး မလုပ် တတ်သေးပါဘူး။ ၁၆ နှစ် သားသမီးက အီးလ်မေးတဖွတ်ဖွတ် တလအတွင်း ကျွမ်းကျင်စွာ မေးမြန်းတတ်မြောက်သွားပေမဲ့ ၊ အသက်ကြီးတဲ့ ဖခင်အဖို့ သင်ယူဖို့လည်း ခက်နေပါတယ်။ မြန်မာခေါင်းဆောင်များ ဖေ့စ်ဘုတ်၊ ဗိုက်ဘာ အလွန်ကျွမ်း ကျင်နေသော်လည်း အီးလ်မေး မသုံးတတ်သေးပါဘူး။

ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts